#စိန့်ဖရန်စစ်ဇေးဗီးယားတိုင်းရင်းသား ဘရာသာရ်ဂိုဏ်းအကြောင်း
မြန်မာကက်သလစ်သာသနာသမိုင်းကိုလေ့လာသော်၊ အောက်မြန်မာပြည်၌ သာသနာပြုခဲ့ကြသော နိုင်ငံခြားသားများ၏ အခန်းကိုမေ့ထား၍ မဖြစ်နိုင်ချေ။ ရန်ကုန်မြို့ကို ဗဟိုပြု၍ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာကို သာသနာပြုတို့၏ နောက်ဆုံးဒုတိယမြောက်အနေဖြင့် ကြည့်ရှုထိန်းသိမ်းခဲ့သော ထင်ရှားသည့်ဂိုဏ်းချုပ် ဆရာတော်ကြီးဖရက်ဒရစ်ပရိုဗို့စ်ပင်ဖြစ်ပါသည်။ ထိုဆရာတော်ကြီးသည် ၁၉၂၉ ခုနှစ်တွင် အီတလီတွင် ဆရာတော်ဘိသိတ်ခံယူပြီး မြန်မာပြည်သို့ပြန်လာကာ အမှုတော်မြက်ထမ်းဆောင်နေစဉ်(၁၉၃၁) ခုနှစ်တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် တင်မြှောက်ခြင်းခံရပေသည်။ ထိုအချိန်ကာလတွင် ရန်ကုန်ဂိုဏ်းချုပ်ဟုခေါ်ဆိုရာတွင် ယခုအချိန်အခါကဲ့သို့ အခြားသောဂိုဏ်းအုပ်သာသနာများ မပေါ်ထွန်းသေးဘဲ၊ ရန်ကုန်ကက်သလစ်သာသနာတော်ကြီးမှ အားလုံးသော မြန်မာပြည်အောက်ပိုင်းဒေသများကို ကြပ်မတ်ကွပ်ကဲနေရသကဲ့သို့ စည်းလုံးမှုရှိရန်အတွက်နှင့် သာသနာတော်တိုးတက်ရန်အတွက် ဆရာတော်က်ရန် ဆရာတော်ကြီးမှာ အမျှော်အမြင်ကြီးမားစွာ လှုပ်ဆောင်ရမည်ကိုသိရှိ၍လုပ်ခဲ့ပါသည်။ အထူးသဖြင့် ဆရာတော်ကြီးသည် ဝိညာဉ်ရေးအတွက်သာမက လူမှုရေးဆိုင်ရာဖြစ်သော ပညာရေးအတွက် ကျောက်ဆောင်များ၊ မိဘမဲ့ဂေဟာများ၊ လူအိုရုံ၊ အနာကြီးရောဂါဆေးရုံနှင့် ကျန်းမာရေးအတွက်ဆေးရုံများကိုပါ တပါတည်းတာဝန်ယူ စောင့်ရှောက်ကူညီပေးနေရသည့်အတိုင်း တမန်တော်စိတ်ဆန္ဒပြင်းပြသော ပုဂ္ဂိုလ်ကြီးပင်ဖြစ်ပါသည်။
ဆရာတော်ကြီးတာဝန်ယူသော အချိန်အခါသမယသည် ပထမကမ္ဘာစစ်ပြီးနောက် ဒုတိယကမ္ဘာစစ်ဖြစ်ရန် တာစူနေသာကာလပင်ဖြစ်သောကြောင့် အလွန်ပင်အခက်တွေ့ကြုံနေရသော အချိန်ကာလပင်ဖြစ်သည်။ သို့သော် စိတ်ဆန္ဒပြင်းပြသော တမန်တော်စိတ်နှင့် အဖက်ဖက်မှ မပြည့်စုံသော်လည်း ယိုယွင်းမှုမရှိစေဘဲ ဒုက္ခကိုခံထမ်းကာ လူသားများ၏ ဘဝဆင်းမှုကို ဖြေရှင်းပေးခဲ့ပါသည်။ သူ့ကို အကူအညီပေးနိုင်ရန်အတွက် ထိုအချိန်အခါကရှိခဲ့သော ရဟန်းတော်များ၊ သစ္စာသုံးပါးခံသီလရှင်များနှင့် စီမံကွပ်ကဲနေစဉ်ပင် အမျိုးသမီး သူတော်စင်များကဲ့သို့ သစ္စာသုံးပါးခံအမျိုးသားသူတော်စင်များရှိခဲ့လျှင် ပိုမိုတွင်ကျယ်စွာလုပ်ဆောင်နိုင်မည်ကို မြင်တွေ့ခဲ့သဖြင့် ပုသိမ်မြို့တွင် ရှိနေသောတိုင်းရင်းသူ စစ္စတာရ်(Sisters) များကဲ့သို့ တိုင်းရင်းသား ဘရာသာရ်များ (Brothers) အသင်းဂိုဏ်းတစ်ခုကို တည်ထောင်ရန် စိတ်ဝင်စားခဲ့ပါသည်။ သို့သော်ထိုကိစ္စသည် သာမာန်လူမှုရေးကိစ္စမဟုတ်။ အလွန်တရာတာဝန်ကြီးသောအမှုဖြစ်သောကြောင့် မည်သူ့ကိုမျှမစည်းရုံး၊ မသွေးဆောင်ဘဲ ရိုးသားဖြောင့်မတ်စွာဖြင့် ဘုရားရှင်ထံမှအလင်းကျေးဇူးတောင်းလျှောက်ခဲ့သည့်အပြင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုယုံကြည်စွာဖြင့် လမ်းညွှန်မှုခံယူခဲ့မည်မှာမလွဲချေ။ ဆုတောင်းခြင်းမပျက်၊ အလုပ်အကိုင်မပျက်၊ မနားမနေကြိုးစားလာခဲ့ရာ နောက်ဆုံးတွင် မိမိ၏ပြင်းပြသောဆန္ဒနှင့်အညီ ထူထောင်လိုသော တိုင်းရင်းသားဘရာသာရ်များ အသင်းဂိုဏ်းမျိုးစေ့ကို ၁၉၄၂- ခုနှစ်တွင် အောင်မြင်စွာ စတင်ပျိုးချနိုင်ခဲ့ပါသည်။ ထိုမျိုးစေ့မှ ရှင်သန်ပေါက်ဖွားလာသော အသီးအပွင့်များသည် ယနေ့တိုင် ပုသိမ်သာသနာ၊ မရမ်းချောင်းအရပ်တွင် တည်ရှိနေသည်သာမက ၂၀၁၇ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ဂျူဘီလီပွဲတော်ကြီးကိုပင် ခံယူခဲ့ကြပြီမည်။ ဤကား ကျေးဇူးတော်ရှင် ဂိုဏ်းချုပ်ဆရာတော်ကြီးပရိုဗို့စ်၏ ကြီးမားသောမေတ္တာ၊ စေတနာနှင့်ပြင်းပြသောဆန္ဒကြောင့်ဖြစ်သည်ကို သမိုင်းမှတ်တမ်းတစ်ရပ်အနေနှင့် ဂုဏ်ပြုကျေးဇူးတင်ခြင်းပင်ဖြစ်ပါသည်။
#ဝိညာဉ်တော်၏နှိုးဆော်မှုကိုခံစားနေရသောဆရာတော်
တုန်လှုပ်ခြောက်မက်ဖွယ်ကောင်းလှသော ကမ္ဘာ့စစ်မီးကြောင့် သန်းပေါင်းများစွာသော လူများသေဆုံးကြရသည် ကြရသည်။ အိုးမဲ့အိမ်မဲ့များ ဖြစ်ကြရသည်။ အဆောက်အဦးများ မီးလောင်ပျက်စီးကြရသည်။ အငတ်ပြဿနာများ ရင်ဆိုင်ကြရသည်။ ထို့အတူ မြန်မာပြည်ရှိအသင်းတော်သည် ဘေးဒုက္ခအပေါင်းနှင့် ရင်ဆိုင်ခဲ့ရသဖြင့် အချို့သောသာသနာပြု ပုဂ္ဂိုလ်များလည်း ဖမ်းဆီးညှဉ်းဆဲ၊ နှိပ်စက်သတ်ဖြတ်ခြင်းများခံကြရပါသည်။ ထိုသူများထဲတွင် ဘရာသာရ်ဂိုဏ်းကို တည်ထောင်ရန် ဆန္ဒရှိနေသော သာသနာပြုဂိုဏ်းချုပ်ဆရာတော်ကြီး ပရိုဗို့စ်မပါဝင်ခဲ့ချေ။ ဘရာသာရ်ဂိုဏ်းကိုတည်ထောင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းနှိုးဆော် မှုကိုလည်းပျောက် ကွယ်မသွားသဖြင့် စိတ်ပျက်ဖွယ်ကောင်းသည့် အခြေအနေဆိုးများကြားမှပင် မြန်မာအသင်းတော်အတွက် စိန်ဖရန်စစ်ဇေးဗီးယားဘရာသာရ်အသင်းဂိုဏ်းတစ်ခု တည်ထောင်သွားနိုင်ခဲ့ပြီး ဆက်လက်အသက်ရှင်ကာ သာသနာပြုလုပ်ငန်းများကိုထမ်းဆောင်ခဲ့ပါသည်။ သို့သော် ဆရာတော်ကြီးအနေဖြင့် အသင်းဂိုဏ်းကို မည်သည့်နေရာ၊ မည်သည့်အချိန် မည်သူနှင့်စတင်တည်ထောင်မည်ဟူသော မေးခွန်းများ၏အဖြေများကို ဝိညာဉ်တော်၏လမ်းညွှန်မှုသာဖြစ်မည်ကို သဘောပေါက် ခံယူထားသဖြင့် ကက်သလစ်လူငယ်တစ်ဦးတစ်ယောက်ကိုမျှ အတင်းအကြပ်မစည်းရုံးခဲ့ပါ။
ဘရာသာရ်ဂိုဏ်းတည်ထောင်ရန် အချိန်အခါနှင့်အခြေအနေတို့မှာလိုအပ်သည် ဖြစ်သကဲ့သို့၊ အသင်းဂိုဏ်းကိုတည်ထောင်ရန် စောင့်မျှော်ပြင်ဆင်နေချိန်တွင်၊ ပီနန်သို့ရဟန်းဖြစ်ရန် မိမိစေလွှတ်လိုက်သော ရဟန်းလောင်း ကိုရင်များထဲမှ မြစ်ဝှမ်းကျွန်းပေါ်၊ မြောင်းမြသနာမှ ဂျွာနက်မောင်ညွှန့်ဆိုသော ကိုရင်လေးသည် မိဘများလက်ထပ်ခြင်း၊ ခံယူခြင်းမရှိခြင်းကြောင့် ရဟန်းမဖြစ်နိုင်ဟူသော သက်ဆိုင်ရာအကြီးအကဲ၏ အကြောင်းကြားစာကို ခံယူရရှိခဲ့ပါသည်။ မကြာမီကိုရင်လေးမောင်ညွန့်ထံမှလည်း “မိမိသည် ရဟန်းမဖြစ်နိုင် သည့်အတွက် အိန္ဒိယသို့သွားကာ ဘရာသာရ်ဖြစ်လိုပါသည်။ မိမိအားသွားခွင့်ပြုပါရန်” ပန်ကြားသည့်စာကို ရရှိပြန်ပါသည်။ သို့ဖြစ်၍ ဆရာတော်ကြီးသည် မိမိတည်ထောင်လိုသော ဘရာသာရ်ဂိုဏ်းအတွက် အလိုရှိနေသော ဘရာသာရ်လောင်းကို ဘုရားသခင်ပေးသနားတော်မူပြီဟု မှတ်ယူလိုက်သည်နှင့်အညီ သက်ဆိုင်ရာကျောင်းအုပ် ဘုန်းတော်ကြီးနှင့် ဘရာသာရ်လောင်းဖြစ်မည့် ရဟန်းလောင်းကိုရင်လေးမောင်ညွှန့်ဆီသို့ ချက်ချင်း အကြောင်းပြန်ကြားခဲ့ပါသည်။ ဆရာတော်၏စာမှာ “ကိုရင်လေးသည် အကယ်၍ဘရာသာရ်ဖြစ်လိုပါက အိန္ဒိယသို့ မသွားဘဲ၊ မြန်မာပြည်သို့ပြန်ခဲ့ပါ။ သင့်အားဖြင့် တိုင်းရင်းသားဘရာသာရ်ဂိုဏ်း တစ်ဂိုဏ်းကို ကျွန်ုပ်တည်ထောင်မည်။” ဟု စာရေးအကြောင်းကြားခဲ့ပါသည်။ အထက်ပါ ဆရာတော်၏ပေးပို့စာသည် စိန်ဖရန်စစ်ဇေးဗီးယားတိုင်းရင်းသား ဘရာသာရ်ဂိုဏ်း၏ သမိုင်းဝင်စာတစ်စောင်ဖြစ်လာခဲ့ပါသည်။ မူရင်းစာကို မရရှိခဲ့သော်လည်း ကိုရင်လေးမောင်ညွှန့်(ခေါ်)ဘရာသာရ်ကြီးပါစကားကိုယ်တိုင် လက်ဆင့်ကမ်းခဲ့သော ဆရာတော်၏ စကားရပ်ဖြစ်သည်။
#ဘရာသာရ်ဂိုဏ်းတည်ထောင်ရန်အနီးကပ်ပြင်ဆင်မှုများ
အသင်းဂိုဏ်းတည်မည့်ဆရာတော်အဖို့ ကိုရင်လေးမောင်ညွန့်အားပြန်ခေါ်ခဲ့သည့်အတွက် ဒီဇင်ဘာလတွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ကိုရင်လေးသည် ဆရာတော်၏ အစီစဉ်အတိုင်း လိုက်နာမည့်သူ ဖြစ်သည့်အတွက် အနီးကပ်အစီအစဉ်များကို ရေးဆွဲပါတော့သည်။ ဦးစွာပထမ ဘရာသာရ်ဂိုဏ်းကို ပုသိမ် သာသနာဘက်တွင် တည်မည်ဖြစ်သဖြင့် ကနကုန်းရွာကို ရွေးချယ်ခဲ့ပြီး၊ တာဝန်ယူရန် ကနစိုးကုန်းကျောင်းထိုင်ဖြစ်ခဲ့သူ ကျောင်းထိုင်ဘုန်းတော်ကြီး မိုးရီးယဲကို တာဝန်ပေးခဲ့ပါသည်။ သို့သော် ဘုန်းတော်ကြီးအနေဖြင့် သာသနာလုပ်ငန်းနှင့်တွဲဖက်နေသဖြင့် တာဝန်မယူနိုင်သည့်အတွက် မော်လမြိုင်မြို့ရှိ ရဟန်းဖြစ်သင်ကျောင်းအုပ်ဘုန်းတော်ကြီး ဗစ်တာဘားဇင်းအား အသင်းဂိုဏ်းကိုကွပ်ကဲရန် တာဝန်ပေးခဲ့ပါသည်။ ဤသို့ဖြင့် ကိုရင်လေးမောင်ညွှန့်နှင့်အတူ အခြားအဖော်နှစ်ဦးကိုလည်း မော်လမြိုင်သို့လိုက်၍ ဘရာသာဖြစ်လိုလျှင် ဖြစ်နိုင်ကြောင်းဖြစ် ပြေသော်လည်း ထိုနှစ်ဦးမှာအစ၌ ဘရာသာရ်ဖြစ်လိုသော်လည်း နောက်ပိုင်း၌ ဘရာသာရ်ဖြစ်ရန်ဆန္ဒမရှိသဖြင့် ဝမ်းနည်းစွာဖြင့်နောက်ဆုတ်လိုက်ကြပါသည်။ သို့ဖြင့် ကိုရင်လေးမောင်ညွန့်မှာ တစ်ဦးတည်းဖြင့် ဘရာသာရ်ဘဝကို အစပြုရတော့သည်။
#ဘရာသာရ်ဂိုဏ်းတည်ထောင်ခြင်းကိုအစပြုလေပြီ။
၁၉၄၂ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် ဆရာတော်ကြီးသည် ဘရာသာရ်ဂိုဏ်းကို တည်ထောင်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်၍ မတည်မငြိမ်နှင့် ရဟန်းဖြစ်သင်ကျောင်းနှင့်အတူ စစ်ကြောင်းနှင့်ဝေးရာ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဓမ္ဘီကျေးရွာသို့ ၁၉၄၂ ခုနှစ်၊ မတ်လတွင် ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုအချိန်ကျောင်းထိုင် ဘုန်းတော်ကြီးမှာ အော်လီဗာဒီဘရိုးမင်းဖြစ်သည်။
မြို့ကြီးပြကြီးတွင် မွေးဖွားရန်ဇာတာမပါခဲ့သော ဘရာသာရ်ဂိုဏ်းသည် ဟင်္သာတခရိုင်၊ ဓမ္ဘီကျေးရွာသို့ရောက်မှပင် အတည်တကျဖြစ်နိုင်ခဲ့ပါသည်။ ဓမ္ဘီသို့ရောက်ရှိပြီး ဘရာသာရ်လောင်းမောင်ညွှန့်သည် ၁၉၄၂ - ခုနှစ်၊ ဇွန် ၁၂ ရက်နေ့တွင် အသင်းဂိုဏ်းတည်ထောင်သူ ဆရာတော်ကြီးပရိုဗို့စ်၏လက်တော်မှ ဘရာသာရ်ဝတ်ရုံသင်္ကန်းကို အပ်နှင်းခံရပြီး၊ ဘရာသာရ်ပါစကားဟူသောဘွဲ့အမည်သစ်နှင့်အတူ စိန့်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်အသင်းဂိုဏ်းကို တည်ထောင်နိုင်ပြီဖြစ်ကြောင်း မြန်မာပြည်ကက်သလစ်သာသာနာတော်သို့ ကြေညာခဲ့သည်။ အသင်းဂိုဏ်း၏သမိုင်းတွင် တည်ထောင်သူအဖြစ် သာသနာပြု ဂိုဏ်းချုပ်ဆရာတော်ကြီး ဖရက်ဒရစ်ပရိုဗို့စ်အားဖြင့် ဟင်္သတခရိုင်၊ ဓမ္ဘီကျေးရွာတွင် စိန်ဖရန်စစ်တိုင်းရင်းသား ဘရာသာရ်ဂိုဏ်း၏ မွေးရပ်မြေ အစစ်အမှန်ဖြစ်ကြောင်းမှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(မှတ်ချက်) ဓမ္ဘီကျေးရွာတွင် ယခုအခါ ပုသိမ်သာသနာလုံးဆိုင်ရာ လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိပြီး ဘုန်းတော်ကြီးများ၊ စစ္စတာရ်များသာ ဆက်လက်ကြည့်ရှု တာဝန်ထမ်းဆောင်နေကြပါသည်။ သံလူကားကျမ်းချက်အရ သခင်ယေဇူးသည် နာဇရက်မြို့၌သန္ဓေတည်၍ ဘက်သလေဟင်၌မွေးဖွားကာ ဂျေရုစလင်တွင်ကြီးထွားသကဲ့သို့ မြန်မာ့တိုင်းရင်းသား စိန့်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်ဂိုဏ်းသည် မော်လမြိုင်မြို့၌ သန္ဓေတည်၊ ဟင်္သတမြို့နယ် ဓမ္ဘီကျေးရွာတွင် မွေးဖွားကာ၊ ပုသိမ်မြို့နယ် မရမ်းချောင်းတွင် ကြီးထွားလာခဲ့ပါသည်။ ဓမ္ဘီတွင်(၃)နှစ်သာ နေခဲ့ရပြီးနောက် မော်လမြိုင်သို့ပြန်မသွားတော့ဘဲ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လတွင် ပုသိမ်မရမ်းချောင်းသို့ ပြောင်းရွှေ့နေထိုင်ကာ ယနေ့တိုင်တည်ရှိနေကြပါသည်။ ထို့အချိန်အခါက ရန်ကုန်ဌါနချုပ်မှ ဆရာတော်ကြီးပရိုဗို့စ်သည်သာ ဂိုဏ်း၏အကြီးအကဲဖြစ်လေသည်။
#ဘရာသာရ်ဂိုဏ်း၏တမန်တော်လုပ်ငန်း
ဂိုဏ်းချုပ်ဆရာတော်ကြီးတည်ထောင်ခဲ့သော တိုင်းရင်းသား စိန့်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်ဂိုဏ်းသည် ပြည်တွင်း၌တည်ထောင်သော အသင်းဂိုဏ်းဖြစ်၍ မြန်မာပြည်တစ်ခုလုံးနှင့် သက်ဆိုင်သော ဆရာတော်များ၊ ရဟန်းတော်များ၏ တောင်းဆိုမှုကို တမန်တော်စိတ်ဓာတ်ဖြင့် စိတ်အားထက်သန်စွာ ပေးဆပ်နေဆဲဖြစ်ပါသည်။ ဘော်ဒါကျောင်းသားများကို ကြည့်ရှုပေးခြင်း၊ ဓမ္မသင်တန်းကျောင်းများတွင်အကူအညီပေးခြင်း၊ ရဟန်းတော်များ သွားရောက် ကျောင်းမထိုင်နိုင်သေးသော သာသနာနယ်များတွင် သွားရောက်နေထိုင်ဦးဆောင်ပေးခြင်း၊ တမန်တော်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် အသင်းဂိုဏ်း၏အစီစဉ်နှင့် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာဒေသခံ ဆရာတော်၊ ရဟန်းတော်များ၏အစီစဉ်အရသာ လုပ်ဆောင်ကြပါသည်။
ဒုတိယတမန်တော်လုပ်ငန်းအနေဖြင့် မစ္ဆားအတွင်းကူညီခြင်း၊ မမ္မသီချင်းများပြုစုရေးသားခြင်း၌လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများကိုဦးဆောင်ပေးခြင်း၌လည်းကောင်း၊ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဂျိုးဖြူလမ်းရှိစာပုံနှိပ်တိုက်လုပ်ငန်းအနေနှင့်လည်းကောင်း၊ ပုသိမ်မြို့ဆားငန်ကုန်းရပ်ကွက်ရှိ မိဘမဲ့ကလေးများကျောင်း၊ ကနစိုးကုန်းဝင်လိုသူကျောင်းနှင့်ပူးတွဲ၍ ဖွင့်လှစ်ထားသောဘော်ဒါကျောင်း၊ ပုသိမ်သနာ၊ ပင်လယ်အိုင်မကျေးရွာတွင် ဘရာသာရ်တို့၏ဥယျာဉ်မြေ၌ ဘရာသာရ်ကျောင်းဖွင့်လှစ်၍ တမန်တော် လုပ်ငန်းလုပ်ဆောင်ခြင်း၊ ဗဟိုဌါနမရမ်းချောင်းတွင် အသင်းဂိုဏ်းလယ်ယာမြေများကို ဂိုဏ်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ခြင်း၊ ပုသိမ်ကျိုက်လတ်သာသနာပိုင် ကျုံပဒုတ်ကျေးရွာရှိလယ်မြေများ၊ သာပေါင်းမြို့နယ်ပိုင် တောင်ယာကုန်းကျေးရွာတွင် ဥယျာဉ်မြေကြည့်ရှုခြင်း၊ စသည်တို့ကိုလုပ်ဆောင်ဆက်ကပ်နေကြပါသည်။
တတိယအမျိုးအစား တမန်တော်လုပ်ငန်းမှာ ထင်ရှားမှုမရှိသောလုပ်ဆောင်ချက်သာဖြစ်ပြီး ဘရာသာများသာမဟုတ်၊ လူတိုင်းလုပ်ဆောင်နိုင်သော ဆုတောင်းခြင်း၊ ပူဇော်ခြင်း၊ ခြိုးခြံခြင်းတို့ဖြင့် သူငယ်တော်ယေဇူး၏ သံတာထရေဇားလေးကဲ့သို့ လုပ်ဆောင်နိုင်သောတမန်တော်လုပ်ငန်းမျိုးဖြစ်ပါသည်။ ထိုနည်းမှာ အတိုင်းတိုင်း၊ အပြည်ပြည်သို့ သွားရောက်သာသနာပြုလုပ်ဆောင်ခဲ့သော စိန်ဖရန်စစ်ဇေးဗီးယား၊ လုပ်ဆောင်မှု၏ အကျိုးရလဒ်နှင့်တူညီသည်ဟု အသင်းတော်ကဆိုထားပါသည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး ပရိုဗို့စ်သည် ဘရာသာရ်ဂိုဏ်းကို (၁၉၄၂)ခုနှစ်တွင် တည်ထောင်ပြီးနောက်၊ (၁၉၅၂)ခုနှစ်၊ စက်တင်ဘာလ(၂၇) ရက်နေ့တွင် ပျံလွန်တော်မူခဲ့ပါသည်။ မိမိတည်ထောင်ခဲ့သော ဘရာသာရ်ဂိုဏ်း၏(၁၀)နှစ်ပြည့်တွင် ဂိုဏ်းဝင်ဘရာသာ (၅)ပါးကို မြင်တွေ့သွားခဲ့ပါသည်
#ဂိုဏ်းချုပ်ဆရာတော်ကြီး ဗစ်တာဘာဇင်း (၁၉၅၂ - ၁၉၅၅)
ဆရာတော်ကြီးဗစ်တာဇင်းမှာ ဘရာသာန်ဂိုဏ်းကို တည်ထောင်သည့် ပုဂ္ဂိုလ်မဟုတ်သော်လည်း ဘရာသာဂိုဏ်း ဖြစ်ပေါ်လာရေးကို တာဝန်ယူပေးခဲ့ရသူဖြစ်သည်။ ဆရာတော်ကြီးသည် ဘရာသာရ်ဂိုဏ်း ပေါ်ပေါက်လာသည့်အချိန် (၁၉၄၂) မှစ၍ (၁၉၅၃) တွင် ဂိုဏ်းချုပ်ဆရာတော်ဖြစ်သည့်အချိန်ထိ ဂိုဏ်း၏အကြီးအကဲ(သို့မဟုတ်) ဂိုဏ်းဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ (၁၀ ) နှစ် အချိန်ကာလအတွင်း ဘရာသာရ် (၅) ပါးကိုမွေးထုတ်ပေးနိုင်ခဲ့သည်။ ဆရာတော်သည် အောက်မြန်မာပြည်၏ နောက်ဆုံးနိုင်ငံခြားသာသနာပြု ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်ပြီး (၁၉၇၀ ) တွင် ပြင်သစ်ပြည်သို့ ပြန်ကြွသွားခဲ့ပါသည်။
#၁၉၅၃ခုနှစ်နောက်ပိုင်းဘရာသာရ်ဂိုဏ်း
ဂိုဏ်းတည်ပုဂ္ဂိုလ် ဂိုဏ်းချုပ်ဆရာတော်ကြီးပရိုဗို့စ် ပျံလွန်တော်မူပြီးသည့်နောက် မိမိ၏နေရာကိုဆက်ခံရန် ပုသိမ် မရမ်းချောင်း၊ ဘရာသာရ်ဂိုဏ်း၏ အကြီးအကဲဥက္ကဌဖြစ်သူ၊ ရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းအုပ် ဘုန်းတော်ကြီးလည်းဖြစ်သူ ဖာသာရ်ဗစ်တာဘားဇင်းသည် ဂိုဏ်းချုပ်ဆရာတော်ဖြစ်ရန် အရွေးခံရသည်ဖြစ်၍ (၁၃၅၂၃) တွင် ဘရာသာရ်ဂိုဏ်း၏ အကြီးအကဲတာဝန်ကို ဘုန်းတော်ကြီးအိုဂျင်းအား လွဲအပ်ခဲ့ပါသည်။ ထိုနှစ်မှာပင်ဘုန်းတော်ကြီးဗစ်တာဘားဇင်းသည် ရန်ကုန်သို့ပြောင်းကြွကာ ဆရာတော်သိက္ခာကိုခံယူခဲ့ပါသည်။ ၎င်းနောက် ပုသိမ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ဆရာတော်ဂျော့ဦးကျော်ကတာဝန်ယူသောအခါ ဆရာတော်ကြီးဘားဇင်းက “ဤဘရာသာရ်ဂိုဏ်းအား ရန်ကုန်သို့ ပြောင်းရွှေ့မည်၊ မပြောင်းရွှေ့မည်ကိုမေးမြန်းရာ ဆရာတော်ကြီးဂျော့ဦးကျော်က ပုသိမ်တွင်ရှိနေသည့်အတွက် ကျွန်ုပ်တို့တာဝန်ယူပါသည်” ဟုပြောဆိုခဲ့ပါသည်။ ထိုအချိန်မှစ၍ ဤဘရာသာရ်ဂိုဏ်းအား ပုသိမ်ဆရာတော်များ အဆက်ဆက်တို့မှ တာဝန်ယူကြည့်ရှုခဲ့ကြပါသည်။ (၁၉၅၅)ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ရှိသာသနာအုပ်စု (၁၃)စုကို ရန်ကုန်သာသနာမှခွဲထုတ်ကာ ပုသိမ်သာသနာကို ဗဟိုပြု၍ ဂိုဏ်းအုပ်ဆရာတော် ဂျော့ဦးကျော် အုပ်ချုပ်ချိန်မှစ၍ ယနေ့တိုင်ရပ်တည်နေဆဲဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပထမဦးဆုံးသော တိုင်းရင်းသား ဆရာတော်ကြီးဖြစ်ခဲ့ပါသည်။
#ဂိုဏ်းအုပ်ဆရာတော်ဂျော့ဦးကျော်
ဆရာတော်ဦးကျော်ပုသိမ်သာအနာကို စတင်အုပ်ချုပ်သည့် (၅)နှစ်တွင် ပုသိမ်မရမ်းချောင်း၊ ရဟန်းဖြစ်သင်ကျောင်းနှင့်တွဲလျက်ရှိသော ဘရာသာရ်ကျောင်းအား သီးသန့်ထားရန် ဘရာသာရ်ကျောင်းတစ်ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါသည်။ ထိုစဉ်အချိန်က မရမ်းချောင်းတွင် စိန့်ဖရန်စစ် ဘရာသာရ်ဂိုဏ်း၊ အခြေခံရဟန်းဖြစ်သင်ဗဟိုကျောင်းနှင့် စိန့်ဖရန်စစ်ဇေးဗီးယားစစ္စတာအသင်းဂိုဏ်းဟူ၍ ရှိခဲ့ပါသည်။
ဆရာတော်အချိန်မတိုင်မီကာလတွင် (၃၅၄)မှ (၁၉၅၄)အထိ ဘရာသာရ်ဂိုဏ်း၏ ဂိုဏ်းဥက္ကဌအဖြစ် ဘုန်းတော်ကြီးအိုဂျင်းနှင့် (၁၉၅၄) မှ (၁၉၅၅) အထိ ဘုန်းတော်ကြီးလာဟစ် (MEP) ဖြစ်ပါသည်။ ( ၁၉၆၂ ) ခုနှစ်သို့ရောက်သောအခါ ဂိုဏ်းအကြီးအကဲ၏တာဝန်ကို ဘရာသာရ်ကြီးပါစကားသို့ လွှဲပြောင်းပေးခဲ့သည်။ နိုင်ငံတော်အစိုးရက နိုင်ငံခြားသာသနာပြုများကို တိုင်းပြည်မှနှင်ထုတ်ခဲ့ရသဖြင့် များစွာသော သာသနာပြုပုဂ္ဂိုလ်တို့မှာ မိမိတို့၏လုပ်ငန်းများကို တိုင်းရင်းသားများလက်သို့ လက်ဆင့်ကမ်းအပ်နှံခဲ့ပြီး တိုင်းပြည်မှထွက်ခွာသွားခဲ့ကြသည်။ တချိန်တည်းမှာပင် သာသနာပိုင်စာသင်ကျောင်းများကို ပြည်သူပိုင်သိမ်းခဲ့ပါသည်။ (၁၉၆၇) ခုနှစ်တွင် ဘရာသာရ်ဂိုဏ်း၏(၂၅)နှစ်မြောက် ငွေစင်ဂျူဘီလီပွဲကို ဆရာတော်ဂျော့ဦးကျော်ကိုယ်တိုင်ကြီးမှူး၍ ကျင်းပခဲ့ပါသည်။ ဘရာသာရ်ဂိုဏ်း၏သက်တမ်းမှာ (၂၅)နှစ်ပြည့်ပြီဖြစ်၍ ငွေစင်ဂျူဘီလီကို သစ္စာခံဘရာသာရ်(၂၃)ပါးနှင့်ခံယူကျင်းပခဲ့ပါသည်။ အမှန်တကယ်ဂိုဏ်းမှမွေးထုတ်ခဲ့သော သစ္စာခံဘရာသာရ်(၂၇)ပါးဖြစ်ပါသည်။ (၁၉၆၂)ခုနှစ်တွင် ဂိုဏ်းဥက္ကဌတာဝန်ယူခဲ့သော ဘရာသာကြီးပါစကားသည် (၁၉၆၅)ခုနှစ်တွင် အလောင်းဆရာဘရာသာရ်ကြီးပီတယ်အား ယာယီအကြီးအကဲ၏ တာဝန်ကိုလွဲပေးခဲ့ပါသည်။ ဘရာသာရ်ဂိုဏ်းကို နှစ်ပေါင်းများစွာပြုစုပျိုးထောင်ပေးခဲ့သော ဂိုဏ်းချုပ်ဆရာတော်ကြီးဘားဇင်းမှာလည်း ကျန်းမာရေးကြောင့် မပါဝင်နိုင်ခဲ့ပါ။ မည်သို့ပင်ဖြစ်စေ ဘေးဒုက္ခအခက်အခဲများကြားမှ ရှင်သန်လာခဲ့သော တိုင်းရင်းသားဘရာသာရ်ဂိုဏ်းသည် (၂၅)နှစ်အသက်တာကို ပိုင်ဆိုင်နိုင်ခဲ့ကြပါသည်။
#ဘရာသာရ်ဂိုဏ်း၏ပညာရေး
ဘရာသာရ်ဂိုဏ်းတည်ချိန်မှစ၍ ယနေ့ဂိုဏ်းသို့ဝင်လိုသောသူများအတွက် အထက်တန်းပညာအဆင့်အနေဖြင့် ဘရာသာရ်ဘဝကိုခံယူကာအသင်းတော်အား အစေခံရန်ဟူသောရည်ရွယ်ချက်နှင့် မိမိဘဝကို ဆက်ကပ်ထားခြင်းသာဖြစ်သည်။ သို့သော် ဂိုဏ်းတည်ဆရာတော်ကြီးသည် ပညာရေးပိုင်းကို တချိန်ချိန်တွင် အဆင့်တန်းမြင့်မားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာရေးအတွက် ဦးတည်ထားပါသည်။ ဂိုဏ်းတွင် အဓိက သင်ကြားပို့ချသော ဓမ္မပညာရပ်များမှာ ခရစ်ယာန်အယူဝါဒ၊ သမ္မာကျမ်းစာ၊ အသင်းတော်သမိုင်း၊ အင်္ဂလိပ်စာနှင့် မြူးစိပညာရပ်များကို သင်ကြားပို့ချပေးပါသည်။ ဓမ္မပညာရပ်များကို မရမ်းချောင်းရဟန်းဖြစ်သင်ကျောင်းတွင် တာဝန်ကျသော ရဟန်းတော်များ၊ တာဝန်ခံ ဘရာသာရ်၊ စစ္စတာရ်တို့မှ ပို့ချပေး၊ သင်ကြားပေးနေဆဲဖြစ်ပါသည်။ ဘရာသာရ်အလောင်းနှင့် စစ္စတာရ်အလောင်းကျောင်းရှိနေသဖြင့် တာဝန်ကျသည့် မည်သည့်ဘုန်းတော်ကြီးမဆို ရဟန်းလောင်း၊ ဘရာသာရ်လောင်းနှင့် စစ္စတာရ်လောင်းများ၏ စာချဘုန်းတော်ကြီးများဖြစ်ကြပါသည်။ သို့ပါ၍ ပညာသင်ကြားပေးခဲ့ကြသော ရဟန်းတော်များနှင့် ဆရာသမားများကိုလည်း အစဉ်အဆက်ကျေးဇူးတင်လျက်ရှိပါသည်။
#ဂိုဏ်းအုပ်ဆရာတော်ကြီးဂျိုးဇက်မန်းအေရီ
၁၉၆၇ ခုနှစ် ဂျူဘီလီနှစ်မှ ခရီးဆက်လက်ထွက်ခွါခဲ့သော (၁၉၇၀) ခုနှစ်သို့ ရောက်သောအခါ ပုသိမ်ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျိုးဇက်မန်းအေရီက ဘရာသာဂိုဏ်းကို တိုက်ရိုက်အုပ်ချုပ်ခဲ့ပါသည်။ ဆရာတော်သည် မိမိကိုယ်စားလှယ်အဖြစ် ဘရာသာရ်အလောင်းကျောင်းကို အုပ်ချုပ်သူအဖြစ် ဘရာသာရ်ကြီးပါစကားကို ထားရှိခဲ့ပါသည်။ မရမ်းချောင်းတွင်တာဝန်သည့်စာချပုဂ္ဂိုလ်များအား ဘရာသာရ်အလောင်းနှင့်စစ္စတာရ်လောင်းများကို ပညာသင်ပေးရန် စနစ်တကျတာဝန်ပေးခဲ့ပါသည်။ ဘရာသာရ်ဂိုဏ်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရမ်းချောင်းရှိ ပါစကားဥယျာဉ်နှင့် လယ်မြေများကိုလည်းကောင်း၊ ပင်လယ်သာသနာတွင် ဘရာသာဂိုဏ်းအတွက် ဥယျာဉ်မြေနှင့် လယ်မြေကိုလည်းကောင်း၊ နောက်ဆုံး ကနစိုးကုန်းရွာရှိ ဥယျာဉ်မြေနှင့် လယ်မြေတို့ကိုဝယ်ယူပြီး လုပ်ကိုင်စေပါသည်။
(၁၉၈၂)ခုနှစ်တွင်ဆရာတော်ကြီးသည်ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှအနားယူခဲ့ပြီး ဘရာသာရ်ဂိုဏ်း၏အကြီးအကဲတာဝန်ကို ဘရာသာရ်ကြီးပါစကားအားလွဲအပ်ခဲ့ပါသည်။ ဂိုဏ်းဥက္ကဌတာဝန်ကို ဒုတိယအကြိမ်ပြန်လည်ထမ်းဆောင်ရသည့်အချိန်တွင် ပုသိမ်၌ဂိုဏ်းအုပ်ဆရာတော်ကြီးဂျေဗွီဆေးကွဲရားပင်ဖြစ်သည်။ ဂိုဏ်းဥက္ကဌဘရာသာကြီးပါစကား၏ တာဝန်ထမ်းဆောင်သော နောက်ဆုံးအချိန်ကာလ၌ပင်ဖြစ်သည်။ ကျန်းမာရေးမကောင်းသဖြင့်(၁၉၈၈)တွင် ဂိုဏ်းဥက္ကဌတာဝန်များကို ဘရာသာရ်ကြီးဘရူးနိုးလက်သို့ လွဲပြောင်းပေးအပ်ခဲ့ပါသည်။ ဘရာသာရ်ဘရူးနိုးတာဝန်ယူပြီး ဒုတိယနှစ်(၁၉၈၉)ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် ဂိုဏ်းမှသက်တော်(၃၅)နှစ်၊ ဝါတော်(၁၁)ဝါရှိသော ဘရာသာရ်ဒေးဗစ်သည် အစာအိမ်ရောဂါဝေဒနာဖြင့်ဂိုဏ်း၌ ပထမဆုံးပျံလွန်တော်မူခဲ့သော ဘရာသာရ်တစ်ပါးဖြစ်ခဲ့ပါသည်။
ဤသို့ဖြင့်ဂိုဏ်း၌ အဦးဆုံးကွယ်လွန်မည်ဟုမိမိကိုယ်ကိုယ်မှတ်ယူခဲ့သော ဘရာသာရ်ကြီးပါစကားမှာ ဒုတိယအဖြစ်(၁၉၉၁)ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင်ပျံလွန်တော်မူခဲ့ပါသည်။ (၁၉၉၂)ခုနှစ်၊ ဘရာသာရ်ဂိုဏ်း၏ရွှေဂျူဘီလီကို ခံယူကျင်းပခဲ့ကြသော ဂိုဏ်းသားများအဖို့ မိမိတို့ဘရာသာရ်ဂိုဏ်းအား(၁၉၉၁)ခုနှစ်တိုင်အောင် ဦးဆောင်လာခဲ့သောဘရာသာရ်ကြီး၏ ရွှေစင်ဂျူဘီလီကို ကျင်းပမပေးလိုက်ရတော့သည့် အဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရပါသည်။
#ဘရာသာရ်ဂိုဏ်း၏ရွှေစင်ဂျူဘီလီ
(၁၉၄၂ မှ ၁၉၉၂) ခုနှစ်အထိ နှစ်ပေါင်း(၅၀)အတွင်း ဂိုဏ်း၌မွေးထုတ်ခဲ့သော သစ္စာခံဘရာသာရ်အပါး(၄၀)နှင့် ဘရာသာရ်လောင်း(၈)ပါးတို့သည် ဂိုဏ်းဥက္ကဌ ဘရာသာရ်ကြီးဘရူးနိုး၏ ဦးဆောင်မှုနှင့်ခရီးနှင်းခဲ့ကြသော ဘရာသာရ်များနှင့်အတူ ဘုရားသခင်အား ကောင်းကင်ဘုံမှ ဝမ်းမြောက်စွာနှင့်ကျေးဇူးတင်ရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်မှ တဖန်ခရီးဆက်လာခဲ့သော ဘရာသာရ်ဂိုဏ်းသည် သက္ကရာဇ် (၂၀၀၀) (၂၀) ရာစု၏ နောက်ဆုံးနှစ်များသို့ရောက်လာချိန်တွင် ဘရာသာရ်ဂိုဏ်း၏ သက်တမ်းမှာ(၅၈)နှစ်သို့ ရောက်လာ ခဲ့ပြီဖြစ်ပါသည်။ ဂိုဏ်းဥက္ကဌဖြစ်သူ ဘရာသာရ်ကြီးဘရူးနိုးမှာလည်း (၁၉၉၈)ခုနှစ်တွင် ဂိုဏ်းဥက္ကဌတာဝန်မှ အနားယူကာ ဘရာသာရ်ဂျိမ်းစ်လက်သို့ ပေးအပ်ခဲ့သည်။ (၁၉၉၂ မှ ၁၉၉၄) အထိကြည့်ရှုခဲ့သော ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျွန်ဂေးဗြဲမှာ ပျံလွန်တော်မူသဖြင့် ပုသိမ်သာသနာ၏ဂိုဏ်းအုပ်ဆရာတော်အဖြစ် လားရှိုးဂိုဏ်းအုပ်သာသနာမှ ပြောင်းရွှေ့ခဲ့သော ဆရာတော်ချားလ်စ်ဘို(ယခုကာဒီနယ်ချားလ်စ်ဘို)မှ ဆက်လက်တာဝန်ယူခဲ့ပါသည်။ ဆရာတော်ကြီးသည် ယနေ့ထိရန်ကုန်ဂိုဏ်းချုပ်အဖြစ်လည်းကောင်း၊ ရဟန်းအမတ်(ကာဒီနယ်)အဖြစ်လည်းကောင်း ရန်ကုန်ဂိုဏ်းချုပ်ကက်သလစ်သာသနာ၌ သာသနာပြုနေဆဲဖြစ်ပါသည်။
#ဂိုဏ်းအုပ်ဆရာတော်ဂျွန်မန်းဆှိန်းဟှီ
၂၀၁၃ ခုနှစ်တါင် ဆရာတော်ကြီးချားလ်စ်ဘို၏နေရာသို့ ဆက်ခံသည့်ဂိုဏ်းအုပ်ဆရာတော်ကြီးဂျွန်မန်းဆှိန်းဟှီသည် စိန့်ဖရန်စစ်ဇေးဗီးယား ဘရာသာများအတွက် သိုးထိန်းကောင်းပီသစွာဦးဆောင်နေလျက် ဂိုဏ်း၏ပင်မကြောရိုးကိုအခြေခံကျကျ ဘရာသာရ်များနှင့် လက်တွဲကာလုပ်ဆောင်နေပါသည်။ အထူးသဖြင့်(၇၅)နှစ် ဂျူဘီလီအတွက် ရဟန်းတော်များအားလုံးနှင့်အတူ ပိုမိုအားသွန်ခွန်စိုက်လုပ်ဆောင်ပေးခဲ့ပါသည်။
#သမိုင်းဝင်မှတ်တမ်းအရ
ပုပ်ရဟန်းမင်းကြီး ဒဿမမြောက်ပီဦးအချိန်
အသင်းဂိုဏ်းတည်ထောင်သူ - ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ဖရက်ဒရစ်ပရိုဗို့စ်(၁၉၄၁-၁၉၅၁)
ဆက်လက်တာဝန်ဆက်ခံသူ - ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ဗစ်တာဘာဇင်း(၁၉၄၂-၁၉၅၂)
ဆက်လက်တာဝန်ဆက်ခံသူ - ပုသိမ်ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျော့ဦးကျော်လက်ထက်
ဂိုဏ်းဥက္ကဌ - ဘုန်းတော်ကြီး အိုဂျင်း (၁၉၅၃ - ၁၉၅၄)
ဂိုဏ်းဥက္ကဌ - ဘုန်းတော်ကြီး လာဟစ် (၁၉၅၄ - ၁၉၅၅)
ဂိုဏ်းဥက္ကဌ - ဘုန်းတော်ကြီး ဒူဟတ် (၁၉၅၅ - ၁၉၆၂)
ပထမဦးဆုံးအသင်းသားဂိုဏ်းဥက္ကဌ - ဘရာသာရ်ကြီး ပါစကား (၁၉၆၂ -၁၉၈၈)
ဒုတိယအသင်းသားဂိုဏ်းဥက္ကဌ - ဘရာသာရ်ကြီး ဘရူးနိုး (၁၉၈၈ -၁၉၉၈)
တတိယမြောက်ဂိုဏ်းဥက္ကဌ - ဘရာသာရ်ကြီး ဂျိမ်း (၁၉၉၈ - ၂၀၀၂)
စတုတ္ထမြောက်ဂိုဏ်းဥက္ကဌ - ဘရာသာရ်ကြီး ဆေဘက်စတီယန်း (၂၀၀၂ - ၂၀၁၀)
ပဉ္စမမြောက်ဂိုဏ်းဥက္ကဌ - ဘရာသာရ်ကြီး ဒါနီအဲလ် (၂၀၁၀ - ၂၀၁၈)
ဆဌမမြောက်ဂိုဏ်းဥက္ကဌ - ဘရာသာရ်ကြီး Bede စိုင်းဗေဒါ (၂၀၁၈ - )
#စိန်ဖရန်စစ်ဇေးဗီးယားဘရာသာရ်ဂိုဏ်းတည်ထောင်ရခြင်း၏ရည်ရွယ်ချက်
ဂိုဏ်း၏ဝိနည်းဥပဒေ နံပါတ် (၁၊၂)တွင်ပါသည့်အတိုင်း အဓိကရည်ရွယ်ချက်မှာ သန့်ရှင်းစင်ကြယ်ခြင်း၊ ဆင်းရဲခြင်း၊ နာခံခြင်းတည်းဟူသော ကတိသစ္စာတော်သုံးပါးနှင့် ဂိုဏ်းဝိနည်းများကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် ကိုယ်တိုင်သန့်ရှင်းခြင်းသို့ ရောက်ရန်လည်းကောင်း၊ သာသနာနယ်တွင် ဘုရားသခင်၏ နိုင်ငံတော်ပျံ့နှံ့စေရန်၊ ဝိညာဉ်ကယ်တင်ခြင်း လုပ်ငန်းအရပ်ရပ်တို့ဖြင့် ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများတို့အား တတ်နိုင်သမျှကူညီခြင်းပြုဖို့ရန်လည်းဖြစ်ပါသည်။
ကူညီရန်နည်းလမ်းများက ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ်သေးသော ရွာများ၌လှည့်လည်တရားဟောပြောခြင်း၊ ဘုရားစကား၊ ဘုရားစာများသင်ပေးခြင်း၊ စက္ကရမင်တူးများကိုထိုက်တန်စွာ ခံယူနိုင်စေရန်ပြင်ဆင်ပေးခြင်း၊ စာသင်ကျောင်းများ၌ ကလေးသူငယ်များကို ကြည့်ရှုသွန်သင်၍ အကျင့်စာရိတ္တများကိုပဲ့ပြင်ပေးခြင်း၊ ကလေးများအကျိုးတိုးပွါးရန် လက်မှုပညာသင်ပေးခြင်း၊ မကျန်းမမာသောသူတို့ကို ကြည့်ရှုခြင်း၊ အစရှိအထွေထွေသောရည်ရွယ်ချက်များဖြင့် ဆရာတော်ကြီးပရိုဗို့စ်သည် ဂိုဏ်းကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
#ဘရာသာရ်ဂိုဏ်းသို့ဝင်လိုသူများ၏လိုအပ်သောအရည်အချင်းများ
စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်အသင်းဂိုဏ်းသို့ ဝင်လိုသူများ၏လိုအပ်သောအရည်အချင်းများမှာ အနည်းဆုံးအထက်တန်းပညာသင်ဖူးသောသူ(ဝါ)အောင်မြင်သောသူ၊ ကျန်းမာခြင်းကောင်းသောသူလည်းဖြစ်ရပါမည်။ ဘရာသာရ်ဖြစ်သင်ကျောင်း၌နေစဉ်အတွင်း ဓမ္မဟောင်းကျမ်းစာ၊ ဓမ္မသစ်ကျမ်းစာ၊ အသင်းတော်ရာဇဝင်၊ ဝိညာဉ်စာ၊ အင်္ဂလိပ်စာနှင့် မြူးစိအခြေခံပညာ စသောဘာသာရပ်တို့ကို သင်ကြားခြင်းဖြင့် (၂)နှစ်နှင့်(၆)လတွင် ပထမအဆင့်ဖြစ်သော ()တောင်းခံသူအဆင့် ကိုတက်ရပါမည်။ ၎င်းနောက် နောက်ထပ်(၆)လကြာသော် ()ဘရာသာရ်အလောင်းဘဝအဆင့်ကိုရောက်ရှိပါသည်။ ထိုအချိန်တွင် ဘရာသာရ်များ၏ ဝတ်ရုံသင်္ကန်းနှင့် ခါးစည့်ကြိုးရိုးရိုးကိုရရှိကာ၊ ဘရာသာလောင်းဘဝနှင့် နောက်ထပ်(၂)နှစ်တိတိ ဆက်လက်နေထိုင်ပြီးမှ ဘရာသာရ်တို့၏ ဝတ်ရုံဖြစ်သော လည်ဆွဲခရူးစူးနှင့်သစ္စာသုံးပါးကို သရုပ်ဖေါ်ဆောင်သော အထုံးသုံးထုံးပါ ခါးစည်းကြိုးကို ဆရာတော်ကပေးအပ်၍ စုံလင်သော ဘရာသာရ်ဘဝကိုခံယူရရှိလေသည်။ ဘရာသာရ်ဘဝ၌ တစ်နှစ်သုံးကြိမ်နှင့် သုံးနှစ်တာအတွက်တစ်ကြိမ်၊ အားလုံးပေါင်း(၆)နှစ်ကြာမျှ ယာယီကတိသစ္စာကိုခံယူပြီးမှ တစ်သက်သစ္စာကိုပြုရလေသည်။
ယခုလက်ရှိဘရာသာရ်များ အမှုတော်ထမ်းဆောင်နေကြသော သာသနာ့နယ်မြေများမှာ မြစ်ကြီးနားသာသနာ၊ ဟားခါးသာသနာ၊ ပြည်သာသနာ၊ ရန်ကုန်၊ မော်လမြိုင်၊ ဖားအံ၊ လွိုင်အကော်သာသနာများနှင့် အများအားဖြင့် ပုသိမ်သာသနာများ၌ အမှုတော်ထမ်းဆောင်လျက်ရှိကြပါသည်။ မြန်မာပြည်တစ်ပြည်လုံးရှိသာသနာများသို့ သာသနာအမှုတော်ထမ်းရန် အစီအစဉ်ရှိနေပါသည်။ ယခုလက်ရှိဘရာသာရ်များ၏ဦးရေသည် နည်းပါးသေးသဖြင့် ကျယ်ပြန့်စွာ မလုပ်ဆောင်နိုင်သေးသည်ကို သီးခံစောင့်မျှော်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ စိန့်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်ဂိုဏ်း၏ လက်ရှိအသင်းဂိုဏ်းဥက္ကဌသည် ဘရာသာရ်ကြီးစိုင်းဗေဒါဖြစ်ပြီး(၂၀၁၇)နှစ်တွင် စတင်တာဝန်ယူလျက် ယနေ့ထိ အသင်းသားဦးရေ ဘရာသာရ်(၈၄)ပါးကို ဦးဆောင်လမ်းညွှန်လျှက်ရှိပါသည်။ ဘရာသာရ်များကိုမွေးထုတ်ပေးနေသော ဗဟိုဌါနနှင့် အလောင်းကျောင်းသည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းတွင်တည်ရှိပါသည်။
စာရေးဆက်သွယ်လိုပါက ---
ဘရာသာရ်ကြီး စိုင်းဗေဒါ(ဥက္ကဌ)၊
စိန်ဖရန်စစ်ဘရာသာရ်ဖြစ်သင်ကျောင်း၊
မရမ်းချောင်းကျေးရွာ၊ ပုသိမ်မြို့။ (လိပ်မူနိုင်ပါကြောင်း)
အားလုံးကိုကျေးဇူးတင်ပါသည်။
#Little Brotherof St.Francis Xavier