Untitled Document
Untitled Document
Untitled Document
ဝတၳဳ
နေမဝင်အချစ် (နီလာရိုင်း) Posted by Sr. Eugenie(SFX)

#အခန်း(၁)

လောက၌ကြောက်စရာအကောင်းဆုံးသည် သွေးဆာငတ်နေသော လူသားစားကျားရိုင်းကြီးလည်းမဟုတ်ပါ။ ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးမြွေဆိုးကြီးလည်းမဟုတ်ပါ။ ကြင်နာမှုကင်းမဲ့၍ အရက်စက်ဆုံး၊အကြမ်းကြုတ်ဆုံး၊ လူဆိုးကြီးလည်းမဟုတ်ပါ။ ၎င်းတို့သည် အလွန်ကြောက်စရာကောင်းသည်မှန်၏။ သို့ရာတွင် ၎င်းတို့ထက် အဆပေါင်းများစွာ ကြောက်စရာကောင်းသောသူမှာ အချိုသာဆုံးအပြုံးလှလှလေးများဖြင့် လည်းကောင်း၊ မာယာအမျိုးမျိုးဖြင့် နောက်ဆုံးမိမိတို့၏ဘဝတစ်ခုလုံးကို ဖျက်ဆီးတတ်သည့် မိတ်ဆွေတု၊ တစ်နည်းအားဖြင့် မာယာရှင်သစ္စာဖေါက်ဟု ပညာရှိတို့က အဆိုပြုကြသည်။ ၎င်းပညာရှိတို့ အဆိုပြုချက်သည် မှန်ကန်ကြောင်းကိုထောက်ခံသော ရင်နင့် ဘွယ်ကောင်းသည့် သမိုင်းဝင်အဖြစ် အပျက်ကြီးတစ်ခုမှာကား ----

#အခန်း(၂)

သန်းခေါင်ယံအချိန် -

သံလွင်ဥယျာဉ်သည် တိတ်ဆိတ်လျက်ရှိ၏။ တိရစ္ဆာန် ကျေးငှက်အပေါင်းသည် ညရင်ခွင်ဝယ် အိပ်မောကျလျှက်ရှိသည်။ လေအဝှေ့တွင် သစ်ကိုင်းတစ်ခုနှင့်တစ်ခု တိုက်မိသော အသံလေးများနှင့် တစ်ချက်တစ်ချက်တွင် တွန်ကျူးလိုက်သော တောကြက်တွန်သံများမှတပါး ညသည်ပကတိငြိမ်သက်လျက် ရှိသည် ။

ယခုအိပ်လို့ကောင်းသောအချိန်တွင် မအိပ်နိုင်သူတစ်ဦးတော့ဖြင့်ရှိနေသည်။ အရက်စက်ဆုံးခြင်းဆဲခြင်းများကို ခံရပြီး၊ အရက်စက်ဆုံးသေခြင်းကို ရင်ဆိုင်ရတော့မည်ကို အတတ်သိသောသူအတွက် အပူအပင်ကင်းစွာအိပ်နိုင်ပါမည်လော။

ခရစ်တော်သခင်သည် မကြာခင်သူချစ်သော အပြစ်သားတို့အတွက်ခံထမ်းရတော့မည့် မဟာဒုက္ခစရိယာကို မြင်ယောင်နေမိသည်။ ဘုရားဖြစ်သော်လည်း လူသားတစ်ယောက်အနေနှင့်ခံထမ်းရမည့် ကြောက်မက်ဘွယ်ရာ ဒုက္ခများကိုတုန်လှုပ်နေမိသည်။ ချမ်းအေးလှသော လေအေးများ တိုက်ခတ်နေသော်လည်း ကိုယ်တော်ရှင်သည် ချမ်းအေးမှုကိုမခံစားရ။ အအေးဒဏ်သည် ကိုယ်တော်ရှင်၏ရင်တွင်းမှ သောကအပူကိုမလွှမ်းမိုးနိုင်ချေ။ မည်မျှပူပင်ခြင်း၊ စိုးရိမ်ခြင်းကြီးသည်ဆိုသော် ကြောက်လန့်လွန်းသဖြင့် ချွေးတို့သည် နီရဲသောသွေးအဖြစ်သို့ ပြောင်းကာ ခရစ်တော်၏ တစ်ကိုယ်လုံး ရွှဲနစ်နေသည်။

တတ်နိုင်လျှင် ထိုဒုက္ခများမှကင်းဝေးစေချင်သည်။ သို့သော် မိမိအလိုတော်အတိုင်းမဟုတ်၊ အဖခမည်းတော် ဘုရား၏အလိုတော်အတိုင်းဖြစ်ပါစေဟု ခရစ်တော်သည်တစ်ညလုံးဆုတောင်းနေမိသည်။ မိမိ၏ဘဝတစ်ခုလုံးကို ခရစ်တော်သည် ခမည်းတော်ဘုရားထံ အကြွင်းမဲ့အပ်နှံနေသည်။ ဆုတောင်းပြီး၍ထကာ သူနှင့်မနီးမဝေး ဘေးတစ်ဘက် တစ်ချက်သို့ကြည့်လိုက်သောအခါ သူ့အားနှစ်သိမ့်မှုပေးကာ တစ်ညလုံးမအိပ်ပဲ စောင့်နေကြမည်ဟု အားပေးခဲ့ကြသောတပည့်တော်ကြီးသုံးပါးသည် ကျောက်တုံးများကို ခေါင်းအုံးလုပ်ကာတခေါခေါအိပ်မော ကျနေသည်ကို မြင်လိုက်ရ၏။

တပည့်တော်ကြီးတို့၏ဟောက်သံများသည် ခရစ်တော်ရှင်ကို ပို၍စိတ်ဓါတ်ကျစေသည်။ ကိုယ်တော်ရှင်သည် စိတ်မသက်မသာဖြင့် ချစ်တပည့်တော်များကို ညင်သာစွာနှိုးလိုက်သည်။ “ပေတရူးတို့ ယောဟန်တို့ ထကြလော့။” ထိုအခါမှ တပည့်တော်ကြီးများသည် အိပ်မှုန်စုံမွှားနှင့်ထလာကြသည် ။

“ချစ်တပည့်တို့ လူသားကိုအပ်နှံမည့်အချိန်သည် ရောက်လုပြီ။” ဟု ကိုယ်တော်က သတိပေးလိုက်၏။ တပည့်တော်ကြီးတို့သည် ကိုယ်တော်၏စကားကို နားလည်ပုံမပေါ်၊ ကလေးငယ်များပမာ မျက်လုံးလေး ကလယ် ကလယ်ဖြင့် ကိုယ်တော်ရှင်ကို ပြန်ကြည့်နေကြသည်။ ခရစ်တော်ရှင်အတွက် အန္တရာယ်သည် လက်တကမ်း အကွာတွင်ရောက်နေပြီကို တပည့်တော်တို့သည် မသိကြသေးပါတကား။

#အခန်း(၃)

တဖြောက်ဖြောက်နှင့်သစ်ရွက်ခြောက်များကိုနင်းလာသောခြေသံများကို အဝေးမှပင်ခရစ်တော်နှင့် တပည့်တော်ကြီးတို့သည်ကြားနေရ၏။ တိတ်ဆိတ်နေသော သံလွင်ဥယျာဉ်တွင် ထိုခြေသံများသည် ကျယ်လောင်လှပါဘိ။ ခြေသံများ တဖြည်းဖြည်းပို၍ကျယ်လာသည်။ ခဏကြာလျှင် ခြေသံများနှင့်အတူ မီးရောင်များကြောင့် မိမိတို့ထံလာနေသော လူအုပ်ကြီးကိုပါမြင်ကြရသည်။ ယေဇူးသည် အန္တရာယ်၏အငွေ့အသက်ကိုရလိုက်သည်။ ထိုလူအုပ်ကြီးသည် အနီးသို့ရောက်လာသောအခါ လူစုခွဲကာ ကိုယ်တော်ရှင်နှင့် တပည့်တော်ကြီးများကိုဝိုင်းလိုက်သည်။

“ဝိုင်းဟ.. ဖမ်းဟ .. မလွတ်စေနဲ့” ဟူသော သွေးဆာငတ်နေသော အသံနက်ကြီးများသည် တတောလုံးကို ဆူညံသွားသည်။ ကြောက်မက်ဘွယ်ကောင်းသော အမင်္ဂလာအသံကြီးများကြောင့် ငှက်ငယ်များ၊ တောကြက်များပင် လန့်ဖြန့်၍ထပျံကြသည်။ ခရစ်တော်သည် ထိုလူများကိုစူးစမ်းသည့်သဘောဖြင့် ကြည့်လိုက်သည်။

“အို .. သူ့ရန်သူတွေ ပါလား .” ခရစ်တော်ကို အမျိုးမျိုးအပြစ်ရှာ၊ ရန်ထောင်၊ မုန်းတီး အကောက်ကြံနေသည့် ရဟန်းအကြီးအကဲများနှင့် စစ်သားများဖြစ်ကြသည်။ မီးရောင်အောက်တွင် ဓါးများတဖွေးဖွေးနှင့် ဆွမ်းကျွေးရန် လာဖိတ်သည်တော့မဖြစ်တန်ပါ။ ကိုယ်တော်ရှင်သည် ကျားရှေ့ရောက်နေသည့်သိုးငယ်ဘဝကို ရိပ်စားမိလိုက်သည်။

သို့သော် ခရစ်တော်သည်ရဲရင့်စွာ လူအုပ်ကြီးကိုရင်ဆိုင်လိုက်သည်။ ခရစ်တော်၏ရဲရင့်မှုကို မြင်သောအခါ ရန်သူများသည် ကြောင်၍နေသည်။ မလှုပ်ရှားကြသေး။
ဟော. လူအုပ်ထဲမှလူတစ်ယောက် ထွက်လာသည် ထိုသူကား ယုဒအီစကာရုဒ်ပင်ဖြစ်သည်။
တပည့်တော်ကြီးယုဒသည် ကိုယ်တော်ထံ တလှမ်းချင်း လာနေသည်။ ယုဒသည် အလှဆုံးပြုံးလို့နေသည်။ ဟန်ဆောင်ထားသည့် မာယာအပြုံးဆိုသည်ကို ကိုယ်တော်သိလိုက်သည်။ ယုဒသည် ကိုယ်တော်ထံရောက်လျှင် လှိုက်လှိုက်လှဲလှဲပွေ့ဖက်ပြီး ညင်သာသော အနမ်းလေးတစ်ပွင့် ပေးလိုက်သည်။

ဂျူးလူမျိုးတို့အတွက် တစ်ဦးကိုတစ်ဦး အနမ်းဆက်ခြင်းသည် မိတ်ဆွေများအတွက် အရင်းနှီးဆုံး၊ အယုံကြည်ဆုံး၊ သင်္ကေတတစ်ခုဖြစ်သည်။ သို့သော် ခရစ်တော်ရှင် ဝမ်းမသာနိုင်ပါ။ မပြုံးမရယ်နိုင်ပါ။ အဘယ်ကြောင့်ပါနည်း။

မုဆိုးသည် သားကောင်များကို အစာဝအောင်ကျွေးသည်။ သို့သော် မုဆိုး၏စေတနာနောက်ကွယ်၌ ထောင်ချောက်များ၊ ညွှတ်ကွင်းများ အဆင်သင့် စောင့်ကြိုနေသည်ကို အတတ်သိသော သားကောင်သည် ထိုမုဆိုး၏အစာကို အလှူပွဲကြီးဟုမြင်နိုင် ပါမည်လော။

ထို့အတူ ယုဒသည် အပြုံးလှလှလေးများနှင့် အနမ်းချိုမြမြလေးတို့ကိုပေးပြီး မိမိအားရန်သူ့ထံအပ်နှံဖေါက်ပြန် နေသည်ကို တန်ခိုးတော်နှင့်သိနေသောခရစ်တော်သည် အပြုံးလှလှကလေးများနှင့် အနမ်းလှလှလေးများအတွက် ကြည်နူးဝမ်းမြောက် နိုင်ပါမည်လော။ ယုဒသည် အနမ်းလေးဖြင့်ရန်သူတို့ကို ယေဇူးဖြစ်ကြောင်း သင်္ကေတပြလိုက်ပြီ မဟုတ်ပါလော။ ယေဇူးသည် ယုဒကို စိုက်ကြည့်လိုက်၏။ ကိုယ်တော်၏ အကြည့်သည် စူးရှလွန်း၏။ ယုဒ၏နှလုံးသားတစ်ခုလုံးကို သိမ်းကျုံးဖေါက်ထွင်းသွားသည့်အလား ယုဒခံစားလိုက်ရသည်။

ယေဇူး၏မျက်နှာတွင် ကြေကွဲခြင်း၊ ဝမ်းနည်းခြင်းတို့နှင့် လွှမ်းမိုးနေသည်။ သို့သော် အံ့ဩဘွယ်ပင် အမျက်ဒေါသ၏ အရိပ်အရောင်လုံးဝမတွေ့ရ။ ခွင့်လွှတ်နေသည့်ဟန်။ အတန်ကြာမှ ယုဒကိုညင်သာစွာခေါ်၍ ဒေါသကင်းသော စကားတစ်ခွန်းကိုဆိုသည်။

“ချစ်တပည့်ယုဒ၊ မင်းငါ့ကို အနမ်းလေးတစ်ချက်ပေးပြီး ရန်သူ့ထံအပ်နှံနေပြီလား ..” ယေဇူး၏စကားသည် ညင်သာလှသည်။ ကြင်နာမှု၊ ခွင့်လွှတ်မှုအပြည့်။ ကိုယ်တော်ရှင်၏စကားသံသည် တိုးတိုးလေးဖြစ်သော်လည်း စိတ်မလုံသူ ယုဒအတွက် မိုးခြိမ်းသံလိုကျယ်လောင်လှသည်။

အကယ်၍ ခရစ်တော်၏ ကြေကွဲနေသောမျက်နှာကို အကဲခတ်မည်ဆိုပါက -

“ယုဒ .. မင်းသိပ် ရက်စက်ပါလား.. မင်းလုပ်ရက်တယ်၊ နောင်တရသင့်ပြီ” ဟု တပည့်မိုက်ကို သတိပေး နေသည့်အရိပ်အယောင်ကိုတွေ့ရပေမည်။ သို့သော် ယုဒနောင်တရပုံမပေါ်.. အဿပြာသုံးဆယ်ကိုသာ မြင်ယောင်နေဟန်တူသည်။ သစ္စာ မေတ္တာနှင့် ကျေးဇူးတရားတို့ကို ယုဒမစဉ်းစား။ ငွေသာအဓိက၊ ငွေသာသူ့ဘဝဟု ခံယူထားပုံပေါ်သည်။ မိုက်တွင်းနက်သည့်ယုဒ.. ။

သံပေတရူးသည် ယုဒနှင့် ယေဇူး၏အခြေအနေကို အကဲခတ်နေသည်။ အကယ်၍ ကိုယ်တော်က ယုဒသည်သစ္စာဖေါက်ဖြစ်သည်ဟု ပေတရူးကိုပြောလျှင် ယုဒအတွက်မလွယ်၊ ခရစ်တော်ကို အလွန်ချစ်၍ မဟုတ်လျှင် မခံတတ်သော သံပေတရူး၏ဓါးချက်သည် ယုဒ၏အသက်ကိုအန္တရာယ် ပေးလိမ့်မည်။ သို့သော်ခရစ်တော်သည် ယုဒအား အန္တရာယ်မဖြစ်စေချင်ပါ။ ခွင့်မလွှတ်ထိုက်သောတပည့်မိုက်အား အန္တရာယ် ဖြစ်စေမည့်စကားတစ်ခွန်းကိုမျှမပြော။ အဆုံးတိုင်ခွင့်လွှတ်နေသည်။

တပည့်တော်ကြီးပေတရူးမရိပ်မိအောင် ခရစ်တော်သည် လူအုပ်ကြီးဘက်သို့ အာရုံပြောင်းလိုက်သည်။ ရန်သူတို့ကို မျက်နှာမူပြီးအခါ “သင်တို့ဘယ်သူ့ကိုရှာနေကြတာလဲ” ဟု မေးလိုက်သည်။ “ယေဇူးနာဇရေနူး” ကိုရှာကြသည်ဟု ပြန်ဖြေကြသောအခါ “ဒါဆို ငါ့တပည့်တော်တွေကိုလွှတ်လိုက်ပါ။ ငါဟာ မင်းတို့ရှာနေတဲ့ယေဇူးပါပဲ” ဟုပြောလိုက်သည့် ခဏချင်းမှာ စစ်သားများ၊ ရဟန်း အကြီးအကဲများအားလုံး မြေပေါ်သို့ တဘုန်းဘုန်းလဲကျကုန်သည်။ လွန်ခဲ့သော မိနစ်ပိုင်းက သတ်မည်၊ ဖြတ်မည်တကဲကဲ လုပ်နေကြသည့်ရန်သူတို့မှာ ယခုမူ လူသေကောင်များကဲ့သို့ မလှုပ်ရှားနိုင်ကြတော့ပါ။ သူတို့ မမြင်နိုင်သော ကြီးမားသည့် တန်ခိုးတစ်ခုခုက သူတို့၏ အင်အားများကို ချုပ်နှောင်ထားလိုက်သကဲ့သို့ ခံစားလိုက်ကြရသည်။ ဤကဲ့သို့ နှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေဇူးသည် ရှောင်ထွက်သွားလျှင် ရသည်။ သို့သော် ရှောင်ဖယ်မသွားပါ။ တပည့် တော်ကြီး သံပေတရူးသည် ကိုယ်တော်ကို အားမရ၊ တန်ခိုးတော်နှင့် နဂါးမှန်းသိသွားအောင် အမောက်ထောင် ပြလိုက်စေချင်သည်။ ကျောင်းမှန်း .. ကန်မှန်း သိသွားအောင် ပညာပြလိုက် စေချင်သည်။

ကိုယ်တော်ကို လွှတ်မြောက်စေချင် လွန်း၍ သံပေထရူးသည် မာရ်ကူးဆိုသော စစ်သားတစ်ယောက်ကို ဓါးနှင့် ပြေးခုတ်ရာ နားရွက်ပြတ်သွားခဲ့သည်။ ယေဇူးက ထိုသို့မလုပ်ရန် သံပေတရူးကို တားလိုက်ရ၏။

မိမိသည် မိမိ၏အလိုတော်အတိုင်းရန်သူများထံ မိမိ၏ဘဝကို အပ်နှံနေကြောင်း၊ အကယ်၍မိမိ၏ဆန္ဒမပါလျှင် ရန်သူတို့သည် မိမိကိုမဲ့တစ်ပေါက်စွန်းအောင်မလုပ်နိုင်ကြောင်း၊ မိမိအလိုရှိလျှင် ကောင်းကင်က သိကြားတမန်တပ်ကြီးသည် ဤရန်သူတို့ကို စိစိညက်ညက်လာရောက်ချေမှုန်းပစ်နိုင်ကြောင်းတို့ကို ရှင်းပြပြီးလျှင်
“ငါ့ကိုဖမ်းကြပါ" ဟု ကိုယ်တော်သည် မိမိကိုယ်ကို ရန်သူတို့ထံအပ်နှံလိုက်သည်။

စစ်သူရဲများသည် ကိုယ်တော်ကို အတင်းတွန်းထိုး၊ တုတ်နှောင်ကြသည်။ သိုးကို သားသတ်ရုံပို့မည့်ပုံမျိုး၊ ကိုယ်တော်ကား အရာရာကို လူသားတို့အတွက် ခံထမ်းလျက်စကားတစ်ခွန်းမျှမဆို ငြိမ်၍နေလျှက် ..။

#အခန်း(၄)

ခရစ်တော်ရှင်သည် ရန်သူတို့ပြုသမျှကို သည်းခံခွင့်လွှတ်နေသည်။ တစ်ကောင်ကြွက်လို အားမဲ့နေတဲ့ ဘဝဖြစ်နေလို့ ပေါ့ကွာ။ တစ်ကောင်ကျားသာဖြစ်ရင် တတောလုံးကို ဝါးပစ်လိုက်မယ်ဆိုသည့် အားမတန်၍ မာန်လျော့လိုက်သည့် သဘောမဟုတ်။

စင်္ကြာဝဠာတစ်ခုလုံးကို မှောက်လိုမှောက်၊ လှန်လိုလှန်နိုင်သည့် တန်ခိုးရှိသော်လည်း လူသားတို့၏နှလုံးသားကို မေတ္တာတရားနှင့်သာ အောင်မြင်လိုခြင်းကြောင့်လည်းကောင်း၊ လူသားတို့၏ကယ်တင်ခြင်းအတွက်လည်းကောင်း၊ မိမိကိုယ်ကို အနစ်မွမ်းခံလိုက်ခြင်းသာဖြစ်သည်။ လူသားတို့အပေါ်ထားရှိသော ခရစ်တော်၏အဆုံးအစမရှိသော မေတ္တာတရား၏ သက်သေပင်ဖြစ်သည်။

၎င်းကို အမိုက်သားယုဒ သိပါလေစ.... ခရစ်တော်သည် ကမ္ဘာသူ ကမ္ဘာသား အားလုံးကို အတိုင်းအဆမရှိချစ်သည်။ ဖေါက်ပြန်ရက်စက်သော တပည့်မိုက် ယုဒကိုပင် “နေမဝင်အချစ်" နှင့် ချစ်နေဆဲ ကြင်နာနေဆဲပါတကား..

အော် . ခရစ်တော်၏မေတ္တာတရားဖြင့် လွှမ်းခြုံချယ်သထားသော အကြင်နာနှလုံးသားသည် သိမ်မွေ့လှပါဘိ။ နူးညံ့ဖြူစင်လှပါ၏။ အံ့ဩဘွယ်မဟုတ်ပါလော။ မေတ္တာဟူသည် ခွင့်လွှတ်ခြင်း အနစ်နာခံခြင်းဟူသော ဥပဒေသကို လက်တွေ့ပြသခဲ့သည်ထင်ပါ၏။

စစ်သူရဲများက ယေဇူးကိုတွန်းထိုးဆွဲငင်ခေါ်ဆောင် သွားကြ၏။ သစ္စာဖေါက်ယုဒ၏ မာယာလွှမ်းသော အနမ်းပန်း တစ်ပွင့်သည် ခရစ်တော်၏ဘဝလမ်းကို အဆိပ်သင့်စေခဲ့ပြီတကား။ အချစ်ဆုံး အယုံကြည်ဆုံးတပည့်တော် ဆယ့်နှစ်ဖေါ် တွင်ပါဝင်သော တပည့်ရင်းယုဒ၏သစ္စာမဲ့ခြင်းသည် ယေဇူး၏အသဲနှလုံးတစ်ခုလုံးကို ကြေကွဲနာကျင်စေခဲ့ပြီတကား..။

#အခန်း(၅)

လောက၌ကြောက်စရာအကောင်းဆုံးသည် သွေးဆာငတ်နေသော လူသားစားကျားရိုင်းကြီးလည်းမဟုတ်ပါ။ ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးမြွေဆိုးကြီးလည်းမဟုတ်ပါ။ ကြင်နာမှုကင်းမဲ့၍အရက်စက်ဆုံးအကြမ်းကြုတ်ဆုံး လူဆိုးကြီးလည်း မဟုတ်ပါ။

လောက၌ကြောက် စရာကောင်းသောသူကား အကြင်နာဆုံးအပြုံးလှလှလေးများဖြင့် လည်းကောင်း၊ အချိုသာဆုံး စကားလုံးလှလှလေးများဖြင့် လည်းကောင်း၊ လှည့်စားကာ နောက်ဆုံး၌မိမိတို့၏ဘဝတစ်ခုလုံးကို ဖျက်ဆီးတတ်သည့် ချစ်ခင်ကြင်နာဟန်ဆောင်တတ်သော မိတ်ဆွေတု၊ တစ်နည်းအားဖြင့် မာယာရှင်သစ္စာဖေါက်ဟု ပညာရှိတို့က အဆိုပြုကြသည်။ ထိုအဆိုမှန်ကန်ကြောင်းကို မေတ္တာရှင်ခရစ်တော် ဘုရားနှင့် သစ္စာဖေါက်ယုဒတို့၏ဇာတ်လမ်းက သက်သေခံနေပါသည်တကား။

#နီလာရိုင်း

ဝတၳဳ