Untitled Document
Untitled Document
Untitled Document
ဝတၳဳ
ဆည်းဆာလိုဘဝမျိုး နီလာရိုင်း - ရေးသည် Posted by Sr. Eugenie(SFX)

ပထမပိုင်း

အခန်း (၁)

လွန်ခဲ့သောနွေရာသီကျောင်းပိတ်ရက်က မွေးရပ်မြေသို့ပြန်ခွင့်ကြုံခဲ့သည်။ ကိုယ့်နေရာသို့ရောက်ပြီးနောက် အားလပ်ချိန်ရသောတစ်နေ့တွင် ကျွန်တော်၏မိတ်ဆွေတစ်ဦးကို သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ သူ့ကို ကျွန်တော်မေ့ထား၍မရ။ ကျွန်တော်၏ဘဝလမ်းကြောင်းလေးတစ်ခုအား အလှည့်အပြောင်းလေးဖြစ်ရန် သွန်သင်ဆုံးမလမ်းကောင်းပြခဲ့သည့်ကျေးဇူးရှင်တစ်ဦးဖြစ်ခဲ့ဘူးသည်မဟုတ်လော။ တစ်လုတ်စားဘူး သူ့ကျေးဇူးဆိုသော စကားပုံလေးက အသေးဆုံးသော ကျေးဇူးတရားလေးပင်ဖြစ်စေကာမူ ကျေးဇူးသိတတ်ရမည်ဟု ကျွန်တော့်အားသတိပေးနေသည်။ ကျွန်တော့်အားပြုခဲ့ဘူးသော သူ၏ကျေးဇူးကား ကြီးမားလှပါဘိ။ ကျွန်တော်၏ဘဝလမ်းဖြောင့်တန်းပါစေဟူသောစေတနာနှင့်အနစ်နာခံကာအလင်းတန်းလေး ပြခဲ့သူတည်း။
ဤတစ်ကြိမ်အားသွားရောက်တွေ့ရခြင်းသည် ကြေကွဲစရာကောင်းလှပါ၏။ ယခင်အခါများက သူ့ဆီသွားလျှင် မင်္ဂလာပါ ဟူသော ချိုလွင်အေးမြသော နှုတ်ဆက်စကားလေးများဖြင့်ဆီးကြိုမြဲ။ ဖြူစင်ခင်မင်သော အပြုံးများဖြင့်နှုတ်ဆက်မြဲ။
ဆုံးမစကားလေးများဖြင့် ဖေါ်ရွေစွာဧည့်ခံမြဲ။ ယခုမူသူသည်ကျွန်တော့အားထွက်မကြိုတော့ပါ။ သူ၏ ချိုလွင်သောစကားသံလေးများနှင့် ကြင်နာဖြူစင်သောအပြုံး ကလေးများကိုလည်း မမြင်ရတော့ပါ။
ကျွန်တော့ကိုဆီးကြိုနေသည်က ခရစ္စတူးကားတိုင် စိုက်ထားသော အုတ်ဂူဖွေးဖွေးလေးတစ်ခု.. အုတ်ဂူပေါ်တွင် “ဆရာမ မေရီ ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလတွင် ကွယ်လွန်သည်” ဟူသော စာတမ်းလေးပင်ဖြစ်သည်။
ဟုတ်သည် မမမွန်ခေါ် ဆရာမ မေရီသည် ဤနေရာ တွင်ငြိမ်သက်စွာအနားယူခဲ့လေပြီ... ကျွန်တော့်အား မောင်ငယ်တစ်ဦးသဖွယ် သည်းခံ၊ ဆုံးမ၊ လမ်းကောင်းပြခဲ့သော အစ်မတစ်ဦး ဆုံးရှုံးခဲ့ရပြီဆိုသောအသိက ကျွန်တော်၏ရင်ကိုဆို့နှင့်စေသည်။ ဝမ်းနည်းမှုကြောင့် မျက်ရည်ပူတို့သည် ကျွန်တော်၏ပါးပြင်မှတဆင့် မမမွန်၏အုတ်ဂူပေါ်သို့ တစ်စက်ချင်းကျဆင်းနေသည်။ ကျွန်တော်၏စိတ်ကြေးမုံပြင်ဝယ် အတိတ်က မမမွန်၏ဘဝဇာတ် လမ်းလေးများသည် တရိပ်ရိပ် ပြန်လည်ပေါ်လာပါတော့သည်။

အခန်း (၂)

မမမွန်၏အမည်ရင်းမှာ မေရီအေးအေးမွန် ဖြစ်သည်။ အမည်နှင့်လိုက်အောင် အေးဆေးတည်ငြိမ်ပြီး စိတ်ထား မွန်မြတ်သော ကက်သလစ်လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ထို့အတူ တက်ကြွသော မာရီးယားတမန်တော် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ အသားကညိုညို၊ အရပ်က မနိမ့်မမြင့်နှင့် ကြည့်ကောင်းသည်။ သူမ၏အနေအထိုင်၊ အဝတ်အစားနှင့် စိတ်ဓါတ်တို့သည် အလွန်ရိုးသားသည်။ အင်္ကျီလက်ရှည်ကိုအမြဲ ဝတ်လေ့ရှိပြီး ဆိုးဆေးမိတ်ကပ် ချယ်သလေ့မရှိ။ သနပ်ခါးရည်ကျဲလေးများကိုသာ တစ်ခါတစ်ရံအမြတ်တနိုးလိမ်းကျံထားတတ်သည်။ သူမသည် လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းမရှိ

သော်လည်း အပြုံးရိပ်လေးများကမူ သူမ၏မျက်နှာဝယ် လွှမ်းမိုးနေတတ်သည်။ အရည်လဲ့ပြီးတောက်ပြောင်နေသော သူမ၏မျက်လုံးလေးများသည် တည်ငြိမ်ရင့်ကျက်သည့် သဘော.. ပြတ်သားသည့်အသွင်.. အနစ်နာခံတတ်သည့် စိတ်ဓါတ်ရှိကြောင်း ပြောဆိုနေကြသယောင်။ သူမ၏လက်သုံးစကားမှာ အများအတွက် အသက်ရှင်ချင်ပါတယ် ဟူသော ဝေါဟာရလေးပင်ဖြစ်သည်။ အပြောနှင့် အညီ လူတိုင်းကို အကူအညီပေးရန် ထာဝစဉ် အသင့်ရှိသောသူဖြစ်ကြောင်း သူမ၏လှုပ်ရှားမှုများက သက်သေ ထူနေပါသည်။

လူတိုင်းကို ကောင်းစေလိုသောဆန္ဒကား ကြီးမားလှပါ၏။ လူကသာ နွဲ့နွဲ့နှောင်းလေးဖြစ်သော်လည်း ဘာသာရေး ကိစ္စများတွင် ရှေ့ဆုံးက တက်ကြွစွာပါဝင်သည်။ ခံယူချက် ပြင်းထန်၍လားမသိ လှုပ်ရှားမှုများက အားမာန်ပြည့်လှသည်။

ဘုရားကျောင်း မတက်သူများ၊ ဘာသာရေးနှင့်ကွာဝေး နေသူများကို အိမ်အထိလိုက်ခေါ် သည်။ စိတ်ရှည်စွာ စည်းရုံးသည်။ လူငယ်စည်းရုံးရေး ဆင်းရသည်မှာ လက်တွေ့တွင်မလွယ်။ အခက်အခဲမျိုးစုံနှင့်သူမကြုံခဲ့ရသည်။ သို့သော်စိတ်ပျက်တတ်ခြင်း၊ အားလျော့တတ်ခြင်းမရှိသည့် သူမ၏ကြိုးစားမှုကြောင့် အောင်မြင်မှု အတော်ရလာသည်ကို ဘာသာဝင်များ အသိအမှတ်ပြုခဲ့ရသည်။

မမမွန် စည်းရုံးရခက်သောလူငယ်များတွင် ကျွန်တော် လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ကျွန်တော်သည် ဘာသာရေးလှုပ်ရှားမှုများကို စိတ်မဝင်စားခဲ့။ ဘုရားကျောင်း ပတ်ဝန်းကျင်နှင့် အတော်အဆက်ပြတ်ခဲ့သူဖြစ်သည်။ ကျွန်တော့်အား မမမွန်သည် မောင်အရင်းတစ်ဦးပမာ စိတ်ရှည်စွာဆုံးမ လမ်းညွှန်ခဲ့သည်။ အိမ်ကို လာသောအခါ၌လည်းကောင်း၊ လမ်းတွင်ကြုံသောအခါ၌လည်းကောင်း၊ စည်းရုံးရေးစကားများဖြင့် အမြဲနားချသည်။

မင်းရဲ့ ဘဝရည်မှန်းချက်ဟာဘာလဲ.. လူ့ဘဝရဲ့ ပန်းတိုင်ဟာဘာလဲ... ဒီလောကရဲ့ နေဝင်ချိန်ကို ဘယ်လို ရင်ဆိုင်မလဲဟူသော မမမွန်၏မေးခွန်းတို့ကို ကျွန်တော်ပြန်မဖြေခဲ့။

လူ့ဘဝဟာ တိုတောင်းလှပါတယ် မောင်လေးရယ်.. ဒီတိုတောင်းတဲ့လူ့ဘဝမှာ လောကရဲ့ ဆွဲဆောင်ရာအမှောင် လမ်း၌သာ မပျော်မွေ့ပဲ ဝိညာဉ်ရေးအတွက် ရုန်းကန်သင့်ပါတယ်။ ခရစ်ယာန်အမည်ခံထားတိုင်း ခရစ်တော်နောက်လိုက် မဖြစ်နိုင်ဘူး.. ကိုယ်တော်ရှင်ရဲ့ ဆုံးမဩဝါဒတွေကို လိုက်နာကျင့်သုံးမှသာ ခရစ်ယာန်ပီသနိုင်မယ် စသောစကားလုံးများဖြင့် နားဝင်အောင်ပြောပြလေ့ရှိသည်။ ကျွန်တော်သည်မမမွန် ပြောသမျှကို ဆုံးအောင်နားထောင်လေ့ရှိပြီး သူမ၏စကားဆုံးသွားမှ သာလျှင် -

မမမွန်အပြောသိပ်ကောင်းတယ်... ကျေးဇူးတင်ပါတယ်ဟု ပြန်ခနဲ့လေ့ရှိသည်။

ထိုအခါမျိုး၌မမမွန်သည်စိတ်မဆိုး၊ အပြောရခက်သော မောင်ငယ်တစ်ယောက်အားခွင့်လွှတ်သည့်အသွင်နှင့် သက်ပြင်းချရင်း ....

မောင်လေး မင်းလိုသိပ်ဟန်ဆောင်တဲ့ လူတစ်ယောက် ကိုပြောရတာအခက်ဆုံးပဲ.. မင်းဟာ ဘာသာရေးအကြောင်းနားလယ်တယ်.. ဒါပေမယ့် မမမွန်နားလည်ထားတာက မင်းဟာ ပတ်ဝန်းကျင်ကို အရွဲ့တိုက်နေတယ်။ မင်းကို ဘုရားကျောင်း မတက်လို့ ပြောကြ၊ ဝေဖန်ကြလေလေ မင်းကဘုရားကျောင်း မတက်လေလေပဲ မဟုတ်လား။ အလင်းကိုချစ်မြတ်နိုးလို့ အမှောင်ထဲကရုန်းထွက်ချင်တဲ့ လူငယ်တစ်ယောက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမဲ့အစား အမှောင်ထဲကို ပြန်တွန်းပို့ချင်တဲ့သဘောနဲ့ တရားမဲ့ဝေဖန်တတ်ကြတဲ့ ဘာသာဝင်တစ်ယောက်တလေရှိတယ်ဆိုတာ မမမွန်ဝန်ခံပါတယ်။ ဒါပေမယ့် သူတို့ကိုအရွဲ့တိုက်ပြီးဘုရားရှင်ကို

ကျောခိုင်းနေတာကတော့ မင်းပဲနစ်နာမှာပေါ့။ ဥပမာ နံရံကိုလက်သီးနဲ့ထိုးရင် ဘယ်သူ့လက်နာမလဲ၊ ထိုးတဲ့လူပဲနာမယ် မဟုတ်လား။ ပတ်ဝန်းကျင်ကိုအရွဲ့တိုက်ပြီး ဘုရားကို ကျောခိုင်းရင် မင်းဝိညာဉ်ရေးပဲ ကျဆင်းရမယ်။ မင်းရဲ့ အသိတရားနဲ့ အလင်းထဲကို ရဲရဲထွက်လာတဲ့နေ့မှာ တို့လူငယ်တွေက နွေးထွေးတဲ့မေတ္တာတရားနဲ့ စောင့်ကြိုနေတယ်ဆိုတာသတိရပါ ဆိုတဲ့ မမမွန်ရဲ့ စကားလုံးလေးများကို ကျွန်တော်မမေ့သေး။

ဤကဲ့သို့ မမမွန်၏စိတ်ရှည်မှု၊ သည်းခံခွင့်လွှတ်မှုနှင့် စည်းရုံးရေးကောင်းမှုတို့ကြောင့် ကျွန်တော်သည် အမှောင်နှင့် အလင်းကို ပြတ်သားစွာမြင်လာခဲ့သည်။ လူနှင့်ဘုရားကိုလည်း ခြားတတ်လာသည်နှင့်အမျှ ဘုရားကျောင်း၏ဝန်းကျင်မှာပျော်မွေ့လာတတ်ပြီ။ ဘုရားကျောင်း၏ခေါင်းလောင်းသံသည် ကျွန်တော့်အတွက် ဆူညံသံမဟုတ်တော့။ သာယာဖွယ်ကောင်းသော ဘုရားရှင်၏ခေါ်သံအဖြစ် လက်ခံတတ်လာခဲ့ပြီ။

မှောင်မိုက်သောကျွန်တော့် ဘဝတစ်ကွေ့၏အပြောင်း အလဲလေးတစ်ခုကို ဖြစ်ပေါ်ရန် အလင်းရောင်းပြခဲ့သော မမမွန်၏ကျေးဇူးကို ကျွန်တော်မမေ့ပါ။ လေးစားခဲ့ရပါသည်။

 

ဒုတိယပိုင်း

မမမွန်ဆယ်တန်းအောင်သောအခါ သူဝါသနာပါသော မူလတန်းပြဆရာမသင်တန်းတက်ရန် လျှောက်လွှာတင်ခဲ့သည်။ သင်တန်းတက်ခွင့်ရသောအခါ မိဘနှစ်ပါးကို သင်တန်းတက်ရန် ခွင့်ပန်ခဲ့သည်။ မမမွန်၏ဖခင်သည် သမီး၏ရည်ရွယ်ချက်ကို မတား၊ ခွင့်ပြုခဲ့သော်လည်း မိခင်ကြီးကို ခက်ခက်ခဲခဲနှင့် ခွင့်ပန်ခဲ့ရသည်။ တစ်ဦးတည်းသောသမီးမို့ မျက်စိအောက်က အပျောက်မခံနိုင်၍လည်းကောင်း၊ သမီးအား ဆရာမဘဝဖြင့် တောကြိုတောင်ကြားတွင် ဆင်းရဲပင်ပန်းစွာနေရမည်ကို မလိုလား၍တစ်ကြောင်း၊ မိခင်ကြီးသည် ငိုယိုကာတားခဲ့ရှာသည်။ မမမွန်ကလည်း မိဘများကို ချစ်ပါကြောင်း၊ မိဘများနှင့်သာ ဥမကွဲသိုက်မပျက်အတူနေလိုပါသော်လည်း သူမ၏ပညာရေး နှင့်ဘဝကို အများအတွက်အသုံးချချင်ပါ၍ ခွင့်ပြုပါရန် အမျိုးမျိုး တောင်းပန်ခဲ့သည်။ နောက်ဆုံး၌သမီး၏ ပြတ်သားသော စိတ်ဓါတ်ကိုသိသောမိခင်းကြီး သာ လက်လျှော့အရှုံးပေး ခွင့်ပြုခဲ့ရပါသည်။
တစ်နှစ်သင်တန်းဆင်းသောအခါ မြို့နှင့်အတော်ဝေးသော တောရွာလေးတစ်ရွာ၌ ကျောင်းဆရာမအဖြစ် တာဝန်ကျသည်။ ထိုရွာလေးသည်လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်အပြင်
မြို့ နှင့်ဝေးသောကြောင့် ဆရာအတည်တကျမရှိချေ။ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားကြသည်။ မမမွန်ရောက် လာသောအခါ ထိုရွာလေး၏ လူမှုရေးနှင့် ကလေးများ၏ ပညာရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့သည်။ ကက်သလစ် ဘာသာဝင်အချို့လည်းရှိရာ ကျောင်းအားရက်များတွင် ကလေးများကို ဘာသာရေးအကြောင်း သင်ပြခြင်း၊ ဘာသာရေးကိစ္စများတွင်ဦးဆောင်ခြင်းတို့ကို မမောတမ်းလုံးပန်းခဲ့ပါသည်။ မမမွန်ရောက်ပြီးနောက် ထိုရွာလေး၏အခြေအနေသည် အစစတိုး တက်လာခဲ့ပါသည်။
ရွာသားများ၊ ကလေးများနှင့် မမမွန်သည် ခွဲခြား၍မရတော့။ သူမသည် တောသူတောင်သား ဆင်းရဲသားတို့၏ဘဝကြားတွင် သူမ၏ဘဝကို မြုပ်နှံထားခဲ့သည် မဟုတ်ပါလော။
ကျောင်းပိတ်၍မမမွန်အိမ်ပြန်လာသောအခါတိုင်း၌ မမမွန်၏အမေသည် မြို့သို့ပြောင်းရန်အမြဲပြောသည်။ တော၌ ဆင်းဆင်းရဲရဲမနေပါနှင့်၊ မြို့မှာသာအမေတို့နှင့် အေးအေး ဆေးဆေးနေရအောင်ဟုဆိုကာ အလုပ်ပြောင်းရန် လျှောက်လွှာ တင်ခိုင်းသည်။ ထိုအခါများ၌ မမမွန်က
“မေမေရယ် ဆင်းရဲတဲတောသူတောင်သားတွေကြားမှာပဲ သမီးပျော်မွေ့ပါတယ်... ပညာရေး၊ လူမှုရေး အစစ
အရာရာနိမ့်ကျနေတဲ့ ဒီကလေးတွေကို လစ်လျူရှုပြီး ကျွန်မရဲ့ဘဝ သာယာမှုတစ်ခုတည်း အတွက် မစဉ်းစားချင်ဘူး။ အမေကြားဘူးမှာပေါ့၊ ဟို.. ရောမမြို့ကြီး မီးဟုန်းဟုန်းလောင်စဉ်အခါက မြို့သူမြို့သားတွေဟာ ကြောက်လန့်တကြား ပြေးလွှားအော်ဟစ် အကူအညီတောင်းခံနေကြတယ်။ အဲဒီအချိန်မှာ နီရို ဘုရင်ဟာ လေသာပြူတင်းပေါက်ကိုဖွင့်ပြီး သီချင်းဆို မပျက်ခဲ့ဘူး.. ဒုက္ခသည်တွေရဲ့ အော်ဟစ်သံကို နားပိတ် နေခဲ့တယ်... သူ့ကို အနုပညာမြတ်နိုးသူလို့ ဆိုနိုင်မလား၊ ဒီလိုပဲ အခုသမီးစာသင်ပေးနေရတဲ့ရွာက ကလေးတွေဟာ သိပ်ဆင်း ရဲတယ်၊ ပညာရေးမှာသိပ်နောက်ကျနေတယ်။ ဆရာလည်း မမြဲဘူး... အဲဒီလိုသနားစရာကောင်းတဲ့ ကလေးတွေကိုစွန့်ပြီး သူတို့ရဲ့ဘဝကို လျစ်လျူရှုကာ သမီးရဲ့ သာယာမှုကိုရှာရင် တရားပါ့မလား။ ခရစ်ယာန် ပီသပါ့မလား အမေရယ်။” ဟု ရှည်လျားစွာရှင်းပြတတ်လေသည်။
သမီး၏မွန်မြတ်သောစိတ်ဓါတ်ကို သိလာရသော မိခင်ကြီးသည်နောင်သောအခါ မမမွန်၏အလုပ်ကိစ္စနှင့် ပတ်သက်ပြီး ဘာမျှဝင်ရောက်ပြောဆိုခြင်းမရှိတော့ချေ ။
ကျောင်းဆရာမဘဝနှင့် တစ်နှစ်လုပ်သက်ရချိန်၌ မမွန်၏ချစ်သူက လက်ထပ်ခွင့်တောင်းလာသည်။ ထိုသူ၏ အမည်မှာ စတီးဗင်းကျော်ကျော်ဖြစ်သည်။ သူသည် ဆရာဝန်တစ်ဦးဖြစ်သည်။ အသားညိုညို အရပ်ရှည်ရှည် မမမွန်နှင့် တွဲဖက်ညီလှသည်။ ငယ်ချစ်ဦးမို့မမမွန်သည် သူ့ချစ်သူနှင့်လက် ထပ်ရန်သဘောတူသည်။
သို့ရာတွင် လက်ထပ်ပြီးပါက ကျောင်းဆရာမအလုပ်မှထွက်ပြီး သူနှင့်လိုက်နေရမည်ဟု အကြပ်ကိုင်တောင်းဆိုလာသော အခါတွင်မူ မမမွန်က ကန့်ကွက်ခဲ့သည်။ သူမအလွန်ဝါသနာပါ၍ ငွေကုန်ခံ၊ အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး သင်ယူထားသော ပညာများနှင့် တောသူ၊ တောင်သားဆင်းရဲသားတို့၏ပညာရေးကို အလုပ်အကျွေးပြုလို၍ ကျောင်းဆရာမဘဝမှ မထွက်ပါရစေနှင့်ဟု အမျိုးမျိုး တောင်းပန်ခဲ့ရှာသည်။
သို့ရာတွင် သူမ၏ချစ်သူက မည်သို့မျှလက်မခံခဲ့ချေ။ ထို့အပြင်မမမွန်သည် သူ့ထက်ကလေးများကို ပိုချစ်သူဖြစ်ကြောင်း၊ တစ်ပဲခြောက်ပြားလခလေးကို မက်မောသူဖြစ်ကြောင်း အမျိုးမျိုးဝေဖန်ခဲ့ရာ၊ ယုံကြည်ချက်၊ ခံယူချက်ကို ထိပါးလာသဖြင့် မမမွန်နှင့် ပြဿနာတက်ခဲ့ကြတော့၏။
နောက်ဆုံး၌ မမမွန်၏ချစ်သူသည် သူ၏တောင်းဆိုချက်ကို မပြင်ခဲ့သလို မမမွန်ကလည်း အလျှော့မပေးခဲ့ချေ။ မကြာမီပင် မမမွန်၏ချစ်သူသည် မမမွန်အားလမ်းခွဲသွားကာ အခြားအမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ပြုသွားခဲ့ပါသည်။ ထိုအချိန်ကမမမွန်သည် အတော်ခံစားရမည်ထင်သည်။ သို့ရာတွင် သူမသည် ကြေကွဲသည့်အသွင်ကိုမဆောင်။ အလုပ်ဝတ္တရားများကိုသာ ကျေပြွန်စွာထမ်းဆောင်နေသည်ကို တွေ့ရ၍ ကျွန်တော်တို့က မမမွန်ဘယ်လိုမှမခံစားရဘူးလား ဟုမေးသောအခါ “မမမွန်လည်းအသဲနှလုံးနဲ့ လူသားတစ်ယောက်ပါ။ အနှစ်နှစ်အလလက တည်ဆောက်ထားခဲ့တဲ့ အချစ်ဗိမာန်ကြီး ပြိုကွဲသွားရတဲ့အတွက် အသဲနစ်အောင် နာကျင်ကြေကွဲခဲ့ရပါတယ်။ အဲဒီလိုအချစ်အတွက်ခံစားရတာက မမမွန်ရဲ့ ကိုယ်ပိုင်ခံစားချက်ပါ။ အလုပ်ဝတ္တရားတွေကို ကျေပြွန်ရမှာက မမမွန်ရဲ့တာဝန်ပါ။ ဒါကြောင့် ခံစားချက်ထက် တာဝန်ကို ဦးစားပေးခဲ့ပါတယ်။” ဟု ဖြေသည်။
“ဒါနဲ့ မမမွန်... မမမွန်ရဲ့ ချစ်သူက မမမွန်ကို သိပ်ချစ်တယ်မဟုတ်လား..” ဟု ထပ်မေးကြသည်။ “ဟုတ်တယ် မင်းတို့ထင်သလို မမမွန်ရဲ့ ချစ်သူကို မမမွန်ကိုသိပ်ချစ်ခဲ့ပါတယ်.. ဒါပေမဲ့ သူ့ချစ်ပုံက နည်းမမှန်ခဲ့ဘူး၊ ဥပမာ.. ငှက်ကလေးတစ်ကောင်ကို ချစ်တယ်ဆိုပြီးဖမ်း၊ လှောင်အိမ်ထဲသွင်း၊ အစာဝအောင်ကျွေးပြီး အရိပ်တကြည့် ကြည့်လုပ်နေရုံနဲ့ ဒီငှက်ကို တကယ်ချစ်တယ်လို့ဆိုနိုင်ပါ့မလား. ငှက်ချစ်တတ်တဲ့သူ့အချစ်ဟာ နည်းမှန်ပါ့မလား .. ငှက်ကို ချစ်ရင် ငှက်ရဲ့ သဘာဝနားလည်အောင်ကြိုးစားရမယ် .
နှောင်ကြိုးမဲ့ပြီး ကျယ်ပြောလှတဲ့အာကာသ ကောင်းကင်ပြာကြီး ထဲမှာ လွတ်လပ်စွာပျံသန်းစေပြီး လောကကြီးကိုအလှဆင်ခွင့် ပေးသင့်တယ်မဟုတ်လား...”
“မမမွန်ရဲ့ ချစ်သူဟာလည်း မမမွန်ကိုချစ်တယ်ဆိုပြီး ကျဉ်းမြောင်းတဲ့ အိမ်ထောင်ရေးရဲ့ လှောင်အိမ်အတွင်းမှာသာ ထားလိုခဲ့တယ်။ မမမွန်ရဲ့ဆန္ဒ၊ မမမွန်ရဲ့ ဘဝရည်မှန်းချက်ကို နားလည်အောင်မကြိုးစားခဲ့ဘူး၊ ဒါကြောင့် ရည်မှန်းချက်မတူသူ နှစ်ဦးရဲ့ နောက်ဆုံးလမ်းခွဲဟာ အရှေ့နဲ့ အနောက် ဖြစ်ခဲ့ရတာပေါ့။ အင်း .. မမမွန်ကတော့ ရည်မှန်းချက်အတွက် အသဲနှလုံးကို စတေးခဲ့ရပါတယ်” ဟု ဆိုရှာသည်။
မမမွန်သည် သူတစ်ပါးအား စာနာစိတ် ကိုယ်ချင်းစာစိတ် အလွန်ပြည့်ဝသူဖြစ်သည်။ တစ်ခါကအဖြစ်အပျက်များကို ယနေ့အထိ ကျွန်တော်မမေ့သေး။ ထိုနေ့က မမမွန်ကို ကျွန်တော်တို့ ကက်သလစ်လူငယ်တစ်စု ကားဂိတ်သို့လိုက်ပို့ကြသည်။
မမမွန်သည် ကျောင်းပိတ်ရက် မြို့ကိုခဏပြန်လာပြီး ကျောင်းပြန်ဖွင့် တော့မည်ဖြစ်၍ ရွာသို့ ပြန်ရန်ဖြစ်သည်။ ကားဂိတ်သို့ရောက် သောအခါ ကျွန်တော်တို့စကားပြောနေကြသည်။ ထိုအချိန်၌ ဈေးသည်မိန်းမကြီးတစ်ယောက်သည် ကျယ်သော အသံဖြင့် မုန့်အော်ရောင်းလေသည်။
ထိုအခါ ကျွန်တော်က ဒီလောက် တောင်အော်ရသလား အလိုက်မသိဘူး ဟု ပြောမိသည် ။ ထိုအခါမမမွန်က
“ဒီမှာမောင်လေး... လူတစ်ယောက်ကို ကိုယ့်ရဲ့ အဖြစ်အခြေအနေနဲ့ မဆုံးဖြတ်သင့်ဘူး။ သူ့ရဲ့ အခြေအနေကို စာနာ သင့်တယ်.. မင်းအနေနဲ့ ထမင်းစားဘို့က ပြဿနာမရှိဘူး.. ဒီဈေးသည်ဒီလို မှဈေးကို အော်မရောင်းရင် သူ့မုန့်ကို ဘယ်သူဝယ်မှာလဲ... ဒီမုန့်တွေရောင်းမကုန်ရင် သူ့မိသားစုရဲ့ ဝတ်နေရေးကို ဘယ်လိုဖြေရှင်းမလဲ၊ သနားစရာပါကွာ။” ဟု ဆို၍ ထို ဈေးသည်ကိုခေါ်ကာ မုန့်များကိုဝယ်၍ ကျွန်တော်တို့ကိုကျွေးသည်။ မုန့်စားနေကြစဉ် မမမွန်က “နောက်... မင်းတို့ အားလုံးမှတ်ထားကြ၊ ကိုယ့်ဘဝ၊ ကိုယ့်အခြေ၊ ကိုယ့်စံချိန်နဲ့ သူတစ်ပါးကို မဆုံးဖြတ်ကြနဲ့၊ ဥပမာ.. ဆန်တစ်အိတ်လမ်းနိုင် တဲ့သူက အားမရှိတဲ့လူတစ်ယောက်ကို သူ့လိုမထမ်းနိုင်ရကောင်းလားဆိုပြီး အပြစ်တင်ရင်တရားပါ့မလား၊ သူ့ အင်အားနဲ့ သူ တတ်နိုင်သလောက် ပဲထမ်းနိုင်မှာပေါ့.. လောကမှာ ကိုယ့်စံချိန်နဲ့ သူတစ်ပါးကိုဆုံးဖြတ်ကြလို့ မကျေနပ်မှုတွေ၊ မတရားမှုတွေ ၊ ဒေါသတရားတွေ ဖြစ်နေကြရတယ်ဆိုတာ မင်းတို့မမေ့ကြနဲ့" ဆိုသောဆုံးမစကားလေးများသည် မှတ်သားဖွယ်ကောင်းလှပါသည်။
ကျွန်တော်ဆယ်တန်းအေခင်သောအခါ ရဟန်းဖြစ်သင့် ကျောင်းသို့ဝင်ရောက်ခဲ့သည်။ ရဟန်းဖြစ်သင်ကျောင်းရောက်ပြီးနောက် သူနှင့်တစ်ကြိမ်သာ ပြန်ဆုံခွင့်ရခဲ့သည်။ ထိုအကြိမ်သည် နောက်ဆုံးအကြိမ်ပင်ဖြစ်သည်။ လေးနှစ်လောက်ရှိပြီထင်သည် ထိုသို့နောက်ဆုံးတွေ့ရစဉ်က ကျွန်တော့်အားခရစ်တော်နှင့်တူသော ရဟန်းတစ်ပါးဖြစ်အောင်ကြိုးစားရန် စိတ်ကူးယဉ်ပိုင်းထက် လက်တွေ့ ရုန်းကန်မှုပိုင်းကို ဦးစားပေးရန် ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကိုလုပ်ရန် ဆုံးမခဲ့သေးသည်။ သည့်နောက်ပိုင်း မမမွန်နှင့်ပြန်မဆုံ တော့ပါ။
လွန်ခဲ့သောနှစ်လခန့်ကမူ မမမွန်သေဆုံးသွားပြီ ဟူသော မမျှော်လင့်မိသည့် ဝမ်းနည်းစရာသတင်းကို ကြားခဲ့ရသည် ထိုအချိန်က ကျွန်တော်သည် ကျောင်းမှာပင်ရှိသည်။ သူမအတွက် ဆုတောင်းပေးရင်း ဝမ်းနည်းခဲ့ရပါသည်။ မမမွန်သေဆုံးရပုံမှာ ကြေကွဲစရာကောင်းလှ သကဲ့သို့
ဂုဏ်ယူစရာလည်းကောင်းလှသည်။ မမမွန် ဆရာမ လုပ်သောကျောင်းတွင် ကျောင်းဆရာမဆို၍ သူမတစ်ဦးတည်းသာ ရှိသည်မို့ ကလေးများ၏ပညာရေးကို အထူးကြိုးစားဆောင်ရွက်ပေးရှာသည်။ နေ့ဘက်တွင်ကြိုးစားသင်ပေးရုံမက ညဘက်တွင် အချိန်ပိုခေါ်လျက် အတန်းကြီးသောကလေးများကို သင်ပေးရှာသည်။ အပိုချိန်သင်ပြီးလျှင် ကလေးများကို သူမကိုယ်တိုင် အိမ်အရောက်လိုက်ပို့ပေးသည်။ တစ်ညတွင် ကလေးများအား အိမ်လိုက်ပို့ပေးပြီး၍အပြန်လမ်း၌ မမမွန်ကိုပိုးထိသည်။ ညတွင်းချင်းဆေးရုံသို့ လှည်းဖြင့်ခေါ်လာကြသော်လည်း ခရီးကဝေးပြီး လမ်းကကြမ်းသည့်အပြင် ဒဏ်ရာကသွေးပြန်ကြောကိုထိသဖြင့် ပြင်းထန်လှသည့်အတွက် ဆေးရုံမရောက်ခင် လမ်းမှာပင်သေဆုံးခဲ့ ရကြောင်း သိရသည်။
အခန်း (၄)
ယခုမူ ဤအုတ်ဂူဖွေးဖွေးလေး အောက်တွင် မမမွန်သည် ထာဝရ အနားယူနေပေပြီ။ သူမအလွန်ချစ်သော ကက်သလစ် လူငယ်ထုအားရုတ်တရက် နှုတ်မဆက်ဘဲ ကျောခိုင်းသွားခဲ့လေသည်။
ယနေ့ကက်သလစ်လူငယ်များ၏ လူထုအကျိုးပြု တမန်တော်လုပ်ငန်းများတွင် အနစ်နာခံတတ်သောမမမွန်တစ် ယောက်တော့ဖြင့် မပါဝင်နိုင်တော့လေခြင်းဆိုသည့် အသိက ကျွန်တော်၏ရင်ကို ဆို့နင့်စေသည်။
မွေးဖွားခြင်းနှင့်သေဆုံးခြင်း ... တွေ့ဆုံခြင်းနှင့်ခွဲခွာခြင်းတို့သည် လူ့လောကတွင် မဆန်းတော့သော သဘောတရားဟု သိမြင်သော်လည်း မမမွန်သေဆုံးခဲ့ရသည်ကိုမူ တကယ်မှမြောမိပါသည်။ မည်သို့ဆိုစေ မမမွန်၏ဘ၀သည် အားကျစရာကောင်းလှပါသည်။ သူမ၏ ဘဝသည် ဆည်းဆာ၏ဘဝနှင့် တူလွန်းသည်။
ညနေဆည်းဆာအချိန်သည် တကယ်ပင်သာယာမှုတွေ နှင့်ပြည့်ဝနေသည်။ ဆည်းဆာရောင်ကြောင့် မိုးကောင်းကင်ကြီး သည် ရွှေရောင်တစ်ဝက်နှင့် ပန်းရောင်တစ်ဝက်ရောစပ်ကာရေးဆွဲ ထားသည့် ပန်းချီကားကြီးနှယ် ထည်ဝါလှပနေသည်။ သစ်ပင်ပန်းပင်ကလေးများ သည်လည်း ပန်းရောင်သန်းပြီး တစ်မျိုးလှနေကြသည် ။ ဆည်းဆာ၏နေရောင်အောက်ဝယ် အကျည်းတန် အရုပ်ဆိုးသူများပင် အလှသွေးကြွယ်လာကြသည်ဟု ပြောကြရသည်မဟုတ်ပါလော။
ဆည်းဆာချိန်တွင် မြေပြင်တစ်ခုလုံးသည် အေးမြ လာသည်။ ငှက်ကလေးများ သည်လည်း ငြိမ်းချမ်းမှုအပြည့်နှင့် တေးသီရင်း အိပ်တန်းသို့ဝမ်းမြောက်စွာ ပျံသန်းလာကြသည်။ တစ်နေ့တာ၏ ပူပြင်းခြောက်သွေ့မှုသည်လည်း ဆည်းဆာချိန်တွင် နိဂုံးချုပ်ရလေတော့သည်။ အလွန်ကြည်နူးဖွယ်ကောင်းသော ဆည်းဆာချိန်တည်း။ ဆည်းဆာချိန်သည် တခဏလေးသာကြာသည်။ နေဝင်သည်နှင့် ဆည်းဆာ၏အလှနှင့်ဘဝသည်
ပြယ်ပွင့်ပျောက်ကွယ်သွားရသည်။
ဆည်းဆာနေသည် သူ၏အစွမ်းခံ စအလှအပများကို ရက်ရောစွာဖြင့် ကမ္ဘာမြေပြင်တစ်ခုလုံးကိုဝေမျှပေးသည်။ အတ္တ ကင်းသောဆည်းဆာပါတကား။
ထို့အတူ မမမွန်၏ဘဝသည်လည်း ဆည်းဆာနေကဲ့သို့ တခဏလေးသာဖြစ်သည်။ သို့ရာတွင် တိုတောင်းလှသောသူမ၏ ကဒင်္ဂဘဝလေးကို ဆည်းဆာနေကဲ့သို့တာဝန်ကျေကျေ၊ အကျိုးရှိရှိအသုံးချနိုင်ခဲ့သည်။ သူမတွင်ရှိသော အစွမ်းအစ ပညာတို့ဖြင့် ပတ်ဝန်းကျင်ကိုအလှဆင်ခဲ့သည်။ အလင်းနှင့် မေတ္တာတရားကို ရက်ရောစွာဝေငှခဲ့ပါသည်။
ခရစ်ယာန်တို့၏အနှစ်သာရတစ်ခုသည် ချစ်ခြင်းနှင့် ဝေမျှခြင်း၊ အစေခံခြင်း ဟူသောသဘောကို မမမွန်ကောင်းစွာ နားလည်ကျင့်သုံးရင်း ခရစ်တော်ရှင်ကို သက်သေခံခဲ့သည်မှာ နမူနာယူစရာပင်မဟုတ်ပါလော။
ယခုအချိန်တွင်မူ မမမွန်သည် လောက၌ပင်ပန်းခဲ့သမျှကို အတိုးချလျက် ခရစ်တော်ရှင်၏နွေးထွေးသောမေတ္တာရိပ် အောက်ဝယ် ထာဝရ အနားယူနေပေတော့မည်။ နှောင်ကြိုးမဲ့သော ဧဒင်ဥယျာဉ်ပန်းခင်းလမ်းဝယ် ကြည်နူးမှုအပြည့်နှင့် ပျော်မြူးနေပေလိမ့်မည်။ ထို့အတွက် ဝမ်းသာမိပါသည်။
ထို့အတူ အသင်းတော်ကြီး၏ တစ်ထောင့်တစ်နေရာမှ မထင်ရှားသော အညတြတမန်တော်တစ်ဦးအနေဖြင့်
တာဝန်ကိုကျေပြွန်စွာထမ်းဆောင် ခဲ့သောမမမွန်ကို ဂုဏ်ပြုစကား လေးတစ်ခွန်းဆိုပါရစေ။
“ဂုဏ်ယူပါတယ်မမမွန်ရယ်” ဟူ၍
ကျွန်တော်၏ဂုဏ်ပြုစကားသံကို တမလွန်ဘ၀မှ အောင်ပွဲရမမမွန်တစ်ယောက် ကြားနိုင်ပါစေသတည်း။
(ကိုယ်ကျိုးစွန့်ခရစ်ယာန်လူငယ်တိုင်းကိုဦးညွှတ်လျက်)

(၁၉၈၂ ခုနှစ်တွင် ရေးသည်)

#နီလာရိုင်း

ဝတၳဳ