သံနိုဘတ်သည် သက္ကရာဇ် ၁၀၈၀-ခုနှစ်တွင် ဂျာမနီနိုင်ငံ ကလေဖတ်စ် (Cleves)၌ မွေးဖွားခဲ့သည်။ သူ့ဘဝ၏ အစပိုင်းကို ဒုစရိုက်များ၊ လောကီသာယာမှုများ၌သာ ကုန်လွန်စေခဲ့သည်။ သူသည် ဦးပဉ္စင်းလေးတောင် ဖြစ်လာသည်။ သို့သော် မထိုက်တန်သော စိတ်နေစိတ်ထားဖြင့်သာလျှင် ဖြစ်သည်။ အသက် ၃၃-နှစ်အရွယ်တွင် မတော်တဆ ထိခိုက်မှုတစ်ရပ်သည် သူ၏အကျင့်ပုံစံ ပြောင်းလဲမှုအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ ပြင်းထန်သော မိုးကြိုးမုန်တိုင်းကြောင့် ကြောက်လန့်သွားသော သူ၏မြင်းသည် ပဒပ်ရပ်၍ သူသည် မြေပေါ်သို့ ပြုတ်ကျပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။ တစ်နာရီအကြာတွင် သံနိုဘတ်သည် ပြန်သတိယလာ၍ ဘုရားသခင်ကို “ကိုယ်တော် မိမိအား ဘာလုပ်ရန် အလိုရှိပါသနည်း” ဟုမေးမြန်းခဲ့သည်။ “မကောင်းမှုမှ လှည့်ပြန်၍ ကောင်းရာမွန်ရာကို လုပ်ပါ” ဟု အတွင်းမှအသံတစ်သံက ပြောကြားခဲ့သည်။ သူသည် ဆက်တန် (Xanten)သို့ ထွက်ခွာ၍ ထိုနေရာတွင် သူသည် ရဟန်းသိက္ခာ ခံယူရန်အတွက် ပြင်ဆင်သောအားဖြင့် ဆုတောင်းမေတ္တာပြုခြင်း၊ အပြစ်ဒဏ် ဆပ်ဖြေခြင်းတို့ဖြင့် မိမိဘဝကို ပြင်ဆင်နေထိုင်ခဲ့သည်။ သူ၏ရည်ရွယ်ချက်များ ရိုးသားမှုကို သက်သေပြရန်အတွက် သူပိုင်ဆိုင်သမျှ အားလုံးကို ဆင်းရဲသားများအား ပေးကမ်း၍ ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂလာဆီရပ် (Gelasius)ထံတွင် လူသိရှင်ကြား အပြစ်ဖြေခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက တုန့်ပြန်သောအားဖြင့် သူနှစ်သက်ရာ မည်သည့်နေရာတွင်မဆို ဧဝံဂေလိတရားကို ဟောပြောနိုင်သော အခွင့်ကို ပေးခဲ့သည်။ သက္ကရာဇ် ၁၁၂၁-ခုနှစ်တွင် နိုဘတ်သည် လူသူအရောက်အပေါက်နည်းသော ပရီမွန်းထရေ (Premontre) တောင်ကြားတွင် အဖော်ရဟန်း ၁၃ပါးနှင့်အတူ ဘာသာရေးအဖွဲ့အစည်း အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။သက္ကရာဇ် ၁၁၂၅-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဟော်နိုရီအုစ် (Honorius II)က တရားဝင် အသိအမှတ် ပြုခဲ့သည်။ နောက်ငါးနှစ်ကြာသောအခါ နိုဘတ်သည် မက်ဒေဘတ်ခ် (Magdeburg)၏ ဆရာတော်အဖြစ် ခန့်အပ်ခံရသည်။ သူသည် ထိုမြို့အတွင်းသို့ အလွန်ဆင်းဆင်းရဲရဲ ဝတ်စားဆင်ယင်၍ သွားသဖြင့် ဆရာတော်ကျောင်းမှ ဂိတ်စောင့်သည် သူ့အားဝင်ခွင့်မပေးဘဲ အခြားသောသူက ဆရာတော်ဖြစ်တယ်ဟု အော်ဟစ်ကြသောအခါ နိုဘတ်သည် ရှက်ရွံ့နေသော ဂိတ်စောင့်အား “ကိစ္စမရှိဘူး ချစ်ညီလေးရယ် မင်းဟာ ငါ့ကိုဒီနေရာကို စေလွှတ်တဲ့လူတွေထက် ပိုပြီးမှန်ကန်စွာ ဆုံးဖြတ်ခဲ့တာပဲ” ဟုပြောလေသည်။ သူ၏တာဝန် အသစ်တွင်လည်း သူသည် ရသေ့တို့၏ ကျပ်တည်းစွာ ကျင့်ခြင်းကို ဆက်လက်၍ ကျင့်သည်။ မဟုတ်မတရား ပြုခြင်းများ၊ ပုံသက်သေဆိုးများ ပပျောက်သွားရန်အတွက် အသင်းတော်အတွင်း ပြန်လည်ပြုပြင်ရန် သံန္နိဌာန် စွဲစွဲမြဲမြဲ ချထားလေသည်။ သက္ကရာဇ် ၁၁၃၄-ခုနှစ်တွင် သံနိုဘတ်သည် မက်ခ်ဒေဘက်ခ် (Magdeburg)တွင် ပျံလွန်တော်မူပြီး သူ၏ဓာတ်တော် မွေတော်တို့သည် ဘိုဟီးမီးယားရှိ စတွာဟုတ် (Strahov) ရသေ့ကျောင်းတိုက်တွင် ယနေ့ထက်တိုင် ရှိနေသည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)