Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#ဇွန်လ (၈) ရက် #ယနေ့အမိသာသနာတော်ကြီးကအမှတ်ရကျင်းပသောပွဲနေ့ရှင် #ရော့ခ်မြို့မှစိန့်ဝီလျံ မွေး - ၁၀၉၀၊ ပျံလွန် - ဇွန်လ ၈၊ ၁၁၅၄) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ယနေ့ပွဲနေ့ရှင်ကို (၁၂) ရာစု၌ အင်္ဂလန်နိုင်ငံမှ အလွန်အင်အားကြီးသော မိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ ပွဲနေ့ရှင်သည် မွေးရာပါ ထူးထူးခြားခြား ကြီးကြီးမားမား အမှုကိစ္စများကို လုပ်ရန် ဇာတာပါလာဟန် ရှိသည်။ သူ၏ဦးလေးဖြစ်သူမှာ အင်္ဂလန် တော်၀င်မိသားစု၏ ထီးနန်းဆက်ခံရမည့် သူတစ်ဦး ဖြစ်သည်။ တော်၀င်မိသားစုသည် သပွတ်အူကဲ့သို့ ရှုပ်ထွေးသော နန်းတွင်းရေးရာနှင့် လုံးထွေးနေခဲ့သည်။ ယနေ့ ပွဲနေ့ရှင် ကိုယ်တိုင်သည်ပင်လျင် သူ့ခေတ်အခါ၏ သာသနာအရေး အငြင်းပွားစရာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤသို့သော အမှုကိစ္စနှင့် ရင်ဆိုင်နေခဲ့ရသော်လည်း ပွဲနေ့ရှင်သည် ‘ယော့ခ်’ မြို့၏ ဂိုဏ်းချုပ် ဆရာတော်အဖြစ် (၁၁၄၀) ခုနှစ်၌ ရွေးချယ်ခံခဲ့ရသည်။ ဒေသခံ သံဃာတော်များသည် ဘာသာရေး လုပ်ငန်းများ၌ စိတ်အားထက်သန်မှုလည်း မရှိ။ ကန်တာဘူရီ ဂိုဏ်းချုပ်သာသနာ၏ သာသနာပိုင် ဆရာတော်သည် ပွဲနေ့ရှင်အား သိက္ခာထပ်ရန် ငြင်းဆန်နေခဲ့သည်။ ပွဲနေ့ရှင်သည် ‘ယော့ခ်’ ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်အဖြစ် ကြေညာခံရပြီး (၃)နှစ်မြောက်မှသာ အိမ်နီးနားမှ ဆရာတော်တစ်ပါးက ဆရာတော်သိက္ခာ ထပ်ပေးခဲ့သည်။ ထိုသို့ သိက္ခာ ထပ်ပေးခဲ့သော်လည်း ထိုခေတ်ကာလက သာသနာကို ဦးဆောင်နေသော ရဟန်းမင်းကြီး ‘အင်းနိုစင့် (၂)’ ၏ အတည်ပြုချက်ကို မရရှိခဲ့ပေ။ ထို့အတူ ရဟန်းမင်းကြီး၏ အရိုက်အရာကို ဆက်ခံခဲ့သော ရဟန်းမင်းကြီးကလည်း အတည်ပြုရန် ဆက်လက် ပျက်ကွက်ခဲ့ပြန်သည်။ ဤသို့ဖြင့် ပွဲနေ့ရှင်သည် ဆရာတော်တစ်ပါးအဖြစ် အမှုတော် ထမ်းခွင့်မရခဲ့ဘဲ ‘ယော့ခ်’ သာသနာအတွက် အခြားသော ဆရာတော်အသစ် တစ်ပါးကို ပြန်လည် ရွေးချယ်ခဲ့ကြသည်။

ပွဲနေ့ရှင်သည် ဆရာတော်အဖြစ် သိက္ခာထပ်ပြီး (၁၄) နှစ်အကြာ (၁၁၅၄) ခုနှစ်မှ နောက်တစ်ကြိမ် ဆရာတော်အဖြစ် ရွေးချယ်ခံရပြီး ‘ယော့ခ်’ ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာခဲ့သည်။ ဆရာတော်အဖြစ် အသိအမှတ်ပြု ကြေညာခံလိုက်ရပြီးနောက် သာသနာအတွင်းသို့ အခမ်းအနားဖြင့် ၀င်ရောက်ခဲ့ရာ သူ့အား သောင်းသောင်းဖြဖြ၊ တက်တက်ကြွကြွဖြင့် ကြိုဆိုခဲ့ကြသည်။ သို့သော် ဆရာတော်အဖြစ် အသိအမှတ် ပြုခံရပြီး သာသနာပိုင် အမှုတော်ကို ထမ်းဆောင်နေစဉ် နှစ်လအကြာ၌ ပွဲနေ့ရှင်သည် ထူးဆန်းစွာ ပျံလွန်သွားခဲ့သည်။ တိကျသော အချက်အလက်များ မရှိသော်လည်း အဆိပ်ခပ်၍ လုပ်ကြံခဲ့သည်ဟု ဆိုကြသည်။ သံသယရှိသူမှာ သူ၏အနီးကပ် လုပ်ဖော်ဆောင်ဖက် လက်ထောက်ပင် ဖြစ်သည်။

ပွဲနေ့ရှင်သည် ဂုဏ်သိမ်ငယ်စရာ အခြေအနေများစွာကို ခံခဲ့ရသော်လည်း သူ၏ပြိုင်ဖက် ရန်သူများအား လက်စားချေခြင်း၊ အငြိုးအတေး ထားရှိခြင်းများ လုံး၀မပြခဲ့။ ‌နောက်ဆုံး သူ့အား မလိုလားကြသူများနှင့်ပင် သာသနာအမှုကို လိုလိုလားလား၊ ယုံယုံကြည်ကြည် လက်တွဲ လုပ်ဆောင်ခဲ့သည်။ ထိုသူ၏ ယုံကြည်မှုသည် သူ့အား စောစီးစွာ ပျံလွန်ရန် အကြောင်းတရား ဖြစ်စေခဲ့သည်။ သူ့အား လုပ်ကြံမည်၊ မကောင်းကြံမည်ကို တွေး၍ လက်ဦးမှုယူရန်၊ ကာကွယ်ရန် အာဏာပြ၍ လုပ်ဆောင်ခဲ့ခြင်း လုံး၀မရှိခဲ့ပေ။ သူပျံလွန်ပြီးနောက်ပိုင်း သူ့အား ကြည်ညို အားကိုးသူများသည် သူ၏ ကြား၀င်ဆုတောင်း ပေးခြင်းဖြင့် ကျေးဇူးတော်များစွာ ထူးဆန်းဖွယ် ကောင်းကြီးများစွာကို ခံစားခဲ့ရသည်။ သူ့အား သူပျံလွန်ပြီး (၇၃) နှစ်အကြာ၌ ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။

ကောင်းသော အရာများသည် စိတ်ရှည်စွာ စောင့်ဆိုင်းသူတို့ထံ ရောက်လာသည်’ ဟူသော အဆိုသည် ယနေ့ ပွဲနေ့ရှင်အတွက် အလွန်သင့်လျှော်သည်။ ကျွန်ုပ်တို့ လိုချင်သည့်အရာကို လိုချင်သည့်အချိန်၌ ချက်ချင်း ရလေ့မရှိ။ စိတ်ရှည်စွာ စောင့်ဆိုင်းရတတ်သည်။ အကယ်၍ ကျွန်ုပ်တို့၏ တောင့်တမှုသည် ကျွန်ုပ်တို့ ကောင်းကျိုး ဖြစ်စေမည်ဆိုပါလျှင် ဘုရားသခင် မဖြစ်မနေ ပေးလာလိမ့်မည်ဟု ဖြည့်တွေး၍ ယုံကြည်စွာ စောင့်ဆိုင်းရတတ်ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) 

 

ရဟႏာၱ