Faithful Companion of Jesus FCJ
 


#ယေဇူး၏သစ္စာရှိသောမိတ်ဆွေများအသင်းဂိုဏ်းအကြောင်း (၂၀၁၉)
သမိုင်းအကျဉ်းချုပ်
သခင်ယေဇူး၏ သစ္စာရှိသော  မိတ်ဆွေများ (FCJ) အသင်းဂိုဏ်းကို သန့်ရှင်းသောကြာသပတေးနေ့ကြီး  သက္ကရာဇ်(၁၈၂၀)ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ အေးမီး(စ်) မြို့၌ မာရီ မာဒလင်း  (Marie Madeleine d’Houet)  (1781 – 1858)မှ  စတင်တည်ထောင်ခဲ့ပါသည်။ ထိုမှစ၍ သခင်ယေဇူး၏ သစ္စာရှိသော  မိတ်ဆွေများ (FCJ) အသင်းဂိုဏ်းသည်  နိုင်ငံပေါင်း (၁၆) နိုင်ငံ ပြန့်ပွား သာသနာပြုလျှက် ရှိကြပါသည်။ အသင်းဂိုဏ်း၏ နှစ်(၂၀၀) ပြည့်ပွဲတော်ကို လာမည့် ၂၀၂၀ မတ်လ(၂၀)ကျင်းပသွားပါမည်။ နှစ်(၂၀၀)ပြည့်ပွဲကို (၂၀၁၉)စက်တင်ဘာ (၂၁) ရက်နေ့၊ မာရီ မာဒလင်း၏ မွေးနေ့မှစတင်ပြီး (၂၀၂၀) နိုဝင်ဘာလ(၂၂) ခရစ္စတူးဘုရင်ပွဲနေ့တိုင်အောင်ကျင်းပ သွားမည်ဖြစ်ပါသည်။ကျွန်မတို့၏  မိခင်ကျောင်းတော်ကြီးကတော့ လန်ဒန်မြို့၌တည်ရှိပါသည်။

ရည်ရွယ်ချက်၊ ဦးတည်ချက်
သစ္စာရှိစွာ သခင်ယေဇူး၏ နောက်တော်သို့ မယ်တော်နှင့် သန့်ရှင်းသောသူတော်သူမများကဲ့သို့ ကားတိုင်ခြေရင်းတွင် သခင်ယေဇူး၏ သစ္စာရှိသောမိတ်ဆွေများအဖြစ် လိုက်လျှောက်ရန်နှင့် ဘုရားသခင်၏နိုင်ငံတော်ရောက်ရှိရန် သခင်ယေဇူး၏ပြင်းပြသော တောင်းတမွတ်သိပ်မှု၌ တစ်လုံးတစ်ဝတည်းရှိရန် ယေဇူး၌  တစ်ဦးနှင့်တစ်ဦး မိတ်ဆွေရဲဘော်၊ ရဲဘက်များအဖြစ် သခင်ယေဇူး၏ သစ္စာရှိသောမိတ်ဆွေများ အသင်းဂိုဏ်းသီလရှင်များသည် စိန့်အိန့်နီးရှတ်၏ ဝိညာဉ်ရေးရာကျင့်ကြံပြီး ဘုရားရှင်အား အရာအားလုံး၊ လူသားများအားလုံးနှင့် နေရာဒေသများ အားလုံး ၌ ရှာတွေ့ရင်းဖြင့် သာသနာပြုလျက်ရှိကြပါသည်။

သာသနာပြုခံယူချက် (မစ်ရှင်) 
သခင်ယေဇူး၏ သစ္စာရှိသောမိတ်ဆွေများအဖြစ် သခင်ယေဇူးနှင့်သာသနာပြုကြရင်း၊ FCJ အခြေခံစည်းမျဉ်းရှိသည်နှင့်အညီ  မယ်တော်နှင့် သန့်ရှင်းသောသူတော်သူမများကဲ့သို့ သတင်းကောင်းဝေငှရန်၊ သခင်ယေဇူးသည် ကျွန်ုပ်၌ ရှင်သန်လျက်ရှိနေသော အမှန်တရားဖြစ်ကြောင်းနှင့် လောကအပြစ်ကိုကယ်ချွတ်သော ဘုရား၏သားတော်ဖြစ်ကြောင်း ကြေညာဝေငှရန်  ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသာ မဟုတ်ပဲ ကျွန်ုပ်တို့မည်သူဖြစ်သည် နှင့် လုပ်ဆောင်ချက်များအားလုံးပေါင်းစပ်လျက်  သခင်ယေဇူး၏ သစ္စာရှိသောမိတ်ဆွေများအဖြစ်  ဘဝတစ်ခုလုံးပေးဆပ် ဆက်ကပ်သွားရန် စေလွတ်ခံရသောသူများဖြစ်ကြပါသည်။

သာသနာပြုနေသောနိုင်ငံများ
သခင်ယေဇူး၏ သစ္စာရှိသော  မိတ်ဆွေများ (FCJ) အသင်းဂိုဏ်းဝင် သီလရှင်များသည် အာရှဧရိယာတွင်  အင်ဒိုနီးရှား၊ ဖီလစ်ပိုင်နှင့်မြန်မာနိုင်ငံ၌၎င်း၊ သြစတေးလျနိုင်ငံ၊  အမေရိကာဧရိယာတွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် အာဂျင်တီးနား တို့၌၎င်း၊ ဥရောပတိုက်ဧရိယာတွင် အိုင်ယာလန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ စသောနိုင်ငံများနှင့်  အာဖရိကတိုက်တောင်ပိုင်း ဆူဒန်တွင် သာသနာပြုလျက်ရှိကြပါသည်။ စိတ်၊ နှလုံး အားလုံးဖြင့် ကျွန်ုပ်တို့၏ ကျင့်စဉ်နှင့်အညီ သခင်ယေဇူး၏ သစ္စာရှိသော  မိတ်ဆွေများဖြင့် ဂတိပြုလျက် မတူညီကွဲပြားခြင်းများကို လေးစားကာ အစေခံလျက်ရှိကြပါသည်။

FCJ သီလရှင်များ မြန်မာပြည်သို့ သာသနာပြု စတင်လာပုံ
သီလရှင်သုံးပါး ဖြစ်သော စစ္စတာရ် အာဂနက်စ် နှင့် စစ္စတာရ် ဖရန်စစ္စကား (အင်ဒိုနီရှားလူမျိုးများ)၊ စစ္စတာရ် မာရီယံ( အိုင်ရစ်လူမျိုး) တို့သည် ၂၀၀၉ခုနှစ် ဇန်နဝါရီ (၉)ရက်နေ့ တွင် မြန်မာပြည်၊ ရန်ကုန်တွင် ပထမဦးစွာ စတင်သာသနာပြုလာခဲ့ကြပါသည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပထမဆုံး မြန်မာ FCJ သီလရှင်နှစ်ပါးဖြစ်သော စစ္စတာရ် မာရိယာခိုင်ငြိမ်းအေးနှင့် စစ္စတာရ် စီစီးလျှား မရစ်မ်ဆိုင်းဂျာ တို့ကို ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ရရှိပါပြီ။ ယခုလက်ရှိ ရန်ကုန် community တွင် စစ္စတာရ် ဖရန်စစ္စကား၊ စစ္စတာရ် နာနီ၊ စစ္စတာရ် ဘယ်လ်တား နှင့် စစ္စတာရ် စီစီးလျှား မရစ်မ်ဆိုင်းဂျာ သီလရှင်လေးပါး တာဝန်ထမ်းဆောင်လျှက်ရှိကြပါသည်။

FCJ သီလရှင်များသည်  အမျိုးသမီးများ၊ လူငယ်မောင်မယ်များ၊ လူငယ်အဖွဲ့များ နှင့် ကလေးသူငယ်များအတွက်  ပညာရေးအခန်းကဏ္ဍများစွာ ၌  အထူးပါဝင် ဆောင်ရွက်ပေးလျက်ရှိပြီး၊ သာသနာနယ်အသီးသီးပိုင်အဆောင်များရှိ လူငယ်များအား ဝိညဉ်ရေးရာ လမ်းညွှန်းပေးခြင်း၊ စိတ်ဓါတ်မြင့်တင်ပေးခြင်း၊ ပုဂ္ဂိုလ်ဝိတ်ညာဉ်ရေးရာများကိုလမ်းညွှန်းပံ့ပိုးပေးခြင်းနှင့် အမျိုးသမီးများအားလစဉ်  ဝတ်စောင့်ပွဲများပြုလုပ်ဆောင်ရွက်လျက်ရှိကြပြီး၊ ရန်ကုန်တစ်ဖက်ကမ်း ဒလ့မြို့ ၌ လည်းမူကြိုကျောင်းဖွင့်ထားပါသည်။

လက်ရှိတွင် စစ္စတာရ် ဖရန်စစ္စကား က Myanmar Leadership Institute တွင်စာသင်ပေးနေပြီး၊ စစ္စတာရ် နာနီ က Campion Institute ၌ ဝိညဉ်ရေးရာ လမ်းညွှန်းပေးသူအဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ စစ္စတာရ် ဘယ်လ်တား က မြန်မာစာကို သင်ယူနေဆဲဖြစ်ပြီး၊ စစ္စတာရ် စီစီးလျှားက FCJ မူကြိုကျောင်းတာဝန်ခံအဖြစ်နှင့်( GEN) ကျား၊ မ တန်းတူ ညီမျှ ရေးကွန်ယက် တွင်အချိန်ပိုင်း လုပ်ဆောင်လျက်ရှိပါသည်။
FCJ သီလရှင်များသည် မြန်မာပြည်၌ သာသနာပြုလာခဲ့သည်မှာ ၁၀ နှစ် နီးပါးရှိလာခဲ့ပါပြီ။ အသင်းဂိုဏ်း၏ နှစ် (၂၀၀) ပြည့် ရာပြည့်ပွဲတော်ကြီးကို ကမ္ဘာတစ်ဝှမ်းလုံး၌ ကျင်းပခြင်းဖြင့် ကျွန်ုပ်တို့၏ ကျင့်စဉ်နှင့် ဝိညာဉ်ရေးရာ လမ်းညွှန်မှုဖြင့် မြန်မာပြည်ရှိ လူသားတို့၏ဘဝ ရှင်သန်တိုးတက်လာရန် ယုံကြည်မျှော်လင့်ရှိကြပါသည်။ 

လိပ်စာ၊ 

ယေဇူး၏ သစ္စာရှိသော မိတ်ဆွေများ (FCJ) သီလရှင်ကျောင်း

၃၃(A)၊ သီရိမင်္ဂလာလမ်း၊ ရပ်ကွက်(၈)၊ လှည်းတန်း၊ ကမာရွက်မြို့နယ်၊ ရန်ကုန်မြို့။

Website: www.fcjsisters.org