Sisters of Charity of Sts. Bartolomea Capitanio and Vincenza Gerosa SCCG

  လက်ရှိမြန်မာပြည် အကြီးအကဲ စစ္စတာရ် ဘေဘေယားနာ တင်မေထွေး(၂၀၂၂-  )

#ကရုဏာရေး သီလရှင်သင်း (Sisters of Charity of Sts. Barthlomea Capitanio and Vincenza Gerosa)(SCCG)   
#အသင်း၏ Charism –
ကယ်တင်ရှင်ယေဇူးကိုပုံတုယူခြင်း၊ကရုဏာရေးလုပ်ငန်းများအားဖြင့် ယေဇူးရှင်၏မေတ္တာ ဒေသနာတော်ကို ဆက်လက်တည်တန့်စေခြင်း။
#အသင်း၏ရည်ရွယ်ချက် -
ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်အတွက်နှင့်နီးစပ်သူ၏ကောင်းကျိုးအတွက်။
#အသင်း၏ဆောင်ပုဒ် -
ကယ်တင်ရှင်ယေဇူး၏ မေတ္တာကိုပုံတယူလျှက် ကရုဏာ မေတ္တာလုပ်ငန်းများဖြင့်၊ နီးစပ်သူကို အစေခံခြင်းဖြစ်သည်။ (သက်စွန့်လျှောက်လှမ်း၊ မေတ္တာလမ်း)
#အသင်း၏ထင်ရှားသောအမှတ်အသား -
ချစ်ခြင်းမေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း ပါရမီများ။
ဘုရားရှင်ကျေနပ်နှစ်သက်သည့်အရာမူကား အသင်းကြီးတစ်ခုလုံးသည် မိမိကိုယ်ကိုပေးဆပ်ခြင်းမှာ နာမကျန်းသူများအား သက်သာနှစ်သိမ့်မှုပေးရန်၊ ဝိညာဉ်ရေးဆိုင်ရာ ကူညီမှုများပေးရန်နှင့် ဤသည်သောအသက်တာအတွက် မိမိကိုယ်ကို ဆက်ကပ်ထားသော အသင်းဝင်များသည်လည်း ကယ်တင်ရှင်အားပုံတုယူပြီး စစ်မှန်သောမေတ္တာတရားဖြင့် လုပ်ဆောင်ရန်ပင်ဖြစ်သည်။ (Foundation Document)

အခြေခံမှုရေးဆွဲသော ကာလအတွင်း ဦးတည်မှုပြုလုပ်ခဲ့သော တမန်တော်လုပ်ငန်းများ-
-လူငယ်များအား ဘာသာတရားနှင့် အတန်းပညာရပ်ဆိုင်ရာသင်ကြားမှုများပြုလုပ်ပေးခြင်း။
-ရင်ခွင်မဲ့များ၊ နာမကျန်းသူများနှင့် အပယ်ခံများအား ကြည့်ရှုစောင့်ရှောက်ပေးခြင်း။

#အသင်းဂိုဏ်းတည်ထောင်သူ -
ဘာတိုလိုမေးယာကာပီတားနိုသည် ၁၈၀၇ခုနှစ်၊ဇန်နဝါရီလ(၁၃)ရက်တွင် အီတလီနိုင်ငံ ဘဲလ်ဂမိုဒေသ၊ လိုးဝရယ်မြို့တွင် ဖွားမြင်ခဲ့သည်။ အသက် (၇)နှစ် အရွယ်တွင် နက်ရှိုင်းစွာခံစားခဲ့ရပြီး ဘာတိုလိုမေးယာသည်  အသက်နှင့်မမျှသော ခိုင်မာသော သံဓိဌာန်ကြီးတစ်ခုကိုချခဲ့သည်။ “ဘုရားသခင်ကိုချစ်ချင်တယ်၊ ရဟန္တာတပါးဖြစ်ချင်တယ်” ဟူသော သံဓိဋ္ဌာန်ပင်ဖြစ်သည်။  ထိုစကားလုံးများသည် သန့်ရှင်းခြင်းပန်းတိုင်သို့ရောက်ရန် သူမ၏ဘဝစီမံကိန်းကြီးတစ်ခုလုံးကို ဖော်ပြနေခြင်းပင်ဖြစ် သည်။ ငယ်ရွယ်နုနယ်စဉ်အရွယ်အချိန် ကတည်းမှပင် ဘုရားရှင်၏ ဖိတ်ခေါ်သံ “အစပြုမှု” ကိုရဲဝံ့စွာတုံ့ပြန်ခဲ့သည်။

သူမသည်စစ်ပြီးကာလ ယိုယွင်းပျက်စီးနေသော လူ့ဝန်းကျင်တစ်ရပ်လုံး၏ရင်နင့်ဖွယ် အကျည်းတန် အခြေအနေများကို ရင်ဆိုင်ကြုံ တွေ့ခဲ့ရသည်။ ရင်ခွင်မဲ့ကလေးငယ်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ အန္တရာယ်စက်ကွင်းအတွင်း ကျရောက်နေသောမိန်းကလေးများ နာမာကျန်းသူများနှင့် ကူညီရာမဲ့ချည့်နဲ့နေသောသက်ကြီးရွယ်အိုများသည် သူမ၏စိတ်နှလုံးကို ပြင်းထန်စွာ တို့ထိခဲ့သောသူများပင်ဖြစ်သည်။  ထိုလိုအပ်နေသူများအားကြည့်ရှုပြုစုရန်၊ ကြီးမား သောလုပ်ဆောင်မှု တစ်ရပ်ကိုလုပ်ဆောင်းခဲ့ရသည်။

ဘာတိုလိုမေးယာနှင့်အတူ အသင်းမတည်ထောင်းမှီကတည်းကပင် လက်တွဲလုပ်ဆောင်ခဲ့သော ကက်သရင်းနာဂျေရိုဇာသည်လည်း မေတ္တာတရားလုပ်ငန်းတွင် စိတ်အားထက်သန်သော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ လိုးဝရယ်မြို့လေးတွင် သူမကို “ မေတ္တာရှင်မလေး” အဖြစ်ခေါ်ဝေါ် သမုတ်ကြသည်။ ကက်သရင်းနာသည် ဘုရားတရားကြည်ညိုကိုင်းရှိုင်းပြီး ြွကယ်ဝချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။  ဘာတိုလိုမေးယာနှင့်အနီးကပ်တွဲပြီး အသင်း၏အခြေခံ အုတ်မြစ်အတွက် ပြင်ဆင်သောအချိန်၌ပင် သူမ၏အသက် (၄၀)အတွင်း ရှိနေပြီဖြစ်သည်။

၁၈၃၂ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ဘာတိုလိုမေးယာနှင့်ဗင်းချင်းဇာဂျေရိုဇာတို့သည် မိမိကိုယ်ကို ဘုရားရှင်အား လုံးလုံးလျားလျား ဆက်ကပ်အပ်နံှခဲ့ကြသည်။ ထိုမှသည် ကရုဏာရေး သီလရှင်အသင်းဂိုဏ်းကြီးဖြစ်တည်လာခဲ့သည်။ ဘာတိုလိုမေးယာသည် အသင်းတည်ထောင်ပြီး ရှစ်လခန့်အကြာ (၁၈၃၃) ခုနှစ် ၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ အသင်းဂိုဏ်းအသစ်တစ်ခုတည်ထောင်ရန် စီမံကိန်းကြီးတစ်ခုလုံးကို ယုံကြည်ခြင်းဖြင့် လက်ခံခဲ့သော ကက်သရင်းနာဂျေရိုဇာသည် မလွယ်ကူလှသော အစဦးကာလနှစ်များတွင် အသင်းဂိုဏ်ကြီးတစ်ခုလုံးကို ဆက်လက်၍ ဦးဆောင်လမ်းညွန်ခဲ့သည်။

(၁၈၃၅) ခုနှစ်၊ နိုဝင်ဘာ (၂၁) တွင် ကက်သရင်းနာဂျေရိုဇာသည် မိမိအမည်အား ဗင်ဂျင်းဇာဂျေရိုဇာ အဖြစ်ပြောင်းလဲ ခံယူခဲ့သည်။ ထိုနေ့သည် သီလရှင်လောင်းများ၏ ပထမယာယီသစ္စာနှင့် ဝတ်ရုံဖြူခံယူခြင်းအခမ်းအနားကို ကျင်းပပြုလုပ်သောနေ့ရက်ဖြစ်သည်။
(၁၉၅၀) ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ဘာတိုလိုမေးယာ ကာပီတားနီယိုနှင့်ဗင်ဂျင်းဇာဂျေရိုဇာတို့ နှစ်ဦးစလုံးကို တစ်ဆယ့်နှစ်ပါးမြောက် ရဟန်းမင်းကြီးအရှင်သူမြတ် ပီးယိုမှ ရဟန္တာအဖြစ်တင်မြောက်ခဲ့သည်။

#ဘာတိုလိုမေးယာပြုခဲ့သော သံဓိဋ္ဌာန်အချို့မှာ -
- နာမကျန်းသူများအား မကြာခဏသွားရောက်ကြည့်ရှုပြီး သက်သာနှစ်သိမ့်မှုပေးသော အပြုအမူအပြောအဆိုများဖြင့်၎င်း အားပေးကူညီမည်။
- မရှိဆင်းရဲသားများအား ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် အမှန်တကယ်လိုအပ်သည်ထက် ပိုလျှံသော အစားအသောက်၊ အဝတ်အထည်များကို စွန့်ပယ်ပြီး မိမိအဖို့လိုအပ်သည်မျှသာ တိကျစွာအသုံးပြုမည်။
- ကျွန်ပ်၏စိတ်နှလုံးကို ကြည်နူးနှစ်သက်မှုပေးသောသူသည် မကျန်းမမာဖြစ်နေသူများနှင့် သေဝနီးပါးရောက်နေသူများဖြစ်ပြီး၊ ထိုသူများအား အခက်ခဲဆုံး အစေခံခြင်းများ ပြုပေးရမည်ဆိုလျှင်လည်း နှောင့်နှေးဆိုင်းခြင်းမရှိဘဲ ကူညီဆောင်ရွက်ပေးမည်။

ဘာတိုလိုမေးယား၏ သင်ကြားမှုဆိုင်ရာအပြုအမူတစ်ခုစီတိုင်းသည် ကယ်တင်ရှင်ယေဇူးနှင့် နက်ရှိုင်းစွာ ရင်းနှီးကျွမ်းဝင်မှုတစ်ရပ်တွင် အရင်းအမြစ်တည်ခဲ့သည်။ ခရစ်တော်ယေဇူး၏သီးခြားစံနှုန်းမှာ လူပုဂ္ဂိုလ်တိုင်းအား အလေးပေးခြင်း၊ မိတ်ဖွဲ့ခြင်းနှင့်အငယ်ဆုံး သောသူအား ထူးခြားသောပုံစံဖြင့် ဦးစားပေးဆက်ဆံခြင်းပင် ဖြစ်သည်။

#ဘာတိုလိုမေးယာ ကာပီတားနီယို၏အတွေးစိတ်ကူးတွင် အသင်းဂိုဏ်၏အဓိကရည်ရွယ်ချက်မှာ မိဘမရှိဆင်းရဲသော ငယ်ရွယ်သူမိန်းကလေးများအား ပညာသင်ကြားပေးရန်နှင့် မိမိမြေပေါ်မိမိရပ်တည်နိုင်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်စုံတစ်ခု သင်ကြားတတ်မြောက်သည့်အထိ လိုအပ်မှု အ၀၀အားလုံးကို ကူညီပံ့ပိုးပေးရန်နှင့် ထိန်းသိမ်းပြုစု ပျိုးထောင်ပေးရန်ဖြစ်သည်။

Bartolomea’s Vision of the Institute she founded
ကယ်တင်ရှင်ယေဇူး၏စံနှုန်းနှင့်ပုံပမာ (တရားဘာဝနာ စီးဖြန်းခြင်းနှင့် မေတ္တာတရားလုပ်ဆောင်ခြင်း အသက်တာ) ပေါ်တွင် တည်ဆောက်ထားသော သူတော်စင်ဘောင်ဝင်မိသားစု”

#ကျွန်ပ်တို့၏သာသနာပြုလုပ်ငန်း (Our Mission)
ကျွန်ပ်တို့သည် ကယ်တင်ရှင်ခရစ်တော်၏ နောက်သို့လိုက်ရန်ခေါ်ဖိတ်ခြင်း (ရွေးနှုတ်ခြင်း) ခံထားရသူများဖြစ်သည်။ ခရစ်တော်၏ဖြူစင်ခြင်း၊ နာခံခြင်းနှင့်ဆင်းရဲခြင်းအသက်တာကို ရွေးချယ်ထားသူ၊ စံနှုန်း၊ ကာကွယ်ရာအရှင်နှင့် လမ်းညွန်ပေးသူအဖြစ် ယူတင်ဝတ်ဆောင်ထားသည်။ မေတ္တာတရားလုပ်ငန်း လုပ်ဆောင်ရင်းလူသားထုတစ်ရပ်လုံးအား ဘုရားရှင်၏ကြီးမားသောချစ်ခြင်း မေတ္တာထုတ်ဖော်ပြသပေးဝေခြင်းမှာ ကျွန်ပ်တို့၏တမန်တော်လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။

အစောပိုင်းကာလ“တမန်တော်လုပ်ငန်းရွေးချယ်မှု”များကို မျက်မှောက်ကာလနှင့်လျှော်ညီစွာ အသင်းဂိုဏ်းမှပြန်လည် အတည်ပြုထားပါသည်။ စစ္စတာရ်များ အထူးအလေးပေးလုပ်ဆောင်ရမည် ဂရုဏာရေးလုပ်ငန်းများကိုလည်း စီမံလမ်းညွန်ထားပါသည်။ ထိုသူများမှာ

- အခြေအနေတိုင်း၌ရှိနေသော လူငယ်များ (အသိမ်ငယ်ဆုံးသောသူ၊ အပယ်ခံရသောသူနှင့် ဦးတည်ချက်မဲ့နေသောသူများ၊
- နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများနှင့် လူမှုအသိုင်းအဝန်းမှ စွန့်ပယ်ထားသောသူများ၊
- သမ္မာကျမ်းစာ ဗဟုတုတမရှိသေးသောသူများဖြစ်ကြပါသည်။


#သူငယ်တော်မလေးမာရိယာဘမ်ဘီးနာအသင်းဂိုဏ်း၏ အသက်တာထဲသို့ ဝင်ရောက်လာခြင်း
ဘုရားရှင်၏ကြီးမားသောစီမံကိန်းကြောင့် အသင်းဂိုဏ်ကြီးတည်ထောင်ပြီး မကြာမီပင် “သူငယ်တော်မလေး မာရိယာဘမ်ဘီးနာ”သည် အသင်းထဲသို့ရောက်ရှိလာပြီး၊ အသင်း၏ သမိုင်းစာမျက်နှာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိလာခဲ့သည်။ သူငယ်တော်မလေးသည် “ခမည်းတော် ဘုရား၏အစပြုလုပ်ဆောင်မှုများအားလုံးတွင် ကြီးမားသော ယုံကြည်အားကိုးမှု နှင့်နှိမ့်ချခြင်းပါရမီဖြင့် လုံးလုံးလျားလျားအပ်နှံခြင်း” ဟူသော အသင်း (Charism) ၏ ထူးခြားသောအချက်တစ်ခုကို အစဉ်သတိရစေသောသူတစ်ဦးအဖြစ် ကျွန်ပ်တို့နှင့်အတူ သာသနာပြုခရီးစဉ် တစ်လျှောက်လုံး တွင် အစဉ်ထပ်ချပ်မကွာ ခရီးပြုလာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
အချိန်ကာလကြာညောင်းမှုကြောင့် မူလအရောင်အသွေး လွင့်ပြယ်လျှက်ရှိသော ၊ ဖယောင်းသားဖြင့်ပြုလုပ်ထားသော မာရိယာဘမ်ဘီးနာ ရုပ်ပွားတော်လေးကို ဆက်လက်ထိန်းသိမ်းရန် “ကရုဏာရေး သီလရှင်အသင်း” အားပေးအပ်ခဲ့သည်။ (၁၈၈၄) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် သူငယ်တော်မလေးသည် ပြင်းထန်စွာ မမာမကျန်းဖြစ်နေသော “ဂျူးလျာမာကိုးရ်ယို”အား အာနုဘော်တော်ဖြင့် ပကတိပြန်လည်ကောင်းမွန်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုပ်ပွားတော်လေး၏မှေးမိန်နေသော မျက်နှာသည်စတင်၍ အရောင်ပြောင်းလဲ ခဲ့သည်။


#မြန်မာပြည်သို့ရောက်ရှိလာခြင်း
(၁၉၁၄)ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင်၊ ပီးမေ(PIME) အသင်းဂိုဏ်၏အကြီးအကဲ ဖာသာရ် (Fr. Paolo Maruna) သည် မြန်မာပြည်သာသနာပြုလုပ်ငန်းအတွက် ကရုဏာရေးသီလရှင် အသင်းဂိုဏ်ချုပ် ဖာသာရ် အန်းဂျေလာ ဂက်စီ (Mr. Angela Ghessi, Qarior general of Sister of Charity) ထံစစ္စတာရ်များတောင်းခံခဲသည်။ ထို့ကြောင့် (၁၉၁၉)ခုနှစ်၊ နိုဝင်ဘာလတွင် ရောမမြို့သို့ ထွက်ခွာခဲ့သည်။

ရက်ပေါင်းကြာရှည်စွာ ကြမ်းတမ်းခက်ခဲလှသော ခရီးတစ်ခုပြုပြီးနောက်၊ (၁၉၁၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိလာခဲ့သည်။ ပထမဆုံး မြန်မာပြည်သာသနာပြု ကဂုဏာရေးသီလရှင် (၄) ဦးမှာ စစ္စတာရ် ဂျူစ်ပီးနာ မာစ်ပိုးလီ (Sr. Ggiuseppina Maspoli), စစ္စတာရ် အန်ဒြီးနား ခရစ်တိုဖောလီ (Sr. Andreina Cristofoli), စစ္စတာရ် ဗီဂျင်းစေ ကွန်စိုးနီ (Sr. Vincensa Consoni)နှင့် စစ္စတာရ် အာစွန်းတာ ကိုလွန်းဘို (Sr. Assumpta Colombo) တို့ပင်ဖြစ်သည်။
ရောက်လာသောစစ္စတာရ်များကို ပညာသင်ကြားနေကြသော မိဘမဲ့ကလေးများအား ကြည့်ရှုပျိုးထောင်ပေးရန်၊ မိန်းကလေးငယ်များအား လက်မှုအတတ်ပညာများသင်ကြားပေးရန်နှင့် ဆေးပေးခန်းတွင် လူမမာများအတွက် လိုအပ်သည်များကို ပြုလုပ်ဆောင်ရွက်ပေးရန် တာဝန်ပေး အပ်ခဲ့သည်။

( ၁၉၂၃ ) ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် “စိန်ဂျိုးဇက် အနူရုံ” (Asylum of St. Joseph) ကို နူနာရှင် (၃) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ အီတလီမှ ထပ်မံရောက်ရှိလာသော စစ္စတာရ်များဖြင့် သီလရှင်ကျောင်းများကို မိုင်းပျဉ်း၊ မိုင်းလင်း၊ မိုင်းယောင်းနှင့် လွိုင်မွေ ဒေသတို့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

#ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်ရှိလာခြင်း။
(၁၉၃၂)ခုနှစ်တွင် ပီးမေရဟန်းတော်များသည် သာသနာပြုဗဟိုအသစ်တစ်ခုကို ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်ပြီး ထိမှဝန်းကျင်အနီးတဝိုက်ရှိ ရွာပေါင်း (၃၀၀) ခန့်ရောက်ရှိသွားခဲ့သည်။
(၁၉၃၅) ခု၊ မေလ (၄) ရက်နေ့တွင် ကရုဏာရေးသီလရှင်အသင်းဂိုဏ်းချုပ် မာတာရ် အန်ထော်နီရဲ့တာ စတားနီ (Sr. Antenietta Steni)  မှ မြန်မာပြည်ရှိ အသင်းဂိုဏ်းအား ဗဟိုဋ္ဌာနခွဲ (Myanmar Province) အဖြစ်အတည်ပြုရန် ရဟန်းမင်းကြီးရုံးချုပ်အား တရားဝင်လျှောက်တင်ခဲ့သည်။ မေလ (၄) ရက်နေ့တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့ပြီး၊ (၁၉၃၅) ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ရောမမြို့ ရဟန်းမင်းကြီးရုံးချုပ်မှ တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ စစ္စတာရ် ဒါဗီဒီကာ အစတာပေ (Sr. Davidica Acqustaapace) မှ မြန်မာပြည်ရှိ အနာကြီးရောဂါဝေဒနာရှင်များအတွက် ဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် အနာကြီးရောဂါဝေဒနာရှင်များအတွက် ဂေဟာများဆောက်လုပ်ပြီး မေတ္တာတရားလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။

#ကရုဏာရေးသီလရှင်အသင်း၏လက်ရှိအခြေအနေ-
မြန်မာပြည် သာသနာ (၇) ခုဖြစ်သော
လွိုင်ကော်သာသနာ           - ၁၀ ကျောင်း
တောင်ကြီးသာသနာ          - (၈)ကျောင်း
ကျိုင်းတုံသာသနာ             - (၇)ကျောင်း
လားရှိုးသာသနာ                - (၂)ကျောင်း
မန္တလေးသာသနာ              - (၅)ကျောင်း
ပုသိမ်သာသနာ                  - (၁)ကျောင်း
ရန်ကုန်သာသနာ                - (၃)ကျောင်း
တို့တွင် သာသနာအမှုတော်ထမ်းလျက်ရှိကြသည်။