Untitled Document
Untitled Document
Untitled Document
ဝတၳဳ
ဇွန်လ။ ၇ ရက်နေ့။ နားထောင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။ Posted by M Sulatthtwe

ယနေ့ပွဲနေ့ရှင်သည် အမိနိုင်ငံတော်အတွက် စစ်ဆိုက်ရန် နာဇီစစ်သားအဖြစ် အခေါ်ခံခဲ့ရသည်။ သို့သော်လည်း မတရားသော စစ်ပွဲအတွက် သူသည် စစ်မူထမ်းရန် ငြင်းဆန်ခဲ့သည်။ စစ်မူထမ်းခြင်းကို ငြင်းဆန်ခဲ့သောကြောင့် ပွဲနေ့ရှင်သည် ကွပ်မျက်ခံခဲ့ရသည်။ ယနေ့ပွဲနေ့ရှင်ကို ဩစတြီယာနိုင်ငံ၏ အထက်ပိုင်း St. Radegund မြို့၌ မွေးဖွားခဲ့သည်။ လူငယ်တစ်ဦးအနေဖြင့် မော်တော်ဆိုင်ကယ်စီးခြင်းကို အလွန်ခုံမင်သူ ဖြစ်သည်။ ထို့အတူ ဒေသအတွင်းရှိ လမ်းသူရဲအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူ၏အဖွဲ့၀င်အချို့သည် (၁၉၃၄) ခုနှစ်၌ ဆိုးသွမ်းရမ်းကားသည့် ပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများ ရှိခဲ့သည်။ ထို့နောက် အခြားမြို့တစ်မြို့သို့ ရှောင်ကာ ထိုမြို့၌ မိုင်းလုပ်သားအဖြစ် (၃)နှစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် သူ၏ဇာတိမြို့သို့ ပြန်လာကာ တောင်သူဦးကြီးအဖြစ် ဘ၀ကို ပြန်လည်စတင် ရုန်းကန်ပြီး ဘာသာတရားကို ခံယူချက် မှန်ကန်စွာ လိုက်စားရင်း အေးချမ်းစွာ နေထိုင်ခဲ့သည်။ သူသည် Rosalia Huber နှင့် လက်ထပ်ခဲ့ပြီး သမီး (၃) ဦး ထွန်းကားခဲ့သည်။ သူ၏သမီးများမှာ ရိုစလင်း၊ မာရီနှင့် အလွိုင်းသျှာတို့ ဖြစ်ပါသည်။ (၁၉၃၈) ခုနှစ်မှစ၍ သူသည် ဂျာမဏီ၏ ဩစတြီယားနိုင်ငံအား နယ်ချဲ့သိမ်းပိုက်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ နောက်နှစ်၌ပင် စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခံလိုက်ရသည်။ (၇)လတာမျှ ပြင်းပြင်းထန်ထန် စစ်သင်တန်း တက်ရောက်ခဲ့ရသော်လည်း စစ်ထဲသို့ ချက်ချင်း မသွားခဲ့ရသေးပေ။ (၁၉၄၀) မှသာ စစ်ကြောင်းထဲလိုက်ရန် ဆင့်ခေါ်ခံလိုက်ရသည်။ စစ်ထဲလိုက်မသွားမီ မြို့တော်၀န်၏ ထောက်ခံချက်ဖြင့် မိသားစုထံသို့ ပြန်ခွင့်ရခဲ့သည်။ သူသည် (၁၉၄၀-၁၉၄၁) ခုနှစ်အတွင်း စစ်မှုထမ်း နေခဲ့သည်။ သူ၏ဆရာတော်၊ ကျောင်းထိုင်နှင့် အခြားသော ဘုန်း‌တော်ကြီးများကလည်း နိုင်ငံတော်အား စစ်မှုထမ်းခြင်းနှင့် ပတ်သက်၍ မငြင်းဆန်ရန်လမ်းညွှန်ပေးခဲ့သည်။ သို့ဖြင့် (၁၉၄၃၊ ဖေဖော်ဝါရီ) လ အိမ်သို့ပြန်နားခွင့်ရချိန်တွင် ထပ်မံ၍ စစ်မှုထမ်းရန် ဆင့်ခေါ် ခံခဲ့ရပြန်သည်။ သို့သော် ယခုတစ်ခါ၌ နာဇီဂျာမဏီ၏ခေါင်းဆောင် ‘ဟစ်တလာ’ အား သစ္စာခံပါမည် ဖြစ်ကြောင်း ကျိန်ဆိုခိုင်းသောအခါ ပြုလုပ်ရန် ငြင်းဆန်ခဲ့၍ Linz မြို့၌ ထောင်ချခံခဲ့ရသည်။ နောက်ပိုင်း၌မူ သူ့အား တာ၀န်ပေးအပ်ခြင်း မပြုထားသော်လည်း ဆေးတပ်သားများအား ကူညီပေးခဲ့သည်။ ထိုနှစ် သန့်ရှင်းသော ရက်သတ္တပတ် အတွင်း၌ ပွဲနေ့ရှင်သည် သူ၏ဇနီးထံ အောက်ပါအတိုင်း စာရေးသား ပေးပို့ခဲ့၏။ ‘ပါစကား ပွဲတော်ကြီးလည်း နီးလာပြီ။ အရင်ကလို ဒီကမ္ဘာ လောကကြီးထဲမှာ ပါစကားပွဲကို မိသားစု စုံစုံလင်လင်နဲ့ ကျင်းပဖို့ ဘုရားသခင် ခွင့်မပြုခဲ့ရင်လည်း စိတ်မကောင်း မဖြစ်ပါနဲ့။ ထာ၀ရ ပါစကားပွဲကို ကျင်းပဖို့ ရောင်နီဦးက ရှိသေးတယ်။ တို့မိသားစု၀င် တစ်ယောက်မှ အဲဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမှာ မဟုတ်ဘူး။ အတူတူ ပြန်ဆုံပြီး ထာ၀ရပျော်ဖို့ အခွင့်ရှိသေးတယ်’ ဟုဖြစ်သည်။ ထိုနှစ်၏ မေလ၌ပင် ဘာလင်အကျဉ်းထောင်သို့ သူ့အား ပြောင်းရွေ့လိုက်သည်။ ဂျာမဏီဖက်မှ ရှေ့နေက အခြားသော ကက်သလစ် ဘာသာ၀င်များပင်လျင် စစ်မှုထမ်းနေကြောင်း၊ သင်သည် အဘယ်ကြောင့် မထမ်းနိုင်သနည်းဟု သူ့အား ခြောက်တစ်မျိုး၊ ချော့တစ်မျိုး စည်းရုံးရန် ကြိုးစား၏။ သို့သော် ‘ကျွန်တော့်ရဲ့  ဩတ္တပ္ပစိတ်ရဲ့ စေ့ဆော်ချက်ကိုဘဲ လိုက်တယ်။ ဘယ်သူ့ကိုမှ မစီရင်ဘူး။ ကိုယ့်ကိုယ်ကိုဘဲ စီရင်တယ်။ ကျွန်တော့်မိသားစုကို ငဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု၀င် အားလုံးကို ဘုရားသခင်ရဲ့ လက်တော်ထဲမှာ အပ်မယ်လို့ အမြဲဆုတောင်းတယ်။ ကျွန်တော် လုပ်ချင်တာဟာ ဘုရားလုပ်စေချင်တာပါဘဲ။ ကျွန်တော့်မိသားစုကို ဘုရားသခင် စောင့်ရှောက်မှာပါ’ ဟု ပြတ်သားစွာ ပြန်လည် ဖြေကြားခဲ့သည်။ (၁၉၄၃၊ ဩဂုတ်လ ၈) နေ့၌ ပွဲနေ့ရှင်သည် သူ၏ချစ်လှစွာသော အိမ်သူသက်ထားထံသို့ ‘ချစ်ရတဲ့ အိမ်သူသက်ထားနဲ့ အမေရေ၊ ငါ့ဘ၀တစ်လျှောက်လုံးမှာ နင်လုပ်ပေးခဲ့တာ၊ နင်ခံထမ်းခဲ့တာ‌တွေ အားလုံး၊ အားလုံးအတွက် ငါ့နှလုံး သဲပွတ်ထဲကနေ နင့်ကိုကျေးဇူးထပ်ပြီး တင်ပါရစေ။ တကယ်လို့ ငါ နင့်ကို ထိခိုက်စေခဲ့တာ၊ မှားခဲ့တာတွေ ရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့ တောင်းခံပါတယ်။ ငါလည်း ဘာတစ်ခုမှ ထိန်ချန်မထားဘဲ နင့်ကို ခွင့်လွှတ် ပေးလိုက်ပါတယ်။ ငါတို့ရဲ့ ကလေးတွေကိုလည်း နှုတ်ဆက်ချင်မိတယ်။ အကယ်၍ ငါကောင်းကင်နိုင်ငံကို စောစောစီးစီး ၀င်ခွင့်ရရင် ကောင်းကင် နိုင်ငံတော်မှာ မင်းတို့အားလုံးအတွက် နေရာနည်းနည်းလေးပေးဖို့ ဘုရားသခင်ကို အသနား ခံထားပါ့မယ်’ ဟု စိတ်ထိခိုက်ဖွယ် စာရေးသား ပေး‌ပို့ခဲ့သည်။ ထိုစာရေးသားပေးပို့ပြီး နောက်တစ်နေ့၌ ပွဲနေ့ရှင်သည် ခေါင်းဖြတ်သတ်ခံခဲ့ရပြီး၊ မီးတင် ရှို့လိုက်ကြသည်။ (၁၉၄၆) ခုနှစ်မှ သူ၏အရိုးပြာများကို သူ၏မွေးရပ်မြေသို့ ပြန်လည် မြှုပ်နှံနိုင်ခဲ့သည်။ သူ့အား မြှုပ်နှံသောနေရာ၌ သူ၏ဇာတိမြေတူပြီး စစ်မှုထမ်းစဉ် ကျဆုံးခဲ့သောသူ အယောက် (၆၀)ခန့်ကို ကဗျည်းများ ရေးထိုးမြှုပ်နှံထားသည်။ သူ့အား သူတော်မြတ်အဖြစ် (၂၀၀၇၊ အောက်တိုဘာလ ၂၆) ရက်နေ့က တင်မြောက်ခဲ့သည်။ သူ၏ဝိညာဉ်ရေးခံယူချက် ဖြစ်စဉ်မှတ်တမ်းမှတ်ရာများ အားလုံးသညါ ရောမမြို့ရှိ စိန့်ဘာသိုလိုမေးအို ဘုရားကျေင်း၏ (၂၀) ရာစု တရားတော်အတွက် အသက်စတေးခဲ့ကြသော ဓမ္မအာဇာနည်များ ပလ္လင်တွင် ထားရှိဖူးမြော် ခံထားသည်။ ပွဲနေ့ရှင်၏ အဖြစ်အပျက်သည် လက်ရှိမြန်မာနိုင်ငံ၌ ကြုံတွေ့ ဖြတ်သန်းနေသော နိုင်ငံရေး အခြေအနေနှင့် တူပါသည်။ မတရားသော အဖွဲ့အစည်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အားမပေးလိုသောကြောင့် CDM ပြုလုပ်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မတရား အကြမ်းဖက်အဖွဲ့အား ကြားကန်ရာ ရောက်သည့် ထုတ်ကုန်များကို မိမိတို့ဆိုင်များ၌ မတင်ခြင်း၊ ၀ယ်ယူစားသုံးခြင်း မပြုခြင်းအားဖြင့် နည်းလမ်း အသွယ်သွယ်ဖြင့် ဆန့်ကျင်နေခြင်းနှင့် တူပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ တရားနှင့် လုံး၀ဆန့်ကျင်သောကြောင့် ဖြစ်သည်။ သို့သော် ဤသို့ လုပ်ဆောင်ရာ၌ ကက်သလစ် ခရစ်ယာန် အတော်များများ ပျက်ကွက်နေကြသည်မှာ အလွန်၀မ်းနည်းစရာ ဖြစ်သည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

 

ရဟႏာၱ