ပေးကမ်းရာတွင်လည်း မိဘများမှ သားသမီးများအား ဥစ္စာ၊ ပညာ၊ ဘာသာရေး အမွေများ ပေးကမ်း တတ်ခြင်းသည်လည်း အတတ်တစ်ခု ဖြစ်ပါသည်။ မိဘများသည် သားသမီး ရင်သွေးတို့၏ လက်ဦးဆရာ၊ ပုံဖော်ထုဆစ်သူများ ဖြစ်ကြပါသည်။ မိဘတို့၏ ကောင်းသော ပုံသက်သေများ ဖြစ်ကြသော ဘာသာတရား ကိုင်းရှိုင်းခြင်း၊ ဘာသာတရားအကြောင်း သင်ကြားပေးခြင်းများသည် ရင်သွေးတို့အား ပေးနိုင်သော မိဘတို့၏ အကောင်းဆုံးအမွေ ဖြစ်ပါသည်။ မိဘတို့၏ ပေးကမ်းတတ်ခြင်းသည် သားသမီးတို့၏ ဘဝတန်ဖိုးကို မြင့်တက်စေရန်၊ ဘာသာတရား အခြေခံထား၍ ဘဝနေနည်း၊ ရှင်သန်နည်းကို သင်ကြားပေးလိုက်ခြင်း ဖြစ်ပါသည်။
(၂၀၁၁) သည် မြန်မာနိုင်ငံအတွက် သော်လည်းကောင်း၊ အထူးသဖြင့် ကျိုင်းတုံသာသနာအတွက် ဘုရားသခင် ထူးခြားစွာ ကောင်းကြီး သွန်းလောင်း ပေးခဲ့သော နှစ်တစ်နှစ် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် Blessed ဖာသာရ်ဗီစ်မားရာအား အီတလီနိုင်ငံ မီလန်ဂိုဏ်းချုပ် သာသနာ၏ ဘုရားကျောင်း ရင်ပြင်၌ Blessed (သူတော်မြတ်)အဖြစ် ခမ်းနားစွာ ကြေငြာ၍ တင်မြောက်ခဲ့ပါသည်။ ဤသို့ တင်မြောက်နိုင်ရန်မှာ သူတော်သူမြတ် တင်မြောက်ခြင်းဆိုင်ရာ ဗာတီကန် ရုံးတော်မှ အသိအမှတ်ပြုသော တန်ခိုးတစ်ခုကို သူတော်မြတ်၏ ကြားဝင် ဆုတောင်းပေးမှုကို ရယူရပါသည်။ ထိုတန်ခိုးသည် သဘာဝထက် လွန်ကဲသောြဖစ်ရပ် ဖြစ်ရမည်။ ဥပမာအနေဖြင့် ရောဂါ ကျွမ်းနေသောကြောင့် ဆရာဝန်များ အနေဖြင့် ဆေးဝါး အကူအညီဖြင့် ကုသပျောက်ကင်းရန် လုံးဝ လက်လျှော့ထားသော ဝေဒနာရှင်ကို (သေလူအဖြစ် သတ်မှတ်ထားသူ) ဆေးဝါးကုသခြင်း လုံးဝရပ်တန့်ကာ၊ ဘုရားကုသည့် သဘောဖြင့် သူတော်မြတ် တင်မြောက်ရန် ဆိုင်းပြင်းနေသော အဆိုပါ ဘုရားအစေခံ၏ ကြားဝင် ဆုတောင်းမှုကို အဆက်မပြတ် တောင်းခံရပါသည်။ အခြေအနေ ထူးခြားရုံဖြင့် မရဘဲ ပျောက်ကင်းသည်အထိ အထောက်အထား အခိုင်အလုံ ရှိရပါသည်။ ဤသို့ တန်ခိုး တောင်းခံရာတွင် ထူးခြားစွာ လူသိများခဲ့သော ပုဂ္ဂိုလ်မြတ်များသည် ကိုးစားသူ များ၍ မြန်ဆန်စွာ ခံစားရတတ်ကြပါသည်။ ဥပမာအနေဖြင့် အီတလီနိုင်ငံမှ ယေဇူးသခင်၏ ဒဏ်ရာတော် ငါးချက်ရှင် ပါးဒရယ်ပီးအို၊ အိန္ဒိယနိုင်ငံမှ မာသာရ်ထရေဇာ၊ ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) တို့သည် သက်ရှိထင်ရှား ရှိနေစဉ်ကတည်းက လူသိများခဲ့သူ၊ ထူခြားသော လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ကြသူများ ဖြစ်ကြပါသည်။ ရဟန္တာ သူတော်သူမြတ်ဟု ဆိုလိုက်လျှင် ကြီးကြီးမားမား လုပ်ဆောင်မှ ကျင့်ကြံ အားထုတ်နိုင်မှဟု ထင်မှတ်ကြပါသည်။ မှန်သင့်သလောက် မှန်ပါသည်။ သို့သော် ကြီးကြီးမားမား လုပ်ဆောင်သည်ထက် သေးသေးဖွဲဖွဲကို ကြီးမားသော စိတ်ထားဖြင့်၊ မြင့်မြတ်သော စိတ်ထားဖြင့် လုပ်တတ်ခြင်းသည် သေးဖွဲသောအမှုကို ကြီးမြတ် သွားစေပါသည်။
ဖာသာရ် ဗီစ်မားရာသည် ပီးမေသာသနာပြု (ရေခြားမြေခြားသို့ သာသနာပြုသော အီတလီ ဘုန်းတော်ကြီး) အသင်းဝင်တစ်ပါး ဖြစ်ပါသည်။ လူသိနည်းပြီး၊ ဘဝနေထိုင်ပုံမှာလည်း အလွန်ရိုးရှင်း လှပါသည်။ သို့သော် အရာရာကို ဆက်ကပ် လုပ်ဆောင်ရာတွင်မူ အလွန်ထူခြား လှပါသည်။ ဤသို့ လုပ်ဆောင်တတ်ရန် ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ မိဘများထံမှ သင်ကြားခဲ့ရသည်။ သူသည် ဘုရားတရား အလွန်ရိုသေ ကိုင်းရှိုင်းသော မိသားစုမှ မွေးဖွား ကြီးပြင်းလာခဲ့သူ ဖြစ်ပါသည်။ မိသားစုဝင်လည်း များသောမိသားစု၊ ပထမကမ္ဘာစစ် ကာလ၌ ခက်ခဲကြမ်းတမ်းစွာ ကြီးပြင်လာခဲ့ရ၊ စစ်၏အကျည်းတန်မှု၊ ဆိုးကျိုးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရ၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် မိဘမဲ့ခဲ့ရသော အတွေ့အကြုံများသည် သူ့အား အရာရာကို အလေးအနက်ထား လုပ်ဆောင်တတ်ရန် သင်ကြားပေးခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် လူ မှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးသည် သူ၏ဘဝကို ထိန်းကျောင်း လမ်းညွှန် ပဲ့ကိုင် ပေးခဲ့ပါသည်။
Blessed ဖာသာရ်ဗီစ်မားရာ၏လုပ်ဆောင်ချက်များ
ဖာသာရ် ဗီစ်မားရာသည် အထက်က ဆိုခဲ့သည့်အတိုင်း ကြီးမားသော လုပ်ဆောင်မှုမျိုးထက် အသေးအဖွဲကို ထူးခြားသော စိတ်ထားဖြင့် ကြီးမားအောင် လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ ဤသို့ လုပ်ဆောင်နိုင်ရန်မှာ ယုံကြည်ခြင်းအား ကြီးရန် လိုအပ်ပါသည်။ ယုံကြည်ခြင်းအားကြီးရန်မှာ ခရစ်ယာန် တစ်ဦးအနေဖြင့် ဖြည့်ဆည်းရမည့် ကြည်ညိုခြင်းဆိုင်ရာ ဝတ္တရားများ၊ ကိုးကွယ်ခြင်းဆိုင်ရာ ဝတ္တရားများကိုလည်း မမှိတ်မသုန် ဆောင်ရွက်ရမည် ဖြစ်သည်။ ဤသို့ ဆောင်ရွက်တတ်ခြင်းဖြင့် ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသောအရာ၊ အခြေအနေများကို တရားသဘောဖြင့် မြင်တွေ့ တတ်လာမည်။ အခြေအနေမှန်ကို လက်ခံတတ်လာမည်။ ထိုဖြစ်ပျက်နေသော အခြေအနေကို အဘယ်သို့ ပါဝင်တည့်မတ် လုပ်ဆောင် ပေးရမည်ကိုလည်း အသိရလာမည် ဖြစ်ပါသည်။ သူသည် ဘုရားသခင်အား စိတ်နှလုံး အကြွင်းမဲ့၊ ခွန်အားရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ခဲ့၊ ပေးဆပ်ခဲ့ပါသည်။ (ရှင်လုကာ ၁၀း၇) ကောင်းကင်နိုင်ငံတော်သည် မုန်ညှင်းစေ့နှင့် လည်းကောင်း၊ တဆေးနှင့် လည်းကောင်း၊ မြေ၌ ဝှက်ကွယ်နေသော တန်ဖိုးကြီးလှသည့် ပုလဲလုံးနှင့် တူသည်ဟု ယေဇူးသခင်က ခိုင်းနှိုင်းပမာ ပြုထားပါသည်။ (ရှင်မာတေဦး ၁၃း ၃၁၊ ၃၃၊ ၄၆) မုန်းညှင်းစေ့သည် အရွယ်ပမာဏအားဖြင့် သေးငယ်သော်လည်း အပင်ပေါက် လာသောအခါ ကောင်းကင်ဌက်များစွာ ခိုကိုးနိုင်၊ အသိုက် ဆောက်လုပ် နေထိုင်နိုင်ကြောင်း တဆေးသည်လည်း ပမာဏ နည်းလှသော်လည်း မုန့်ညက်ကို ပွစေနိုင်ကြောင်း၊ အဖိုးတန်လှသော ပုလဲလုံးသည် အရွယ်အားဖြင့် သေးငယ် လှသော်လည်း တန်ဖိုးဖြတ် မရသော ရတနာ ဖြစ်သောကြောင့် ရှာဖွေ တွေ့ရှိသည့် သူသည် မိမိ၏ ပိုင်ဆိုင်မှု အားလုံးကို ရောင်း၍ပင် ဝယ်ယူဝံ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုပုလဲကို ထုခွဲရောင်းချလိုက်လျှင် မိမိရင်းခဲ့သော ငွေကြေးပမာဏထက် အဆများစွာ အကျိုးအမြတ် ရမည်ြဖစ်သည်။ ထို့ကြောင့် အရာရာကို စွန့်ရန် နှောင့်နှေး တွန့်ဆုတ် မနေတော့ပေ။
ကလေးသူငယ် (လူငယ်များ)အား ပြုစုပျိုးထောင်ခြင်း အသိ သူ၏ ယုံကြည်ခြင်းသည် ဆင်ခြင်တုံတရား မဲ့သော ယုံကြည်ခြင်းဟု ဆိုရမလောက်ပင် ဘုရားသခင်၏ မြော်မြင် ကူညီတော်မူခြင်းကို လုံးဝဥသုန် ယုံကြည် အပ်နှံထားသူ ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းကို လူသားအမြင်ဖြင့် သုံးသပ်မည်ဆိုလျှင် ကံယုံ၍ ဆူးပုံနင်းခြင်းဟုသာ ဆိုရမည် ဖြစ်ပါသည်။ သို့သော် ဘာသာရေး အမြင်ဖြင့်မူ ယုံကြည်ခြင်း အားကြီးခြင်း ဖြစ်ပါသည်။ ယုံကြည်ခြင်း အားကြီးလာလျှင် အရူးတစ်ယောက်ပမာ၊ ကိုယ်ကျိုးမေ့၍ ရှိသမျှ အများကျိုးအတွက် (ဘုရားသခင် သားသမီးများ ဖြစ်သောကြောင့်)သာ အငမ်းမရ လုပ်ဆောင် လာတတ်ပါသည်။ တမန်တော်ကြီး ပေါလုကိုယ်တိုင် ဘုရားသခင်အတွက် အရူးဟူ၍ သော်လည်းကောင်း (ကော်ရိန်သု သြဝါဒစာ ဒုတိယစောင် ၁၁း၁၆) ယေဇူးသခင်သည် တရားဒေသနာ ဟောကြားခြင်း၊ အနာရောဂါ ကင်းပျောက်စေရန် ကုသ ပေးခြင်းများဖြင့် ထမင်းမေ့၊ ဟင်းမေ့ လုပ်ဆောင် နေသောကြောင့် မလိုသူများ၊ နားမလည်သူများက နတ်ဆိုးပူးကပ်ခြင်း ခံနေရသူဟုလည်း သမုတ်ခြင်း ခံခဲ့ရပါသည်။ (ရှင်မာကု ၃း၃၀)
မိမိဖြတ်သန်းခဲ့သော ခက်ခဲ ကြမ်းတမ်းလှသည့် ဘဝအတွေ့အကြုံကို အပြစ်တင် ဝေဖန်နေမည့်အစား၊ အားမလို အားမရ တမြေ့မြေ့ ခံစားနာကျည်းနေမည့်အစား အကောင်းဆုံး သင်ခန်းစာအဖြစ် သင်ယူကာ ခေတ်အခြေအနေကို မိမိတတ်နိုင်သလောက် ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ သူမြန်မာပြည်သို့ ရောက်ရှိလာခဲ့စဉ်၌ မြန်မာနိုင်ငံသည် လွတ်လပ်ရေး မရသေးသောကာလ ဖြစ်ပါသည်။ ထိုခေတ်ကာလ၏ ခက်ခဲမှု၊ စိန်ခေါ်မှု၊ မလုံခြုံမှု (နိုင်ငံခြားသားဖြစ်၍ မလုံခြုံမှု)များကို ယနေ့ မျိုးဆက်သစ်များ ဖြစ်သော ကျွန်တော်တို့ ကိုယ်တိုင် မှန်းဆတွေးလျှင်ပင် ကျက်သီးမွှေးများ ထသွားရပါသည်။ ငြိမ်းချမ်းမှု မရှိသော အခြေအနေ၏ ဓားစာခံ (သို့) သားကောင်များကား အရွယ်မရောက်သေးသော ကလေးလူငယ်များ၊ အမျိုးသမီး ကြီးငယ်များ ဖြစ်ကြပါသည်။ ဤအဖြစ်အပျက်ကို သူကိုယ်တိုင် ဖြတ်သန်း၊ မြင်တွေ့ ခဲ့ရပါသည်။ (ဖာသာရ် ကလေမင်းတယ် ဗီစ်မားရာသည် အီတလီနိုင်ငံ၌ စစ်မှုထမ်းကာ ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သူ၊ အီတလီနိုင်ငံမှ ချီးမြှင့်သော မော်ကွန်းဝင် မှတ်တမ်း ရရှိထားသူ ဖြစ်သည်။) ထို့ကြောင့် သူ၏ သာသနာပြု လုပ်ငန်းစဉ်တွင် ပထမဦးစားပေး ဇောင်းချ လုပ်ဆောင်ခဲ့သော အရာမှာ ကလေး သူငယ်များအား ပြုစုပျိုးထောင်ခြင်း၊ လူငယ်များအား ပညာရည်နို့ တိုက်ကျွေး၍ ဘဝအသိအမြင်များ မြင့်တင်ပေးခြင်း၊ ခိုကိုးရာမဲ့၊ လုံခြုံမှု မဲ့နေသော အမျိုးသမီးများအား ခိုကိုးရာပေးခြင်း၊ အလုပ်များ ထွင်ပေးခြင်းများ ဖြစ်ပါသည်။
သူ့ခေတ်အခါ၌ ယောက်ကျားလေး၊ မိန်းကလေး (၂၀၀)ခန့်အား နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် ကျွေးမွေး ထားနိုင်ခဲ့သည်မှာ ဘုရားသခင်၏ မြော်မြင်တော်မူခြင်း ကျေးဇူးတော်၌ လုံးဝဥသုန် ယုံကြည်သူသာ မဟုတ်ခဲ့ပါလျှင် အဘယ်သို့ စွန့်စားဝံ့မည်နည်း။ သယ်ယူ ပို့ဆောင်ရေး အလွန်ပင် ခက်ခဲသောအချိန်၊ ယာဉ်တန်းများ ပုံမှန်ပြေးဆွဲခြင်း မရှိသည့်ကာလ။ ထိုကာလမျိုး၌ ဆန်ရေစပါး ပြတ်လပ် သွားမည် ဆိုပါလျှင် အချိန်တန်လျှင် အစာကို မျှော်ရော့မည့် ကလေးများအား ကျွေးမွေးရန်မှာ ဝန်ထုပ် မဟုတ်သလော။ ဘုရားကို ချစ်သောစိတ် လွှမ်းခြုံ ထုံမွှမ်းသွားသောအခါ စိတ်ပူရမည်မသိ။ စိုးရိမ်ရမည်မသိ။ အရာရာကို ဘုရားအားနှင့် စွမ်းဆောင် သူများသာလျှင် ခေါင်းအေး နိုင်ပေမည်။ (ရှင်ဟောဟန် ၁၅း၁-၇) ကျောင်းတက်သော ကလေးများပင်လျှင် (၂၀၀)ကျော်ရှိပြီး၊ သက်ကြီးရွယ်အို အမယ်အိုများလည်း ရှိပါသေးသည်။ ကျောင်းသားများအား သူကိုယ်တိုင် ထိန်းသော်လည်း၊ ကျောင်းသူများနှင့် အမျိုးသမီးကြီးများကိုမူ စစ္စတာရ်တို့၏ စောင့်ရှောက်မှုအောက်၌ ထားရှိပါသည်။ အငယ်ဆုံးသောသူအား သင်တို့ ပြုသမျှသည် ငါ့ကိုပင် ပြုသည်ဟူသော ကိုယ်တော်ရှင်၏ တရားတော်ကို မြေဝယ်မကျ ထိရောက်စွာ ကျင့်ကြံခဲ့သူ ဖြစ်ပါသည်။ (ရှင်မာတေဦး ၂၅း၄၀)
နားထောင်ခြင်းပါရမီမြဲသူ
သူတော်စင်များသည် နားခံခြင်း၊ ချိုးခြံချွေတာခြင်းနှင့် အိမ်ထောင် သားမွေး ပြုခြင်းဘဝကို ဘုရားသခင်အား အပ်နှံကပ်လှူခြင်း ကတိသစ္စာ သုံးပါးကို ခါးဝတ်ပုဆိုးနှယ် မြဲမြဲမြံမြံ ကျင့်ကြံ နေထိုင်ရပါသည်။ ထို့အတူ ဖာသာရ် ဗီစ်မားရာသည်လည်း ကတိသစ္စာ သုံးပါးကို မြဲမြံစွာ စောင့်ထိန်းခဲ့ပါသည်။ အထူးသဖြင့် သာသနာ့ အမှုတော် ထမ်းသည့်ကိစ္စနှင့် ပတ်သက်လာလျှင် စေရာသွား၊ ထားရာမှာ ပျော်အောင်နေ၊ တွေ့သည့်သူတိုင်းနှင့် အဆင်အပြေဆုံး ဖြစ်အောင် နေတတ်သူ ဖြစ်သည်။ အကြီးအကဲ၏ စေလွှတ်သည့် ဒေသသည် လွယ်ကူသည် ဖြစ်စေ၊ ခက်ခဲကြမ်းတမ်းသည် ဖြစ်စေ၊ မည်သည့်အခါမျှ ငြီးငြူခြင်းများ မပြုခဲ့။ သာသနာပြု စိတ်ဓာတ် အပြည့်ဖြင့် ဆက်ကပ် အပ်နှံရှင်သန်ခဲ့သူ ဖြစ်ပါသည်။
သူသည် မြန်မာနိုင်ငံသို့ (၁၉၂၃၀) ခုနှစ်တွင် ရောက်ရှိ လာခဲ့ပါသည်။ မိမိ သာသနာပြုမည့် အရပ်မှ ဒေသခံစကားကို သင်ယူကာ အကြီးအကဲ စေလွှတ် သာသနာပြု နယ်မြေသို့ ရဲဝံ့စွာ ထွက်လာခဲ့ပါသည်။ သူသည် ကျိုင်းတုံ သာသနာ အတွင်းရှိ မိုင်းလင်းသို့ ပထမ သာသနာပြု ခရီးစဉ်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရပါသည်။ ထိုခရီး အဘယ်မျှ ခက်ခဲ ကြမ်းတမ်းမည်ကို စဉ်းစား၍ ဉာဏ်မမှီပေ။ အဘယ်ကြောင့် ဆိုသော် ယခုလက်ရှိ ကျိုင်းတုံ တာချီလိတ်လမ်းကို မပြုပြင် မွှမ်းမံခြင်း မပြုမီ၌ အဘယ်မျှ ခက်ခဲ ကြမ်းတမ်းကြောင်း၊ အဘယ်မျှ ခရီးကြန့်ကြာကြောင်း၊ ဒေသခံများ အတွက်ပင်လျှင် အန္တာရယ် ပြွမ်းကြောင်းကို ကျိုင်းတုံသာသနာ အတွင်းရှိ လူလတ်ပိုင်းများကို မေးမြန်း ကြည့်မည်ဆိုလျှင် မယုံနိုင်စရာ ဒဏ္ဍာရီအလား ပါးစပ်အဟောင်းသားဖြင့် ဖြစ်ကျန်ရစ်ပေမည်။ ဆိုလိုသည်မှာ ယခုကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ လာခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုခန့်လောက်သာ ရှိပေဦးမည် ဖြစ်သည်။
ဖာသာရ် ဗီစ်မားရာသည် မြန်မာပြည်၊ ကျိုင်းတုံ သာသနာသို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ ရိုးမြေခသည့်တိုင်အောင် သာသနာအုပ်စု နှစ်ခုဖြစ်သည့် မိုင်းလင်းနှင့် မိုင်းပျဉ်း (ရိုးမြေခခဲ့သည့်နေရာ) ၌သာ အမှုထမ်း ခဲ့သည်ကို ထောက်ခြင်းဖြင့် ရောက်သည့် အရပ်၌ ကြုံတွေ့ရသော စရိုက်တူသူ၊ မတူသူ၊ အကြိုက်တူသူ၊ မတူသူများ အားလုံးနှင့် အဆင်အပြေဆုံး ပေါင်းသင်းခဲ့၊ နေရာဒေသ အဆင်ပြေသည် ဖြစ်စေ၊ မပြေသည် ဖြစ်စေ၊ ဆက်ကပ် ပူဇော်သည့် စိတ်ထားဖြင့် မိမိအဆင်ပြေရန် ကြံဆောင် အာရုံစိုက်နေခြင်းထက်၊ မိမိ၏ ရည်ရွယ်ချက် ဖြစ်သည့် သာသနာြပုခြင်း၊ တစ်ပါးသူအား တရားအလင်း၊ ဉာဏ်အလင်း၊ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ မြှင့်တင်ပေးရန်ကို ဦးထိပ်ထားသူ၊ အဖွဲ့အစည်း၏ အကြီးအကဲများမှ ပေးအပ်သော တာဝန်ကို တာဝန် ယူတတ်သူ၊ တာ၀န်သိတတ်သူ၊ တာဝန်ကျေပြွန်ခဲ့သူ၊ တာဝန်ခံတတ်သူ ဖြစ်ခဲ့ပါသည်။
သနားခြင်းကရုဏာနှစ်
ယခုနှစ်သည် ဘုရားသခင်၏ သနားခြင်း ကရုဏာ ဂျူဗလီနှစ်လည်း ဖြစ်ပါသည်။ သနားခြင်းသည် လူသားတိုင်း လိုအပ်ပါသည်။ အဆိုပါ သနားခြင်းကို ကမ္ဘာဦးအစမှ တိုးတက် ဖွံ့ဖြိုးလာသော ယနေ့ခေတ်တိုင် လူသားများသည် မလို၊ အပိုဟု အဘယ်သူမျှ မပြောနိုင်သေးေပ။ သနားတတ်ခြင်းသည် ဘုရားသခင်၏ ဗီဇဖြစ်ပါသည်။ ဘုရားသခင်သည် သနား၍သာ အပြစ် ကျူးလွန်သော ကျွန်ုပ်တို့ မိဦးဖဦးတို့အား ထုတ်ပြန် ကြေငြာထားသော အပြစ်ဒဏ်အတိုင်း မချမှတ်ဘဲ သက်ညှာစွာဖြင့် ခွင့်လွှတ်ခြင်း ချမ်းသာ ခံစားခွင့်ကို ပေးသနား တော်မူခဲ့ပါသည်။ လူတို့သည် ဘုရားသခင်အား မည်မျှပင် ကြီးလေးစွာ အပြစ်ကျူးလွန် ထိခိုက်စေကာမူ ထိုက်သင့်သော အပြစ်ဒဏ်ကို ပေးပြီးနောက် သနားခြင်းကို ပြန်လည် ပြသခဲ့ပါသည်။
ဘုရားသခင်သည် သူ၏ သနားခြင်း ကရုဏာတော်ကို ကယ်တင်ခြင်း သမိုင်းတလျှောက်၌ ခေါင်းဆောင်ကြီးများ အားဖြင့်လည်းကောင်း (အာဗြာဟံ၊ အီဇာတ်၊ ယာကုပ်၊ ဂျိုးဇက်၊ မိုးဇယ်)၊ တရားသူကြီးများ အားဖြင့်လည်းကောင်း (ယောရှု၊ ဆာမူအဲလ်မှစ၍ တရားသူကြီး ကိုးဦး)၊ ဘုရင်များ အားဖြင့်လည်းကောင်း (စော၊ ဒါဝိတ်၊ ဆောလမွန် မှစ၍ အီစ္စရေးတောင်ပိုင်း၊ မြောက်ပိုင်း ပြည်နယ်အဖြစ် ကွဲသွားပြီးနောက် ပေါ်ပေါက်ခဲ့သော ဘုရင်များ)၊ ပရောဖက်များ (ပရောဖက်ကြီး (၄)ပါး၊ ပရောဖက်ငယ် (၁၂) ပါး) တို့အားဖြင့် အခွင့်အခါသာတိုင်း ဖော်ထုတ် ပြသခဲ့ပါသည်။ နောက်ဆုံး၌ မိမိ၏ တစ်ပါးတည်းသော သားတော်ကို စေလွှတ်ခြင်းဖြင့် ဘုရားသခင်၏ သနားခြင်း ကရုဏာတော်ကို အိတ်သွန် ဖာမှောက် ပေးကမ်း ရက်ရောခဲ့ပါသည်။ ဘုရားသခင်သည် ကောင်းမွန်သော နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပါသည်။
ယေဇူးသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်၊ ကောင်းကင်ဘုံသို့ တက်ကြွ မသွားမီ မိမိတပည့်တော်ကြီးတို့အား ‘သင်တို့သည် ကမ္ဘာအရပ်ရပ်သို့ သွား၍ ဝေနေယျ သတ္တဝါ အပေါင်းတို့အား ဧဝံဂေလိ တရားတော်ကို ကြေငြာ ဟောပြောကြလော။ ယုံကြည်သော သူတို့ကိုမူ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်၌ ဆေးကြောခြင်း မင်္ဂလာတော်ြမတ်ကို ပေးကြလော’ ဟု မိန့်ကြားခဲ့ပါသည်။ (ရှင်မာတေဦး ၂၈း၁၉)
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)