Religious Missionaries of St. Dominic (OP)

Congregation of Religious Missionaries of St. Dominic (OP)
ဒိုမီနီကန်သာသနာပြုသီလရှင်များအသင်းဂိုဏ်း

အသင်းဂိုဏ်း၏မူလဇစ်မြစ် နှင့် ရှင်သန်တိုးပွားလာခြင်း သမိုင်းအကျဉ်း

တရားဒေသနာဟောပြောသွန်သင် သက်သေခံသော သူတော်စင်များအသင်း ဂိုဏ်း (The Order of Preachers) ကို စပိန်နိုင်ငံ၊ ကာလယ်ရွဲဂါမြို့ (Caleruega) မှ စိန်ဒေါမိနစ် ဒေဂုဇ်မန် (St. Dominic de Guzmán) မှ တည်ထောင်ခဲ့ပါသည်။ ဤအသင်းဂိုဏ်းကို စိန်ဒေါမိနစ် တရားဒေသနာတော် ဟောကြားခဲ့သည့် ပြင်သစ်နိုင်ငံ တွင် အစပျိုးခဲ့သည်။ ထိုအချိန်ကာလသည်ကား ပြင်သစ်နိုင်ငံ၌ မိစ္ဆာဒိဌိဝါဒ ပျံ့နှံ့ ချယ်လှယ်ခံနေရချိန်ဖြစ်သည်။ ကက်သလစ်သာသနာတော်ကြီးမှ အခြားဘုန်းတော်ကြီးများလည်း ‌‌ဒေသနာတော်ဟောကြားခြင်း၌ စိန်‌ဒေါမိနစ်နှင့်အတူလာရောက် ပူးပေါင်းကြရာ အဖွဲ့ဝင်များတဖြည်းဖြည်းတိုးပွားလာသည်နှင့်အမျှ အမိသာသနာတော် ကြီး၏ တရားဝင်အသိမှတ်ပြုသောအသင်းဂိုဏ်းတစ်ခု‌ ပေါ်ပေါက်ရှင်သန်လာရေး အတွက် စိန်ဒေါမိနစ် မျှော်မှန်း ကြိုးပမ်းလာခဲ့ပါသည်။
ဤသို့ခံယူချက်တူညီသောပုဂ္ဂိုလ်များနှင့် အတူယှဥ်တွဲနေထိုင်ခြင်း၊ ဒေသနာ တော်‌ဟောကြားခြင်းနှင့် စိန်ဒေါမိနစ်၏ကျင့်စဥ်၊ စည်းမျဥ်းများနှင့်အညီ ဆက်ကပ်နေထိုင်ခြင်းတို့ကို နှစ်အနည်းငယ် ဖြတ်သန်းတွေ့ကြုံလာပြီးသည့်နောက် ရဟန်းမင်းကြီး၏တရားဝင်အတည်ပြုပေးနိုင်ရန် ရောမမြို့ သာသနာပြုအသင်းများ ရုံးချုပ်တော်သို့ မိမိတို့၏ အသင်းဂိုဏ်းဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ စီမံဆောင်ရွက် မှုအား တင်ပြလျှောက်ထားခဲ့သည်။ ၁၂၁၆ခုနှစ်တွင် ရဟန်းမင်းကြီ: အောနောရီဦးစ် တတိယမြောက်အရှင်သူမြတ် (Honorius III) က ဤအသင်းကို တရားဝင်လက်ခံ အတည်ပြုပေးခဲ့ပါသည်။ ယင်းခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် တရားဒေသနာ ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များအသင်းဂိုဏ်း (The Order of Preachers) အဖြစ် အသိအမှတ်ပြု ချီးမြောက်ပေးခဲ့သည်။
တရားဒေသနာဟောပြောသွန်သင်သက်သေခံသော သူတော်စင်များအသင်းဂိုဏ်း၏ ကျင့်စဥ်၊ စည်းမျဥ်းများအားခံယူ ရှင်သန်နေထိုင်ကြသောအသင်းကို ဒိုမီနီကန် (Dominican) ဟူ၍ ခေါ်ဆိုကြပါသည်။ ၎င်းတို့၏ ကိုယ်ပိုင်နာမည်များနောက်တွင် သိသာထင်ရှားသောအမှတ်သညာအဖြစ် “OP” ဟူသောအက္ခရာကို တွဲဆက်၍ ရေးသား ဖော်ပြလေ့ရှိကြပါသည်။
အချိန်ကာလကြာလာသည်နှင့်အမျှ ဤအသင်းဂိုဏ်းသည် ယခင်ကထက် လူဦးရေတိုးပွားလာခဲ့ပါသည်။ မျက်မှောက်ကာလတွင် “ဒိုမီနီကန်အသင်း” ဟု ထင်ရှားသည့်အပြင် ရဟန်းများ၊ ကိုရင်များသာမက ‘Comtemplative Nuns’ ဟုခေါ်သော သီလရှင်ကျောင်းတွင်း တရားကျင့်ကြံနေထိုင်သော သီလရှင်များ၊ ‘Active Sisters’ ဟုခေါ်သော သာသနာ့လုပ်ငန်းများကိုလုပ်ဆောင်သော သာသနာပြုသီလရှင်များနှင့် ‘Lay Dominicans’ ဟုခေါ်သော သာမန်လူဝတ်ကြောင်ဘဝဖြင့် ဆက်ကပ်သော သူများပါဝင်သော ဒိုမီနီကန်မိသားစု ‘Dominican Family’ အဖြစ် ဂုဏ်ယူဝင့်ကြွား စွာဖော်ပြကြသည်။
ဒိုမီနီကန်သာသနာပြုသီလရှင်များအသင်းဂိုဏ်းသည် မတ်လ (၁၄)ရက်၊ ၁၉၃၃ခုနှစ်တွင် ရဟန်းမင်းကြီး၏တရားဝင်အတည်ပြုခြင်း (Pontifical Right) ရရှိခဲ့သော ဒိုမီနီကန်မိသားစုအဖွဲ့အစည်းဖြစ်ပါသည်။ အဖွဲ့စည်း၏မူလဇစ်မြစ်မှာမူကား ၁၈၈၇ခုနှစ် တွင် စပိန်နိုင်ငံ၊ အိုကားညာမြို့(Ocaña) မှ ရာသက်ပန်သစ္စာပြုပြီးသော ဒိုမီနီကန်သီလရှင် (၄)ပါးနှင့်အတူ နောက်နှစ်အနည်းငယ်ကြာလာသောအခါ အခြားဝင်လိုသူအမျိုးသမီးငယ် (၁၃)ဦးတို့၏ ဝင်ရောက်ပူးပေါင်းခြင်းမှ စတင်ဖူးပွင့်လာပြီး ယခုအချိန်တွင် ‘ဒိုမီနီကန်သာသနာပြုသီလရှင်များအသင်းဂိုဏ်း’ အဖြစ် ရှင်သန်ကြီ:ထွားလာခဲ့ပါသည်။
၁၅၈၇ခုနှစ်တွင် ကမ္ဘာ့အရှေ့ခြမ်းသို့ သာသနာပြုရန်အတွက် (Mission to the Far East) မွန်မြတ်သောစိတ်ပုတီးသခင်မအမည်ခံ ဒိုမီနီကန်သာသနာပြု ဘုန်းတော်ကြီ:များ (Fathers of Our Lady of the Holy Rosary Province) အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကျွန်မတို့၏ ရှေးဦးသာသနာပြု သီလရှင်များသည် ၎င်းအသင်းဂိုဏ်း၏ ထူးခြားသည့်ကျင့်စဉ်တစ်ခုဖြစ်သော သာသနာပြုခြင်း “Charism” ကိုခံယူပြီး ဒိုမီနီကန်သာသနာပြုဘုန်းတော်ကြီးများနှင့်အတူတွဲဖက်၍ ကမ္ဘာ့အရှေ့ခြမ်းသို့ သာသနာပြုခရီးကို စတင်ခဲ့ကြသည်။ ယင်းအချိန် သာမယ၌ ကျွန်မတို့ ဒိုမီနီကန်သာသနာပြုသီလရှင်များအသင်းဂိုဏ်းသည် ကမ္ဘာလောကကြီး၏ လိုအပ်ချက်များကို သတိပြုဆင်ခြင်မိပြီး အထူးသဖြင့် တရုတ်နိုင်ငံမှ မွေးဖွားလာသောသမီးငယ်များကို လက်မခံစွန့်ပစ်ကြသော မိဘများ၏လုပ်ရပ်ကြောင့် စွန့်ပစ်ခံမိန်းကလေးငယ်များအား ခေါ်ယူလက်ခံပေးကာ ပြုစုပျိုးထောင်ပေးခြင်းကို ၁၉၅ဝခုနှစ်၊ တရုတ်ကွန်မြူနစ်အစိုးရ၏ ပြည်တွင်းမှ နှင်ထုတ်ခြင်းခံကြရသည့်အချိန် တိုင်အောင် ပေးဆပ်လုပ်ဆောင်ခဲ့ကြပါသည်။ ဤသို့ဖြင့် မိဘမဲ့ ဂေဟာ (၁၇)ကျောင်း နှင့် များပြားလှသောအမျိုးသမီးငယ်များကို ကွန်မြူနစ် ဖိနှိပ်မှုထမ်းပိုးအောက်တွင် ချန်လှပ်ထားခဲ့ရသည်။
တရုတ်ပြည်မှထွက်ခွာခဲ့ကြရပြီးနောက် သီလရှင်များသည် မိမိတို့၏ သာသနာ ပြုခရီးစဥ်ကို ကမ္ဘာ့ရှေ့တစ်လွှား၌ ဆက်လက်ခြေဆန့်ခဲ့ရာ ဖိလိပိုင်နိုင်ငံ ၊ မနီလာမြို့၌ မိခင်ဌာနချုပ်ကို ဦးစွာတည်ထောင်ခဲ့ပြီး ဒုတိယဗာတီကန် (Vatican Council II) ပြီ:နောက်တွင် ရောမမြို့၌အခြေစိုက်ကာ ဆက်လက်ရှင်သန် ဆက်ကပ်ကြသည်။ ထို့နောက် ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ကမ္ဘောဒီ:ယား၊ ထိုင်း၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံများသို့ သာသနာပြုလုပ်ငန်းများကို တိုးချဲ့ပျံ့နှံ့စေခဲ့ပါသည်။
ဒိုမီနီကန်သာသနာပြုသီလရှင်အသင်းဂိုဏ်းဝင်များသည် မိမိတို့ ရောက်ရှိ သီတင်းသုံးသောနိုင်ငံများ၌ ဂိုဏ်းချုပ်/အုပ်သာသနာပိုင်ဆရာတော်ကြီ:များ၊ သာသနာ အုပ်စုကျောင်းထိုင်ဘုန်းတော်ကြီးများ၏ သာသနာပြုလုပ်ငန်းဆောင်တာများ၌ ကူညီ ဆက်ကပ်ပေးခြင်းအပြင် စာသင်ကျောင်းများဖွင့်လှစ်ဦးစီးပေးခြင်း၊ တက္ကသိုလ် ကျောင်းသူများအတွက် ဂေဟာများဆောက်လုပ်ပေးခြင်းအားဖြင့် အနာဂတ်ခေါင်း ဆောင်များ/လူငယ်များအားပညာပေးခြင်း၊ ဧဝံဂေလိသတင်းကောင်း ဝေမျှသက်သေခံ ခြင်း စသည့်လုပ်ငန်းများကို ဆက်ကပ်ကြိုးပမ်း လုပ်ဆောင်ပေးလျှက်ရှိပါသည်။
 
အသင်းဂိုဏ်း၏ ဆောင်ပုဒ် (Motto)
“To contemplate and share the fruits of one’s contemplation”.
သမ္မာတရားတော်ကို ထောက်ရှုဆင်ခြင်၍ သိရှိနားလည်လာသော တရားတော်၏ အသီးအပွင့်များကို တပါးသူတို့အား ဝေမျှခြင်း။
 
အသင်းဂိုဏ်း၏ ထူးခြားသော ကျင့်စဉ်ဆောင်ပုဒ် (Charism)
- “Salvation of Souls through preaching”
“တရားဒေသနာ ဟောပြောသက်သေခံခြင်းဖြင့် ဝိညာဉ်များကို ကယ်တင်ခြင်း”
- “Mission to the Far East”
“ကမ္ဘာ့အရှေ့ခြမ်းသို့ သာသနာခရီးပြုခြင်း”
 
အသင်းဂိုဏ်း၏ ဝိညာဉ်ရေးမဏ္ဉိုင်ကြီး လေးခု
(၁) ဆုတောင်းခြင်း
ဆုတောင်းမေတ္တာသည် အမှန်တရား (Truth)တည်းဟူသော အသက်စမ်းရေ စီးဆင်းရာ ဌာနဖြစ်သည်။
(၂) အဖွဲ့အစည်းဖြင့်နေထိုင်ခြင်း
မေတ္တာတရား ရှင်သန်ကြီးထွားရာ ရိပ်မွန်ဖြစ်သည်။ ဝိညာဉ်ရေးရာ ရှင်သန်မှုကို အားအင်ဖြစ်စေသည့်အပြင် ဟောပြောသွန်သင်ချက်များကို လက်တွေ့ကျင့်ကြံရာ အရပ်လည်းဖြစ်သည်။
(၃) စဉ်ဆက်မပြတ်ဆည်းပူးလေ့လာခြင်း
အမှန်တရားကို ဆည်းပူးလေ့လာခြင်းအားဖြင့် ဘုရားသခင်နှင့် ထိတွေ့ရင်းနှီးခွင့်ရရှိပြီး ၎င်းသည် နှုတ်ကပါတ်တရားတော်ကို ထိရောက်စွာဝေမျှနိုင်ရန် အခြေခံကျသော အရင်းမြစ်တစ်ခုဖြစ်သည်။
(၄) သာသနာ့လုပ်ငန်းများလုပ်ဆောင်ခြင်း
ဆုတောင်းခြင်း၊ ပညာဆည်းပူးလေ့လာခြင်းနှင့် အစုအဖွဲ့လိုက်နေထိုင်ခြင်းတို့မှ ပေါက်ပွားလာသည့် လက်တွေ့လုပ်ငန်းဖြစ်သည်။ ဒိုမီနီကန်အသင်းဂိုဏ်းဝင်တိုင်းသည် ဧဝံဂေလိတရားတည်းဟူသော ဘုရားရှင်၏နှုတ်ကပါတ်တော်ကို ဟောပြောရန် ဝတ္တရားရှိသည်။
 
အမှတ်တံဆိပ်၏ အဓိပ္ပာယ် (Logo)
ဂိုဏ်း၏အမှတ်တံဆိပ်တွင် ပါရှိသော ‘Laudare’ ဟူသောဝေါဟာရသည် ဘုရားသခင်အား ချီးမွမ်းထောမနာပြုခြင်း၊ ‘Benedicere’ သည် ဘုရားသခင်အား ကောင်းကြီးဩဘာပေးခြင်း (၎င်းသည် ရဟန်းတို့နှင့် စပ်ဆိုင်သော ဝတ္တရားများကို ရည်ညွန်းသည်)၊ ‘Predicare’ သည် ဟောပြောသွန်သင်ခြင်း ဟူ၍ အဓိပ္ပါယ်ဆောင် ပါသည်။
အဖြူရောင်နှင့်အနက်ရောင်ကားတိုင်တော်သည် ဆက်ကပ်ခြင်းဘဝအသက်တာ ကိုဖော်ညွှန်းပြီး၊ မိမိတို့သည် အပြစ်သားများဖြစ်ကြောင်း သိမှတ်ဝန်ခံကာ ဖြူစင်ခြင်း အသက်တာကို လှမ်းယူကြရန် နှိုးဆော်ပေးသော သင်္ကေတဖြစ်သည်။
 
အသင်းဂိုဏ်း၏ ရည်ရွယ်ချက် (Vision)
“ဘုရားသခင်၏ နှုတ်ထွက်စကားတော်၌ ရှင်သန်မွေ့လျော်ခြင်းကို ဝေမျှပေးခြင်း”
မြင့်မြတ်သောဘဝ၏ အနက်အဓိပ္ပါယ်ကိုဆုံးရှုံးနေသော ဆင်းရဲသား၊ အပယ်ခံ ညီအစ်ကိုမောင်နှမတို့အား ရိုင်းပင်းကူညီ၍ ပျော်ရွှင်သော ခံစားချက်ကို ဝေမျှပေးခြင်း။
ခရစ်တော်တို့၏ယုံကြည်ရာအသက်တာလမ်းကို စစ်မှန်သောနည်းဖြင့် အဘယ်သို့ လေးလေးနက်နက်နေထိုင်ကျင့်ကြံရမည်ကို ဝေမျှခြင်း။
 
အသင်းဂိုဏ်း၏ လုပ်ဆောင်ချက် (Mission)
သမ္မာတရားကို အခြေခံ၍ ‌ဟောပြောသွန်သင်ခြင်းဖြင့် ဝိညာဉ်ကယ်တင်ရေး လုပ်ငန်းများလုပ်ဆောင်ခြင်း၊ စာသင်ကျောင်းများ၊ Catechetical စင်တာများ၊ တက္ကသိုလ် များဖွင့်လှစ်၍ လူငယ်များအားပညာရေးဖြင့် လမ်းညွှန်ပဲ့ပြင်ပေးခြင်း၊ အမျိုးသမီးများ နေထိုင်ရန်အဆောက်အဦးဖွင့်လှစ်ခြင်း၊ ပရဟိတနှင့် လူမှုရေးဆိုင်ရာ အကူအညီပေးခြင်း၊ ဖျားနာသူ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအတွက် ဘာသာရေးအိမ်များနှင့် စာသင်ကျောင်းများတွင် ဆက်ကပ်ခြင်း။
 
Stages of Formation
Aspirancy (လေ့လာသူအဆင့်) ကြာမြင့်ချိန် (၁) နှစ်
ဤအဆင့်သည် လေ့လာသူအတွက် အသင်းဂိုဏ်း၏ နေထိုင်မှုပုံစံ၊ စတင်လေ့ လာဆည်းပူးရသည့် အရေးကြီးသောအချိန်ကာလဖြစ်သည်။ လေ့လာသူ၏ဘဝတွင် ဆုတောင်းခြင်းအမှု၌ ပျော်မွေ့စေရန်အစပျိုးခြင်းနှင့် လေ့လာသူ၏ ရည်ရွယ်ချက်အမှန် နှင့် အရည်အချင်းကို လမ်းညွန်ပဲ့ပြင်သူမှ သုံးသပ်သည့်အဆင့်ဖြစ်သည်။
 
Postulancy (တောင်းခံသူအဆင့်) ကြာမြင့်ချိန် (၁) နှစ်
ဤအဆင့်တွင် ဝင်လိုသူသည် ဒိုမိနီကန်တို့၏ ဘဝအသက်တာနှင့် ကျင့်စဉ်များ ကို မိမိကိုယ်တိုင် ဆက်လက်ကျင့်ကြံလျှောက်လှမ်းနိုင်မည်/ မနိုင်မည်ကို ဆန်းစစ်ရမည်။ တောင်းခံသူအနေဖြင့် အများနှင့်ပူးပေါင်းနေထိုင်လုပ်ကိုင်နိုင်သောစိတ်ဓါတ်၊ ရင့်ကျက် သူတစ်ဦးဖြစ်လာစေရန် အကျင့်စာရိတ္တပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးပိုင်းဆိုင်ရာ ကျင့်စဥ် များအားမြင့်တင်ဆောင်ရွက်ပေးခြင်း၊ အစပျိုးခဲ့သော ဆုတောင်းခြင်းဘဝ အသက်တာ ကို ပိုမိုလေးနက်အောင် ကြိုးစားကျင်ကြံနေထိုင်စေခြင်းနှင့် အသင်းဂိုဏ်း၏ တမန် တော်လုပ်ငန်းများ၌ ပါဝင်လေ့လာခြင်း စသည့်အချိန်ဖြစ်သည်။
 
Novitiate (သီလရှင်လောင်းအဆင့်) ကြာမြင့်ချိန် (၂) နှစ်
ဤအဆင့်ပထမနှစ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်မြတ်ကို ထောက်ရှုကာ ဘုရားရှင်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်ရန် တရားအားထုတ်ခြင်း၊ အသင်းဂိုဏ်း ၏ ဖွဲ့စည်းပုံစည်းမျဥ်းဥပဒေများ၊ ဘာသာရေးစာပေများ အထူးလေ့လာခြင်း။
ဒုတိယနှစ်တွင် အသင်း၏တမန်တော်လုပ်ငန်းများ၌ပါဝင်လုပ်ဆောင်ခြင်း နှင့် သစ္စာသုံးပါး (ဖြူစင်ခြင်း၊ နာခံခြင်းနှင့် ဆင်းရဲခြိုးခြံခြင်းပါရမီများ) ခံယူရန် ပြင်ဆင်ခြင်း ကာလဖြစ်သည်။
 
Juniorate (ယာယီသစ္စာခံ သီလရှင်) အဆင့် (၅) နှစ် မှ (၉) နှစ်ထိ။
သစ္စာသုံးပါးခံယူပြီးဖြစ်သောသီလရှင်များသည် မိမိတို့ခံယူထားသော သစ္စာ သုံးပါးကို သမာဓိရှိစွာကျင့်ကြံနေထိုင်သွားခြင်းနှင့် စေလွှတ်ခြင်းခံရသော နေရာဒေသ များတွင် ဆက်ကပ်အစေခံခြင်းဘဝဖြင့် အမှုတော်ထမ်းဆောင်ခြင်း၊ ဓမ္မပညာရပ် ဆိုင်ရာစာပေများ လေ့လာဆည်းပူးခြင်းတို့ ပါဝင်သည်။
 
အသင်းဂိုဏ်း တည်ရှိရာနေရာများ
- နိုင်ငံ ၁၃ နိုင်ငံမှာ-
- အာရှတိုက်တွင် ၉ နိုင်ငံ- တရုတ်၊ ထိုင်ဝမ်၊ ဖိလိပိုင်၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်
- အခြားတိုက်ကြီး ၄တိုက်တွင် စပိန်၊ အီတလီ၊ ချီလီ၊ အမေရိက
- အဖွဲ့ဝင် ၆ဝဝ ခန့်ရှိသည်။
နေရပ်လိပ်စာ 
၁။ ရန်ကုန်ဂိုဏ်းချုပ် သာသနာ
Missionaries of St. Dominic 
No. 251, မဟာဂန္ဓာရုံလမ်း 
U9/48 ရပ်ကွက်၊
မြောက်ဒဂုံမြို့နယ်၊ 
ရန်ကုန်၊ မြန်မာ။
Tel. (95) 09456817581

၂။ လွိုင်ကော်သာသနာ
Our Lady of the Holy Rosary
နွားလဝိုးကျေးရွာ၊ လွိုင်ကော်မြို့
ကယားပြည်နယ်၊ မြန်မာ။ 
Tel. (95) 09894963274