သူသည် ၁၆၂၅-ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ဗင်နီချယ်၌ မွေးဖွားသည်။ ဂျင်ဖရန်ချယ်ကိုနှင့် လူချယ်ရီဘာလေအိုနီဖြစ်သော ဂုဏ်သရေရှိ မြို့သူမြို့သားများမှ မွေးဖွားလာသည်။ ပါဒွါမြို့၌ ကျောင်းနေ၍ ဒီပလိုမာ အဆင့်ရသည်။ သူသည် မွန်စတာ၌ အတွင်းရေးမှူး လုပ်သောအချိန်တွင် ရဟန်းမင်းကြီး ကိုယ်စားလှယ် ဖါဘီအိုချီကီနှင့်တွေ့၍ ရဟန်းဘုန်းတော်ကြီးဖြစ်ရန် တိုက်တွန်းခြင်း ခံရသည်။ ၁၆၅၅-ခုနှစ်၊ ဒီဇင်ဘာလတွင် ဗင်နီချယ်၌ ရဟန်းသိက္ခာ ခံယူသည်။ သူ၏အကြံပေးသူသည် အာလေဇဒါး (၇)အမည်ဖြင့် ရဟန်းမင်းကြီး ဖြစ်လာသည်။ မကြာမီ သူ့ကို ရောမမြို့သို့ခေါ်၍ ဂိုဏ်းချုပ်အဖြစ် ခန့်အပ်သည်။
၁၆၅၈-ခုနှစ်တွင် ဘာကိုမို ဆရာတော် ဖြစ်လာသည်။ သူသည် စိန့်ချာစ်ဘရုမေအိုကဲ့သို့ သတ္တိရှိစွာ ဘုရားအား သက်သေခံရန် ဆန္ဒပြင်းပြလာသည်။ ၁၆၆၀-ခုနှစ်တွင် ရဟန်းအမတ် ကာဒီနယ် ဖြစ်လာသည်။ ၁၆၆၄-ခုနှစ်တွင် ရောမမြို့သို့ ပြန်လာ၍ ပါဒွါဆရာတော်အဖြစ် ရွေးကောက်ကြသည်။ ၁၆၉၇-ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့တွင် ကွယ်လွန်တော်မူသည်။
သူသည် ချာစ်ဘရုမေအိုကို ကြိုးစား၍ အတုယူခြင်းသည် စိတ်ကူးယဉ်ခြင်း မဟုတ်ပါ။ သူတာဝန်ယူရသည့် သာသနာနယ်နှစ်ခုသည် အလွန်တရာမှ ထူးကဲသောဒုက္ခ မဟုတ်ပါ။ သူတာဝန်ယူချိန်တွင် သာသနာနယ်သည် လစ်ဟင်းမှုများစွာရှိသည်။ မြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းများ ယိုယွင်းပျက်စီးခြင်းသို့ ရောက်လာသည်။ သာသနာနယ်အတွင်း (Parishes) စီရင်စု (၃၀၀)ကျော်ရှိ ယုံကြည်သူ ဘာသာဝင် (၂၅၀၀၀၀) ကျော်တို့သည် လျစ်လျူရှုခြင်းခံရ၍ ပျက်စီးခြင်းသို့ တဖြည်းဖြည်း ရောက်သည်။
ဆရာတော်သည် ရဟန်းဘုန်းတော်ကြီးများအား ကျေးရွာများ၌ ဘုရားစကား သင်ကြားရန် စံနမူနာဖြစ်ရန် တိုက်တွန်းသည်။ ဆရာတော်သည် သာသနာနယ်အတွင်းရှိ စီရင်စုတိုင်း အနည်းဆုံး (၂)ကြိမ်၊ အများဆုံး (၅)ကြိမ်အထိ လှည့်လည်ခဲ့သည်။ ခရီးသွားခြင်း သာမက ခြိုးခြံခြင်းလည်း အမြဲလုပ်သည်။ အစာရှောင်ခြင်း၊ မစ္ဆားပူဇော်ရာ၌လည်း သူ၏သိုးစုများ ကောင်းမွန်ရန် အမြဲဆုတောင်းပေးသည်။ သူ၏သာသနာနယ်အတွင်း ပညာပါရမီနှင့် ပြည့်စုံ၍ ဇွဲလုံ့လ၊ ဝီရိယရှိသော ရဟန်းဘုန်းတော်ကြီးများ လိုအပ်ကြောင်း သဘောပေါက်လာသည်။ ဝိညာဉ်ရေး ပြုပြင်ပြောင်းလဲသည့် အချိန်သည် အလွန်အရေးကြီးကြောင်း တွေ့ရသည်။ အချိန်တိုတောင်းသော်လည်း တက္ကသိုလ်ကျောင်း၊ စာသင်ကျောင်းများနှင့် ဆရာများအား နှစ်ဆတိုးမြှင့်ပေးသည်။
ရဟန်းဖြစ်သင်ကျောင်းအား သေချာဂရုစိုက်ရန် လမ်းညွှန်သည်။ သူရောက်လာစ အချိန်၌ ကျောင်းသား (၃၀)သာ ရှိသည်။ စာသင်ခန်းများ ကောင်းကောင်း မရှိပါ။ ကျောင်းမှာ အဆောက်အအုံ တစ်ခုသာရှိသည်။ (၆)နှစ်ခန့် ကြာသောအခါ (Vanzo) ဗန်ဇို ရသေ့ကျောင်းသို့ ရွှေ့ပြောင်းလိုက်သည်။ ကျောင်းသားဦးရေ (၁၀၀)အထိ တိုးလာသည်။ ပညာသင်ကြားခြင်းအား မြှင့်တင် ဦးစားပေးသည်။ လာတင်နှင့် ဂရိဘာသာ စကားလည်း သင်ယူစေသည်။ တရားဟောပြောဖို့ ပြင်ဆင်ရန်အတွက် စာစီစာကုံးများအား ဦးစားပေး လေ့လာစေသည်။ အာရီတိုတာရေးသော စာများ ဖတ်စေသည်။ ဂရိတ်ဘာသာဖြင့် ရှင်းပြခိုင်းသည်။ သိပ္ပံအသိပညာများ၊ ကျင့်စဉ်များ၊ စာစီစာကုံးများကို လေ့လာစေသည်။ ရဟန်းတော်များ သွန်သင်ရာတွင် ထိရောက်မှု သိပ်မရှိသေးသော်လည်း နောက်ပိုင်းတွင် အောင်မြင်မှုရကြောင်း တွေ့ရသည်။ သူ၏နှလုံးသားအား ထိခိုက်စေသော အရာသည် ဒုက္ခရောက် ဝိညာဉ်များ ကူညီတွေ့မြင်ခြင်း၊ ငရဲအိုးသို့ ကျသောဝိညာဉ်များ၊ ခရစ်တော်၏ အသွေးတော်အားဖြင့် ဝိညာဉ်ကယ်တင်ရေးတို့ ဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)