Sisters of Providence SdP

#မြော်မြင်ခြင်းသီလရှင်အသင်းဂိုဏ်းအကြောင်း
#မြော်မြင်ခြင်းသီလရှင်အသင်းဂိုဏ်း တည်ထောင်သူ ရဟန္တာလွီးဂျီစခရိုဆော့ပီ (Father Louis Scrosoppi)
#အသင်းဂိုဏ်းတည်ထောင်သူနှင့် အီတလီရှိမြော်မြင်ခြင်းသီလရှင်အသင်းဂိုဏ်း၏ သမိုင်းအကျဉ်း

ကျွန်ုပ်တို့၏ မြော်မြင်ခြင်းသီလရှင် အသင်းဂိုဏ်းတည်ထောင်သူ ရဟန္တာလွီးဂျီ စခရိုဆော့ပီ၏ နောက်ခံသမိုင်းကြောင်းကို အကျဉ်းချုပ်တင်ပြလိုပါသည်။ ရဟန္တာလွီးဂျီသည် (၁၈၀၄) ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့၊ အီတလီမြောက်ပိုင်း (Udine, a city of Friuli) ဦးဒီနေမြို့၌ ဖခင်ဒေါ်မဲနီကိုစခရိုဆော့ပီနှင့် မိခင်အန်တောညာလာဇရီးနီတို့မှ မွေးဖွားခဲ့သည့် သားရတနာ (၃) ဦး အနက် အငယ်ဆုံးသားထွေးဖြစ်သည်။ ကက်သလစ်မိသားစုဖြစ်သည့်အတိုင်း မွေးဖွားပြီး နောက်တစ်ရက်တွင် ဆေးကြောခြင်းမင်္ဂလာကို သန့်ရှင်းသောကယ်တင်ရှင်ဘုရားကျောင်းတော်၌ လွီးဂျီဟူသောအမည်ကိုခံယူခဲ့သည်။

ဖခင်ဖြစ်သူ ဒေါ်မဲနီကိုစခရိုဆော့ပီသည် ရတနာကုန်သည်လုပ်ငန်းရှင်ဖြစ်ပြီး ဇနီးဖြစ်သူသည် ဘုရားတရားကြည်ညို၍ အိမ်ထောင်ရှင်မကောင်းတစ်ဦး လည်းဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားတရားကိုင်းရှိုင်းပြီး ချစ်ခြင်းမေတ္တာထားတတ်သူများပီပီ မိမိတို့၏ကလေးများကို နှုတ်အားဖြင့် လည်းကောင်း၊ အကျင့်ပုံစံအားဖြင့်လည်းကောင်း၊ ဘုရားကိုသိရန်၊ ဘုရားကို ချစ်မြတ်နိုးတတ်ရန်နှင့် ဆင်းရဲသားများကို ကူညီရိုင်းပင်းရန် လမ်းညွန်သွန်သင်ပေးခဲ့သည်။

၁၈၁၄ နှင့် ၁၈၁၅ခုနှစ်အတွင်း မိုးခေါင်ရေရှားကပ်ပါးနှင့် ကြုံတွေ့ခဲ့ရပြီး ကောက်ပဲသီးနှံအထွက်တိုးများ လျော့နည်းကာ လူအများအစာရေစာငတ်မွတ်ခေါင်းပါး မှုဒဏ်ကိုခံစားခဲ့ရသည်။ ထိုအချိန်တွင် အသက်(၁၂)နှစ်သာရှိသေးသော လွီးဂျီသည် ရွယ်တူကလေးများ၏ ဆာလောင်မွတ်သိပ်ခြင်း၊ ဒုက္ခဝေဒနာခံစားရခြင်းနှင့် သေဆုံးခြင်းများအပေါ် ကိုယ်ချင်းစာစိတ်၊ ကြင်နာသနားစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင်ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်အလုပ်ရှုပ်နေတတ်သော မိခင်နှင့်အစ်ကိုဖြစ်သူ ဘုန်းတော်ကြီး ကားရ်လိုတို့၏ ပုံရိပ်များသည် သူ၏စိတ်တွင် တစ်ခုခုတောင်းဆိုနေသကဲ့သို့ ခံစားရသည်။ ထိုအချိန်မှစ၍ ဘုရားသခင်က သူ့ကိုရဟန်းဘ၀ရွေးချယ်ရန် ခေါ်နေပြီဟုခံစားသိရှိခဲ့ရသည်။

ထို့ကြောင့် ၁၈၂၂ခုနှစ်တွင် လွီးဂျီသည် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး ဖြစ်လို၍ စိန့်ဖိလစ်နေရီအသင်းဂိုဏ်းထဲဝင်ရောက်ကာ ပညာဆည်းပူးလေ့လာရင်း အားလပ်သောအချိန်၌ အစ်ကိုဖြစ်သူ ဘုန်းတော်ကြီးကားရ်လို၏ လုပ်ငန်းများကိုဝိုင်းဝန်းကူညီပေးခဲ့သည်။

ထို့နောက် ၁၈၂၇ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ ရဟန်းသိက္ခာခံယူခဲ့ပြီး ဆင်းရဲဒုက္ခဝေဒနာခံစားနေရသည့် အနိမ့်ကျဆုံးသော ညီအစ်ကိုမောင်နှမများကို အစေခံရန်အတွက် ကရူးစူးတံကျင်ပေါ်တွင် အသက်စွန့်ခဲ့သော ယေဇူးနှင့် တစ်လုံးတစ်ဝတည်းပေါင်းစပ်ကာ မိမိဘဝကိုအပ်နှံခဲ့သည်။ များစွာသောကရုဏာလုပ်ငန်းများကို အခက်အခဲများစွာထဲမှ ကြိုးစားလုပ်ဆောင်ခဲ့ရင်း ၁၈၃၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အီတလီနိုင်ငံ မြောက်ပိုင်း ဦးဒီနေမြို့တွင် မြော်မြင်ခြင်းသီလရှင်အသင်းဂိုဏ်းကို စတင်တည်ထောင်ပြီး အသင်းဂိုဏ်းကို ကာကွယ်စောင့်ရှောက်သူအဖြစ် ရဟန္တာဂိုင်တားနိုအား ယုံကြည်အားကိုးဆုတောင်းခဲ့ပါသည်။

စစ်တွင်းကာလဖြစ်နေသဖြင့် မိဘမဲ့ကလေးများ ပိုမိုများပြားလာခြင်း၊ စစ်ဒဏ်ကြောင့်ဒုက္ခသည်များ အစားအစာရှားပါးပြီး ခိုနားစရာနေအိမ်များလုံးလောက်စွာ မရှိခြင်းနှင့်ဆေးရုံ၌လူနာများ၊ သက်ကြီးရွယ်အိုများကို ကူညီမည့်သူကင်းမဲ့နေခြင်း၊ ဘုရားအကြောင်းဟောကြားမည့်သူများ နည်းပါးလာခြင်း စသည့်အခက်အခဲမျိုးစုံကို ကူညီစေရန်ရည်ရွယ်လျက် ဘုန်းတော်ကြီးလွီးဂျီသည် မြော်မြင်ခြင်းသီလရှင်အသင်းဂိုဏ်းကို တည်ထောင်ခဲ့ရခြင်းဖြစ်သည်။

ဘုန်းတော်ကြီး လွီးဂျီနှင့်သီလရှင်များသည် ဗက်သလင်မြို့ နွားစားခွက်၌ မွေးဖွားခဲ့သောယေဇူးသူငယ်တော်၏ ဆင်းရဲခြင်းနှင့် နှိမ့်ချခြင်း၊ နာဇရက်မြို့တွင် မိမိလုပ်အားဖြင့် ဘဝကိုတည်ထောင်ခဲ့သော ရိုးသားဖြောင့်မတ်ခြင်းနှင့် နာခံခြင်း၊ ကာရ်ဝါရီတောင်ပေါ်၌ မိမိကိုယ်ကို ဆက်ကပ်ပူဇော်ခဲ့ခြင်း၊ ကိုယ်တော်မြတ်ဗိမာန်တော်တွင် ဆိတ်ငြိမ်စွာရှိသော ယေဇူးသခင်၏ပါရမီများကို ချစ်မြတ်နိုးစွာဖြင့် အတုယူဆည်းပူးခဲ့ကြသည်။ ထို့ပြင် ကိုယ်တော်မြတ်စက္ကရမင်တူးကို အသင်းဂိုဏ်း၏ ပင်မသွေးကြောသဖွယ်လည်း အားကိုးရှင်သန်ခဲ့ကြပါသည်။

#အသင်းဂိုဏ်းကိုတည်ထောင်ခြင်း
မြော်မြင်ခြင်းသီလရှင်အသင်းဂိုဏ်းသည် ၁၈၃၇ ခုနှစ် ၊ဖေဖော်ဝါရီ (၁)ရက် အီတလီမြောက်ပိုင်း ဦးဒီနယ်မြို့တွင် စိန်လွီးဂျီစခရောဆောပီ မှတည်ထောင်ပြီး စိန်ဂိုင်တားနို၏ မှိုင်းမစောင့်ရှောက်မှုအောက်၌ ရဟန်းမင်းကြီး အခွင့်အာဏာရ သီလရှင်ဂိုင်းတစ်ဂိုဏ်းဖြစ်သည်။
၁၈၃၇ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက် ညနေတွင် အမျိုးသမီး (၉) ဦးတို့သည် စိန်လွီးဂျီ ရှေ့မျက်မှောက်၌ ဖြူစင်ခြင်း၊ နားထောင်ခြင်း၊ ဆင်းရဲခြင်း ကတိသစ္စာ ၃ပါးကိုခံယူကာ မိမိပိုင်ဆိုင်သော လက်ဝတ်ရတနာများကို ဆင်းရဲသားများအတွက်ပေးအပ်ပြီး ဘဝတစ်ခုလုံးကို ဘုရားရှင်ထံအပ်နှံပူဇော်ခဲ့သည်။

#အသင်းဂိုဏ်း၏လုပ်ဆောင်ချက်
၁) ကလေးများကိုပြုစုစောက်ရှောက်ခြင်းအားဖြင့် လူငယ်များအတွက် အထူးသဖြင့် ချို့တက်သောလူငယ်များ၏ပညာရေးကို ပြုစုပျိုးထောင်ပေးခြင်း။
၂) နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်း၊
၃) သာသနာပြုခြင်းနှင့် ဧဝံဂေလိသတင်းကိုဟောကြားယင်း တမန်တော်လုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခြင်းဖြင့် သာသနာပြန့်ပွားရေးကဏ္ဍတွင်ပါဝင်သည်။
မြော်မြင်ခြင်းသီလရှင်များ အသင်းဂိုဏ်းတည်ထောင်သူ၏ ရည်ရွယ်ချက်ကိုလုပ်ဆောင်ရာ၌ မျက်မှောက်ပြု ကျင့်ဆောင်ရမည့် အချက်များမှာ -
#အတုယူပြုကျင့်ခြင်း
#ဘက်သလင်မြို့မှ ဆင်းရဲစွာမွေးဖွားသော သခင်ယေဇူး
#နာဇရက်မြို့နေအိမ်မှနာခံခြင်းနှင့် လုံံ့လဝီရိယရှိသော သခင်ယေဇူး
#အစေခံ၍ ဒုက္ခခံပြီးအစေခံခဲ့သောသခင်ယေဇူး
#ကိုယ်တော်မြတ်စက္ကရမင်းတူးတွင် အစဉ်တည်ရှိနေသောသခင်ယေဇူး တို့ဖြစ်သည်။

#အသင်းဂိုဏ်း၏ဆောင်ပုဒ်(Motto)
မေတ္တာကရုဏာ၊ မေတ္တာကရုဏာ ဝိညာဉ်များကိုကယ်တင်ပါ။ ဝိညာဉ်များကိုမေတ္တာကရုဏာရှေ့ထားပြီး ကယ်တင်လိုက်ပါ။
မျှော်မြင်ခြင်းသီလရှင်တစ်ပါး၌ ရှိသင့်သောစိတ်နေသဘောထား.. မိခင်ကောင်း၊ ဆရာကောင်း၊ သိုးထိန်းကောင်း။

#အသင်းဂိုဏ်း၏အမှတ်တံဆိပ် (Logo)
#လိုဂိုတွင်ပါရှိသောကရူးစူးသည် ခရစ်တော်သခင်ကိုပုံတုယူလိုက်နာကျင့်ခြင်း၊
#နှလုံးသားပုံသည် ချစ်ခြင်းမေတ္တာတရားကိုအခြေခံခြင်း၊
#မီးလျှံပုံသည် ယဇ်ပလ္လင်(သို့) ဗိမာန်တော်၌ ထွန်းညှိထားသော ဆီမီးခွက်ကဲ့သို့ အစဉ်တောက်လောင်ခြင်း၊
#သံလွင်ခက်သည် ငြိမ်းချမ်းသာယာခြင်းတို့ကို အသီးသီးကိုယ်စားပြုထားပါသည်။                                                                   

#မြော်မြင်ခြင်းသီလရှင်တစ်ပါးဖြစ်ရန် တက်လှမ်းရမည့်အဆင့်ဆင့်       
#တောင်းခံသူအဆင့်။ -ကက်သလစ်ခရစ်ယာန်တို့၏ ဘဝအသက်တာအကြောင်းကို (၆)လမှ (၁)နှစ်အထိ လေ့လာသင်ယူရမည်။
#သီလရှင်လောင်းပထမအဆင့်။ ပထမနှစ်တွင် အသင်းဂိုဏ်း၏ဝိနည်း၊ ဘုရားစကား၊ ဧဝံဂေလိကျမ်းနှင့် ကတိသစ္စာ(၃)ပါး အကြောင်း၊ အသင်းဂိုဏ်း၏အခြေခံသဘောတရားများကို သင်ယူရပါမည်။
#သီလရှင်လောင်းဒုတိယအဆင့်။ ဒုတိယနှစ်တွင် ဘုရားစကားများနှင့် ကျမ်းစာတော်မြတ်ကိုလေ့လာ ဆည်းပူးခြင်း၊ ထို့နောက် အစမ်း (၆)လ တွင် ကွင်းဆင်းလေ့လာခြင်း၊ တိုင်းရင်းသားစာပေ၊ စကားတို့ကိုလေ့လာခြင်း၊ ၎င်းနောက် သီလရှင်ဘဝကိုတက်လှမ်းပြီး၊ ယာယီသစ္စာရှင်အဖြစ် (၆)နှစ် ပြည့်လျှင် မိမိဘဝကို ထာဝရဆက်ကပ်အပ်နှံမည့် တစ်သက်သစ္စာခံယူပြီးသော သီလရှင်ဘဝကိုပိုင်ဆိုင်မည်ဖြစ်သည်။

#မြန်မာနိုင်ငံရှိ သီလရှင်များ
မြန်မာနိုင်ငံအတွင်း မြော်မြင်ခြင်းသီလရှင်တို့ သာသနာ့အမှုတော် ထမ်းဆောင်နေကြသော သာသနာများမှာ ကျိုင်းတုံသာသနာ၊ တောင်ကြီးသာသနာနှင့် ရန်ကုန်သာသနာတို့ဖြစ်ပါသည်။

#မြန်မာပြည်၌ မြော်မြင်ခြင်းသီလရှင်ပေါင်း (၇6) ပါးရှိပါသည်။
မြော်မြင်ခြင်းသီလရှင်များသည် သူတော်မြတ်လွီးဂျီ သွန်သင်ပြသခဲ့သည့်အတိုင်း ဘုရားသခင်ထံ ယုံကြည်မှုအပြည့်ဖြင့် အားကိုးအားထားခြင်း၊ ဆင်းရဲသားကလေးသူငယ်များ၊ နာမကျန်းဖြစ်သူများနှင့် သက်ကြီးရွယ်အိုများအားလုံးကို လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားပဲ အကူအညီ ပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာ သတင်းကောင်းကို မိမိတို့ဘ၀ဖြင့် ဆက်ကပ်ပြသနေကြပါသည်။
ဥရောပတိုက်မှ အီတလီ၊ ရိုမေးနီးယား၊ အာဖရိကတိုက်ရှိ တိုဂိုအချို့နိုင်ငံများ၊ မြောက်အမေရိကတိုက် ဘရာဇီး၊ ဥရုဂွေး၊ ဘိုလီဗီးယာ၊ အာရှတိုက် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဖီလိပိုင်နိုင်ငံတို့တွင် သူတော်သူမြတ်လွီးဂျီ၏ လုပ်ဆောင်ချက်များကို မြော်မြင်ခြင်းသီလရှင်များက နေ့စဉ်နှင့်အမျှ နှိမ့်ချခြင်းဖြင့် ဆက်လက် အကောင်အထည်ဆောင်ရွက်နေကြပါသည်။

#မြော်မြင်ခြင်းသီလရှင်များ
#SistersofProvidence

17A, Thalawady Road.

7miles, Mayangone, Yangon.

 

ဆက်သွယ်ရန်လိပ်စာ

မြော််မြင်ခြင်း သီလရှင်ကျောင်း

ဆွမ်ဆပ်ကုန်း၊ကျို်းတုံမြိူ့။

၁၇က၊သလ္လာဝါတီလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း-၀၉၂၅၁၈၅၀၉၄၃/၀၉၄၄၉၈၈၂၂၄၄/၀၉၄၂၈၀၀၆၂၇၆