#The Congregation of Sisters of Our Lady of the Missions
သာသနာပြုမယ်တော်မာရီးယားသီလရှင်ဂိုဏ်းကို ပြင်သစ်ပြည် လီယွန်မြို့၌ ယူဖရေစီဘာဘီယာသည် ၁၈၆၁ ခုနှစ်၊ ဒီဇင်ဘာ (၂၅) ရက်တွင် တည်ထောင်သည်။ ယူဖရေစီဘာဘီယာသည် နော်မန်ဒီနယ်ကွန်မြို့လေးတွင် ၁၈၂၉ ခုနှစ်၊ ဇန္နဝါရီလ (၄)ရက်နေ့တွင်ဖွားမြင်ခဲ့ပါသည်။ သူမငယ်စဉ် ကတည်းကပင် ၁၉ ရာစုနှစ် ပြင်သစ်ပြည်၏အခြေအနေမှာ သာသနာပြုလုပ်ငန်း လုပ်ဆောင်ရန် စိတ်အားထက်သန်တက်ကြွခြင်း လှိုင်းဂယက် အရှိန်အဟုန် ပြင်းထန်နေသောကာလ ဖြစ်နေခဲ့ပါသည်။ ဤအခြေအနေသည် သူမအား ငယ်စဉ်ကတည်းက နိုးကြားလှုံ့ဆော်ခဲ့သည်။
အသင်းဂိုဏ်း၏အမည်နာမသည် သာသနာပြုမယ်တော်မာရီးယားသီလရှင်များ၏ ဘဝအသက်တာနှင့် သာသနာ့လုပ်ငန်းဆောင်တာများအတွက် လေးနက်သောအခြေအမြစ်ဖြစ်သည်။ ယူဖရေစီ၏အဆိုအရ “သသနာပြုမယ်တော်မာရီးယား” အမည်ခေါ်တွင်ခြင်းဖြင့် မယ်တော်၏ထက်သန်သည့်ဆန္ဒဦးတည်ချက် ဖြစ်သည့် “Divine Mission” ကို သာသနာပြုသီလရှင်များသည် အထူးဂုဏ်ပြုလိုကြပါသည်။ “Divine Missions” ၏ဆိုလိုရင်းမှာ သာသနာပြုသီလရှင်များသည် သာမန်မိမိတို့၏ သာသနာ့အမှုဆောင်ခြင်းများထက် မည်းတော်ဘုရားမှသားတော်နှင့်ဝိညာဉ်တော်မြတ်ကို စေလွှတ်ခြင်းဖြင့် ကယ်တင်ခြင်းနှင့် စင်ကြယ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။
#ယူဖရေစီ၏ စိတ်စေတသိတ်မှ မယ်တော်မာရီးယားအား “Visitation”
“အလည်အပတ်သွားရောက်ကူညီခြင်း”နှင့် “Pentecost” “သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွကိန်းဝပ်သည့်” အမျိုးသမီးတစ်ဦးကဲ့သို့သိနားလည်ခဲ့သည်။ မာရီးယားသည် ဥဿုံပွင့်လင်းခြင်း၊ ဘုရားရှင်၏ သူမ၌ပြုတော်မူသောအမှုများအပေါ် ခံယူတတ်ခြင်းရှိသူဖြစ်ပါသည်။ “Visitation” အမျိုးသမီးသည် သာသနာလုပ်ငန်း၏ အကျိုးသယ်ပိုး ဆောင်ရွက်ရာမှာ မည့်သို့သော အတားအဆီးများဖြစ်သည့် နေရာအရပ်၊ အသက်၊ ဘာသာ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကိုမဆို ကျော်ဖြတ်နိုင်သူ ဖြစ်သည်။ “သာသနာပြုမယ်တော်မာရီးယား” ၏ရုပ်ပုံလွှာဖြင့် တစ်ဦးစီသောသီလရှင်များလည်း တန်းတူပေါင်းစည်းခံစားစေရန်တင်ပြခဲ့သည်။
လူအများထက် ထူးချွန်သူ ယူဖရေစီသည် အလွန်သတ္တိရှိသော ပြင်သစ်အမျိုးသမီးဖြစ်သည်။ သူမ၏ အတွင်းစိတ် သိရှိနားလည်ခံယူချက်မှာ စင်္ကြာဝဠာကမ္ဘာ၌ ယေဇူး၏လူ့အဖြစ်ယူခြင်းနှင့် ဝိညာဉ်တော်မြတ်၏ တောက်လောင်သော ဘုန်းတန်ခိုးအာနုဘော်တော်အားဖြင့် ဘုရားမြတ်သည် အံ့ဩနက်နဲစွာတည်ရှိနေ မတော်မူခြင်းဖြစ်ပေသည်။ လူသားသတ္တဝါအားလုံးသည် “Divine Missions” ၌ ပါဝင်ဆောင်ရွက်ရန် ခေါ်တော်မူခြင်း ခံယူရရှိသူများဖြစ်ကြောင်းကို သူမသိရှိမှတ်ယူခဲ့သည်။ သူမဖော်ကျူးသော ကျေးဇူး “Charism” မှာ ဘုရားတရားဘဝနာဆည်းဖြန်းခြင်းဖြင့် သာသနာ့အမှုတော်မြတ်ကို စည်းလုံးညီညွတ်စွာ လုပ်ဆောင်ခြင်းဖြစ်ပြီး ဂိုဏ်းဝင်သီလရှင်များအားလုံးအတွက် ခိုင်မာသောဝိညာဉ်ရေး သဘောတရား အယူဝါဒများကို အခြေချထားခဲ့သည်။
သာသနာ့လုပ်ဆောင်မှုဟူသမျှသည် ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ အမှုတော်မြတ်၌ပါဝင်နေကြောင်း ယူဖရေစီ သဘောပေါက်နားလည်ခဲ့သည်။ သာသနာနယ်မြေများဖြစ်ကြသော နယူးဇီလန်၊ သြစတြေးလျနှင့် ကျွန်းနိုင်ငံများသို့ သာသနာပြုသီလရှင်များအား စေလွှတ်ခဲ့ပါသည်။ ရပ်ဝေးမြေခြားသို့ သီလရှင်များအား စေလွှတ်ခဲ့ခြင်းကို ကျေနပ်နိုင်စွမ်းမရှိသေးဘဲ မိမိကိုယ်တင်ဝေးလံခက်ထန်သော ပင်လယ်ခရီးစဉ်နှင့် သင်္ဘောပျက်ခြင်းအန္တရယ်၊ ဖျားနာခြင်းများအကြား သီလရှင်များထံ အလည်အပတ်သွားရောက် အားပေးခဲ့သည် ။ ၁၈၈၃ ခုနှစ်တွင် ယူဖရေစီသည် အိန္ဒိယပြည်၊ အဘင်္ဂလားဒေ့ရှ်နယ် စစ်တကောင်းမြို့၌ မိဘမဲ့ဂေဟာနှင့် အမျိုးသမီးငယ်များအတွက် ကျောင်းဖွင့်လှစ်ခဲ့သည်။ ဒုတိယအကြိမ် အိန္ဒိယနှင့်နယူးဇီလန်သို့ တစ်ဖန်သွားခဲ့ပြန်သည် သို့ပြန်လည်လည်ပတ်ခဲ့သည်။ အပြန်ခရီးတွင် စစ်တကောင်းသို့ ပြန်လည်လည်ပတ်ခဲ့သည်။ ထိုအချိန်မှစပြီး ဥရောပမှ သာသနာပြုသီလရှင်များကို စေလွှတ်ခြင်းဖြင့် အသစ်သော သာသနာနယ်ပယ်များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများကိုအခြေချ ဖွင့်လှစ်နိုင်ခဲ့သည်။
၁၈၈၆ ခုနှစ်၊ နယူးဇီလန်မှအပြန် စစ်တကောင်းတွင်ရောက်စဉ် ဒတ်ကားသာသနာပိုင်ဆရာတော်မှ စစ်တွေမြို့တွင် ကျောင်းဖွင့်ရန်တောင်းဆိုလာသဖြင့် ယူဖရေစီသည်ဖြစ်နိုင်ဖွယ်ရှိကြောင်း တုန့်ပြန်ပြီး ၁၉ နာရီကြာ သင်္ဘောဖြင့် စစ်တွေမြို့သို့ရောက်ရှိလေ့လာခဲ့သည်။
မာသာရ်ယူဖရေစီသည် ၁၈၉၃ ခုနှစ် ဇန္နဝါရီလ ၁၈ ရက် နေ့တွင်ကွယ်လွန်ခဲ့ပါသည်။ သူမကွယ်လွန်ပြီး လေးနှစ်အကြာ ၁၈၉၇ ခုနှစ်တွင် မြန်မာပြည် စစ်တွေမြို့၌ပထမဦးစွာ သာသနာပြုမယ်တော်မာရီးယား သီလရှင်များအသင်းဂိုဏ်းကို စတင်အခြေချခဲ့သည်။ သီလရှင်များ၏ အဓိကလုပ်ဆောင်ချက်မှာ ကလေးလူငယ်များအား ပညာသင်ကြားပေးခြင်းဖြစ်သည်။ ထို့နောက်မှ ပညာသင်ကြားပေးခြင်းနှင့်အတူ ကျေးလက်ဒေသများတွင် ဘာသာရေးဖွံ့ဖြိုးခိုင်မာစေရန် ပြုစုစောင့်ရှောက်ခြင်းများကို ဘူးသီးတောင်၊ သံတွဲနှင့် ပြည်မြို့တို့တွင်ပါဝင်ရန် ဆရာတော်များမှ တောင်းခံအကြံပေးခဲ့သည့်အတိုင်း ကျောင်းများဖွင့်လှစ်ခဲ့သည်။ ဘူးသီးတောင်တွင်မူ ၁၉ဝ၉ ခုနှစ်တွင် မီးလောင်ကျွမ်းပြီးနောက် ပြန်လည် မဖွင့်လှစ်နိုင်ခဲ့တော့ပေ။
၁၉၉၆ ခုနှစ်မှစပြီး မြန်မာသာသနာပြုခေါင်းဆောင်များသည် အသင်းတော်ကြီး၌ ဘာသာသာသနာလုပ်ငန်းကို ဘာသာတူများနှင့်အတူပူးပေါင်းကာ တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာပြည်ရှိသာသနာပြု မယ်တော်မာရီးယားဂိုဏ်းတွင်လည်း နိုင်ငံခြားသားများ ထွက်ခွါသွားသောအခါ မာသာစ်အာဂ္ဂနက်စ်သိန်းမြအား ဒေသတာဝန်ခံမာသာရ်ကြီးအဖြစ် ပေးအပ်နှင်းပြီး တာဝန်ယူဆောင်ရွက်စေခဲ့သည်။ သီလရှင် ၁၃ ပါးသည် စီးပွားရေး၊ နိုင်ငံရေးအခက်အခဲများကြားဝယ် အခြားဒေသတိုင်းပြည်များနှင့်ဖြတ်တောက်ခဲ့သော်ငြားလည်း အားလုံးကိုရဲဝံ့စွာရင်ဆိုင်ခဲ့ကြသည်။ ထိုသီလရှင်များ၏ အနစ်နာခံ ဆက်ကပ်မှုများကြောင့် သာသနာပြုဂိုဏ်းဝင်သီလရှင်များသည် ရှင်သန်ဖွံ့ဖြိုးတိုးတက်လာသည်ကို ကျေးဇူးဆပ်တင်ကြရမည်ဖြစ်သည်။ ယခုဆို မြန်မာပြည်တွင် တိုင်းရင်းသားသီလရှင်အပါး ၇၂ ပါးနှင့် ကျောင်းပေါင်း ၁၄ ကျောင်း တို့တွင် ပြည်၊ ရန်ကုန်နှင့် မော်လမြိုင်သာအနာတို့၌ သာသနာပြုနေကြပါသည်။ ဂိုဏ်းအခြေချ ရုံးလုပ်ငန်းများကို ရန်ကုန်တွင်ထားရှိပါသည်။
အဓိကသာသနာ့အမှုဆောင်ခြင်းမှာ သာသနာနယ်မြေ၌ လူအများနှင့်အတူရှိနေခြင်းနှင့် ပညာပေးခြင်း၊ လူငယ်များအား ပြုစုပျိုးထောင်ပေးခြင်း၊ အမျိုးသမီးများနှင့်ကလေးများအား လုပ်ပိုင်နိုင်ရန် အခွင့်အရေး၊ လမ်းညွှန်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ပညာလိုအပ်နေသည့်ကလေးများကို ဘော်ဒါအဖြစ်ထားရှိခြင်း၊ ကျမ်းမာရေးကဏ္ဍတွင် HIV/AIDS ၊ အရေပြားရောဂါသည်များ၊ မူကြိုကျောင်းများ၊ အင်္ဂလိပ်စာကျူရှင်များနှင့်အတူ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိတိုးပွားစေရေးလုပ်ငန်းများဖြစ်သည့် ယက္ကန်း၊ မွေးမြူရေးနှင့် ငွေစုငွေချေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်နေကြပါသည်။ ဘာသာသာသနာရေး ကဏ္ဍတွင် ဘုရားစာသင်ကြားပေးခြင်း၊ စက္ကရမင်တူးများခံယူရန်ပြင်ဆင်ပေးခြင်း၊ လူငယ်များအား ဝတ်စောင့်ခြင်းနှင့် သင်တန်းများပေးခြင်း၊ ကျေးလက်ဒေသများသို့ လူနာများအားသွားရောက် ကြည့်ရှုအားပေးခြင်းများ လုပ်ဆောင်နေကြပါသည်။
သီလရှင်များအားလုံးသည် မိမိတို့၏ခေါ်တော်မူခြင်းအတိုင်း နေထိုင်လုပ်ဆောင်နိုင်ရန် ပြောင်းလဲနေသော ဤခေတ်သမယ၌ အမြဲတစေနားထောင်ခြင်းနှင့် ဝေဖန်သုံးသပ်နေကြရမည်ဖြစ်ပါသည်။
ယူဖရေစီ၏ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ အယူဝါဒ၊ ဝိညာဉ်ရေး၊ သူမ၏စွန့်စားခြင်းနှင့် အမျှော်အမြင် ကြီးမားခြင်းများသည် သာသနာပြုဂိုဏ်းဝင်သီလရှင်များအားလုံးအား ဘုရားတရားဘာဝနာဆည်းပူးခြင်း၊ စိတ်အားထက်သန်ခြင်း၊ သာသနာ့အမှုတော်၌ ပါဝင်လုပ်ဆောင်ခြင်းများကို ရင်ဝယ်ပိုက်နှလုံးသွင်းရင်း ဂိုဏ်းတည်ထောင်သူပုဂ္ဂိုလ်ကဲ့သို့ ရေမြေအစွန်းရောက်အောင် လုပ်ဆောင်နိုင်ရန် ယခု ၂၁ ရာစုနှစ်တွင် စိန်ခေါ်ခြင်းခံရပါသည် .
RNDM ဂိုဏ်းဝင်သီလရှင်များသည် စိန်ခေါ်ချက်များကိုလက်တွေ့အကောင်အထည်ဖော်ရာ၌ နေရာ၊ ဒေသ၊ အသက်အရွယ်၊ ဘာသာ၊ တိုင်းပြည်မရွေး စွန့်စားခြင်းစိတ်များဖြင့် တစ်ဖန်ပြန်လည် တုန်ပြန်လိုကြပါသည်။ ယခုခေတ်သမယ၊ တတိယထောင်စုနှစ်တွင် မိမိတို့သည် RNDM Earth Community အဖြစ်သတ္တိရှိစွာနှင့် လူနေမှုအခွင့်အရေးမြင့်မားလာရေး၊ တရားမျှတရေး၊ ကြေအေးခြင်းနှင့် ငြိမ်းချမ်းရေး၊ အမိကမ္ဘာမြေအား လေးစားရိုသေခြင်း၊ လူ့ဂုဏ်သိက္ခာတိုးတက် ဖွံ့ဖြိုးရှင်သန်လာခြင်းနှင့်အတူ လူမှုရေးနှင့်ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်ရှင်သန်ကောင်းမွန်စေရန်အတွက် ဆက်လက်ကြိုးပမ်း အသက်ရှင်သွားရမည်ဖြစ်သည်။
ယခုမှာ RNDM သီလရှင်အပါးပေါင်း ၁၀၀၀ တို.သည် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင်သာသနာ့ အမှုတော်မြတ်ကို ပေးဆပ်ဆောင်ရွက်လျှက်ရှိကြပါသည်။
#(Sisters of Our Lady of the Missions, Myanmar Brief History)
အသင်းဂိုဏ်း၏ အစောပိုင်းကာလတွင်ပင် ယူဖရေးစီသည် ဝေးကွာလှသော ဒေသများဖြစ်သည့် အိန္ဒိယ၊ နယူးဇီလန်နှင့် နယူးဇီလန်ကျွန်းစုများသို့ ၎င်း၏သီလရှင်များကို ရဲရင့်စွာစေလွှတ်ခဲ့သည်။ ထိုခေတ်ကာလက မီးရထား၊ လေယာဉ်ပျံများနှင့် ကားများမရှိသေးသည့်အတွက် ခရီးသွားလာရေးမှာ အမှန်ပင်ခက်လှပေသည်။ ခရီးသွားလာရန် တစ်ခုတည်းသောနည်းလမ်းမှာ ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့်သာသွားလာရခြင်းဖြစ်ပြီး မိမိသွားလိုသည့် ဒေသသို့ရောက်ရှိရန်အတွက်မှာလည်း လပေါင်းများစွာ အချိန်ကြာမြင့်လေသည်။
သူမသည် နယူးဇီလန်နိုင်ငံသို့ နောက်ဆုံးအကြိမ် အလည်အပတ်ခရီးသွားရောက်ပြီးနောက် အိမ်အပြန်ခရီးတွင် စာသင်ကျောင်းနှင့် မိဘမဲ့ဂေဟာဖွင့်လှစ်ထားသည့် သူမ၏သီလရှင်များတည်ရှိရာ စစ်တကောင်းမြို့တွင် ခေတ္တရပ် နားခဲ့သည်။ ထိုအလည်အပတ်ခရီးစဉ်အတွင်း သူမအား ရခိုင်ပြည်နယ်တွင်ရှိနေကြသော ဘုန်းတော်ကြီးများက ၎င်းတို့ဒေသသို့လည်း လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြသည်။ ထို့ကြောင့် ယူဖရေစီသည် မြန်မာ့မြေပေါ်သို့ (၁၈၈၈)ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ခြေချခဲ့လေသည်။ သူမသည် စစ်တကောင်းမှ ရခိုင်ပြည်နယ်သို့ လှေဖြင့်လာရောက်ခဲ့ပြီး ခရီးစဉ်မှာ (၂၄)နာရီကြာမြင့်ခဲ့သည်။ ထို့နောက်သူမသည် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပေးမည့်အကြောင်း ဆရာတော်အား ကတိပြုခဲ့သည်။ ရခိုင်ပြည်နယ်သို့ လာရောက်စဉ် အတွင်း ပြောစမှတ်လောက်သည့် တိုက်ဆိုင်မှုတစ်ခုမှာ သူမသည် ကက်သလစ်ဘာသာဝင် မိသားစုအိမ် တစ်အိမ်သို့ အလည်သွားရောက်ချိန်တွင် ထိုအိမ်မှ သမီးငယ်လေးအား ပွေ့ချီထားရင်း သူမ၏ဖခင်အား “သမီးလေးကို ကျွန်မတို့ အသင်းဂိုဏ်းကို မဖြစ်မနေပေးရမယ်နော်။”ဟုပြောကြားခဲ့ပြီးနောက် သူမသည် အမှန် တကယ်ပင် အရွယ်ရောက်လာသောအခါ ဒုတိယမြောက် မြန်မာပြည်ဖွား သီလရှင်ဖြစ်လာသည့် မေရီအလာကော့ (Alucoque) ဖြစ်လာတော့သည်။
ထိုစဉ်က ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ရခိုင်ပြည်နယ်တွင် မိမိတို့သားသမီးများအတွက် ကောင်းမွန်သော ပညာရေးကို လိုလာကြသည့် အန်ဂလို အိန္ဒိယများ၊ ဥရောပတိုက်သားများနှင့် ရခိုင်လူမျိုးအများအပြားနေတိုင် ခဲ့ကြသည်။ ယူဖရေးစီသည် သူမတာဝန်ယူလုပ်ဆောင်စဉ်အတွင်း စာသင်ကျောင်းအား မဖွင့်လှစ်ပေးနိုင်ခဲ့ပေ။ သူမပျံလွန်တော်မူပြီးနောက် သန့်ရှင်းသောစိပ်ပုတီး၏ မာသာရ်မေရီသည် သူမ၏အရိုက်အရာကို (၁၈၉၃)ခုနှစ် တွင် ဆက်ခံခဲ့ပြီး ယူဖရေစီ၏ အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းကြောင့် (၁၈၉၇)ခုနှစ်တွင် စိန့်အန်းသီလရှင်ကျောင်းအမည်ဖြင့် စာသင်ကျောင်းတစ်ကျောင်းကို စစ်တွေတွင် ဖွင့်လှစ် နိုင်ခဲ့သည်။
စစ်ကြိုခေတ်ကာလများတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိစာသင်ကျောင်းမှာ ကောင်းမွန်စွာဖွင့်လှစ်နိုင်ခဲ့သလို အောင်မြင်မှုများလည်းရရှိခဲ့ပြီး ကျောင်းသူကျောင်းသားများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်ပိုင်းတွင် သီလရှင် များမှာ ဒါကာနှင့် သံတွဲမြို့များတွင် စိန့်မာဂရက်သီလရှင်ကျောင်အမည်ဖြင့် (၁၉၃၁)ခုနှစ်တွင် စာသင်ကျောင်း သစ်များ ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
ကမ္ဘာစစ်ကြီးနေရာအနှံ့ဖြစ်ပွားချိန်ကြာလာသည်နှင့်အမျှ (၁၉၃၉ )ခုနှစ်တွင် ကမ္ဘာအနှံ့အပြားရှိ အခြေအနေ အရပ်ရပ်ပြောင်းလဲကုန်ပြီး ခလောက်ဆန်ကာ ရှုပ်ထွေးနေတော့သည်။ ထိုစစ်ပွဲသည် (၆)နှစ်တာကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း စာသင်ကျောင်းများမှာ ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ကာ သီလရှင်များမှာလည်း ဂျပန်စစ်တပ်၏ သုံ့ပန်းများအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ကြရသည်။
သီလရှင်ကျောင်း (၂) ကျောင်းမှ သီလရှင်များသည် ရန်ကုန်မြို့သို့ ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိရန် လှေအမျိုးမျိုး၊ ကျွဲလှည်း၊ နွားလှည်းများဖြင့်တဖုန် ခက်ခဲစွာသွားခဲ့ကြရကာ အချိန်တစ်လခန့် ကြာမြင့်ခဲ့သည်။ ထိုကဲ့သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသော အဖွဲ့နှစ်ဖွဲ့မှာ
၁။ စိန့်အန်းသီလရှင် ကျောင်းမှ သီလရှင် (၆) ပါး
၂။ စိန့်မာဂရက်သီလရှင် ကျောင်းမှ သီလရှင် (၆) ပါး တို့ဖြစ်သည်။
ပထအဖွဲ့ဖြစ်သည့် စိန့်အန်းသီလရှင်ကျောင်းမှ သီလရှင် (၆ )ပါးကို ရန်ကုန်သို့လည်းကောင်း၊ စိန့်မာဂရက် သီလရှင်ကျောင်းမှ သီလရှင် (၆)ပါးကို ပုသိမ်မြို့ သို့လည်းကောင်း၊ သုံ့ပန်းများအဖြစ် အသီးသီးခေါ်ဆောင်သွားခဲ့ကြသည်။ အဆိုပါသီလရှင်များမှာ တစ်ကိုယ်ရည် အသုံးအဆောင်များ၊ စိတ်ဖိစီးဒဏ်များ၊ မလုံခြုံမှုများနှင့် ငှက်ဖျားရောဂါဒဏ်များကို ရင်နှင့်စွာခံစားခဲ့ကြရရှာသည်။ စစ်ပွဲကာလအတွင်း မည်သူမျှ အသက်မဆုံးရှုံးခဲ့ရခြင်းမှာ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုများကြောင့်ဖြစ်ခြင်းကို သံသယရှိစရာမလိုတော့။ ထိုစစ်ပွဲပြီးဆုံးခဲ့သည့် (၁၉၄၅)ခုနှစ်တွင် သီလရှင်များအားလုံးကို မဟာမိတ်တပ်သင်္ဘောများဖြင့် စစ်တကောင်းသို့ပို့ဆောင်ပေးခဲ့ကြချိန်တွင် အခြားသောဂိုဏ်းတူသီလရှင်များနှင့် ပြန်လည်ဆုံဆည်းကြရာ ၎င်းတို့က ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြပြီး မျက်ရည်လည်ဖြင့် ပျော်ရွှင်နိုင်ခဲ့ကြရတော့သည်။
(၁၉၄၆)ခုနှစ်တွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သော သီလရှင်များ စစ်တွေသို့ ပြန်လည်ရောက်ရှိလာပြီး စာသင်ကျောင်းများနှင့် သီလရှင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ၎င်းတို့ပြန်လည်ရောက်ရှိချိန်တွင် သီလရှင်ကျောင်း၏ တံခါးနှင့် ပြုတင်းပေါက်များမှာ ယိုင်နဲ့ပျက်စီးပြီး စာသင်ကျောင်းမှာလည်း အခွံမျှသာ ကျန်ရစ်သည်။ အမိုးများ အုတ်နံရံလေးဖက်၊ တံခါးနှင့်ပျက်စီးနေသော ပြတင်းပေါက်များမှအပ မည်သည့်အရာမှ အကောင်းပကတိ မရှိတော့။ ဒုတိယထပ်ရှိကြမ်းပြင်များမှာလည်း စစ်ဒဏ်ကြောင့် ပျက်စီးကုန်လေပြီ။ မီးဖိုပင်နှင့် သိုလှောင်ခန်းမှာလည်း တံခါးနှင့် ပြုတင်းပေါက်များမရှိတော့ပဲ ယိုင်နဲ့တဲ့အမိုးအောက်တွင် တိတ်ဆိတ်ပြီး အရာအားလုံးမှာ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်လျှက် အကာအရံများ ကင်းမဲ့နေတော့သည်။ စာသင်ကျောင်းအနီးရှိ ကျောက်ရေတွင်းတစ်ခုမှာလည်း ပုလင်းခွံ၊ ဗူးခွံများ၊ တုတ်ချောင်းများ၊ ကျောက်ခဲများဖြင့် ပြည့်နှက်ပိတ်ဆို့နေပြီး စစ်ပွဲကာလအတွင်း စစ်တပ်မှ ယာယီစခန်းအဖြစ် အသုံးပြုခဲ့ဟန်ရှိလေသည်။
စစ်ပွဲပြီးဆုံးပြီးနောက် ကိုလိုနီလက်အောက်ခံ နိုင်ငံအများစုမှာ လွတ်လပ်ရေးရရှိကြသကဲ့သို့ မြန်မာနိုင်ငံ သည်လည်း (၁၉၄၈)ခုနှစ်တွင် လွတ်လပ်ရေးရရှိရှိသည်။ အဆိုပါသီလရှင်များမှာ နိုင်ငံရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာသည့်အချိန်တွင် ၎င်းတို့၏ စာသင်ကြားခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ သီလရှင်ကျောင်းများကိုလည်း (၈)ကျောင်းထိတိုင်အောင် တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့နိုင်ခဲ့သည်။ (၁၉၇၀) အထိ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှာ စစ်တကောင်းနယ်၊ အကြီးအကဲဌာနချုပ်၏ လက်အောက်ခံ သာသနာနယ် တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြပြီး (၁၉၇၀)မှ စတင်ကာ သီးခြားနယ်ပယ် ဆိုင်ရာအကြီးအကဲဌာနချုပ်အဖြစ် ပွဲထွက်လုပ်ဆောင်ခွင့်ရရှိခဲ့သည်။ (၁၉၆၀)ခုနှစ်က ဌာနအကြီးအကဲ အမ်ဒီကလန်း၏ နယ်ပယ်ဆိုင်ရာ အကြီးအကဲဌာနချုပ်အောက်တွင် သာသနာနယ်တစ်ခု အဖြစ်ပါဝင်ခဲ့သော်လည်း ထိုအချိန်က မြန်မာနိုင်ငံရှိ အခြေအနေများမှာ ပြောင်းလဲသွားခဲ့သည်။ (၁၉၆၂ )ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနုထံမှ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဆိုရှယ်လစ်စနစ်ကို လက်ကိုင်ကျင့်သုံးခဲ့သည်။
ယင်းအကျိုးဆက်မှာ ပုဂ္ဂလိကဘဏ်များ၊ စာသင်ကျောင်းများနှင့် လုပ်ငန်းအများအပြားကို ပြည်သူပိုင်သိမ်းပိုက် တော့သည်။ (၁၉၆၄)ခုနှစ်တွင် နိုင်ငံခြားသာသနာပြုများကို ပြန်လည်ထွက်ခွာစေခြင်းကြောင့် လက်ရှိလုပ် ဆောင်နေသော လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်ရန် သီလရှင် (၉)ပါးသာချန်ထားရစ်ခဲ့ပြီး အခြားသူများမှာ ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားခဲ့ရှာသည်။ (၁၉၆၄) ခုနှစ်မှ (၂၆)နှစအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်းခံခဲ့ရပြီး၊ ၎င်း၏ အာဏာမှာ (၁၉၈၈)ခုနှစ်တွင် အဆုံးသတ်ခဲ့ သည်။ လက်ရှိအချိန်တွင် ဒီမိုကရေစီစနစ် စတင်ကျင့်သုံးသော အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပေသည်။ ပြည်သူပိုင်သိမ်းပိုက်ခံရပြီးနောက်ပိုင်း သီလရှင်များမှာ စာသင်ကျောင်းများတွင် စာသင်ကြားခြင်းအစား တမန်တော်ငန်း (သို့ ) လူမှုရေးလုပ်ငန်းများကို ပြောင်းလဲ လုပ်ဆောင်ပေးခဲ့ကြသည်။
လက်ရှိအချိန်တွင် နယ်ပယ်ဆိုင်ရာ အကြီးအကဲဌာနချုပ်အပါအဝင် သီလရှင်ကျောင်း (၁၃)ကျောင်း၊ သီလရှင် (၆၁)ပါး သီလရှင်လောင်း (၄)ပါး အကြံသီလရှင်လောင်း (၄)ပါးနှင့် ဝင်လိုသူ (၁)ပါးရှိနေလပြီ။ သီလရှင် များအနေဖြင့် ဂိုဏ်းအုပ်သာသနာ (၃)ခုတွင် အမှုတော်ထမ်းရွက်လျက်ရှိပြီး အများစုမှာ ပြည်ဂိုဏ်းအုပ်သာသနာ
နာအောက်တွင်ဖြစ်သည်။ ဖော်ပြပါ ဂိုဏ်းအုပ်သာသနာများတွင် အမှုတော်ထမ်းရွက်လျှက်ရှိသော လုပ်ငန်းများမှာ
#မိဘမဲ့ကလေးများ၊ နိုင်ငံရေးအမြအနေကြောင့် ရွှေ့ပြောင်းသွားလာသော မိဘများ၏ ကလေးငယ်များနှင့် အနာကြီး ဝေဒနာသည်များအား ကြည့်ရှုစောင့်ရှောက်ပေးခြင်း။
#ပြည်သာသနာတွင် သီလရှင်များက အမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းထားပြီး အမျိုးသမီးများနှင့် လက်တွဲ လုပ်ဆောင်ခြင်း။
#ထို့ပြင် သီလရှင်များသည် ခရစ်ယာန်အိမ်ထောင်စုများအား အားပေးမြှင့်တင်ရန်နှင့် ခရစ်ယာန်မဟုတ်သော နေအိမ်များသို့လည်း မိဿဟာရဖြစ်စေရန်အတွက် ကျေးရွာများသို့ ပုံမှန်သွားရောက်လည်ပတ်ခြင်း၊ လိုအပ်သည့်အချိန်တိုင်းတွင် ဘုရားစကားသင်ကြားပေးခြင်း၊ ကလေးငယ်များအတွက် ပထမကိုယ်တော်မြတ်၊ ခရစ္စမားအားပေးခြင်းရယူနိုင်ရန်နှင့် လက်ထပ်ထိမ်းမြားခြင်းခံယူမည့် သူများအတွက် ပြင်ဆင်ပေးခြင်းများ လုပ်ဆောင်ပေးလျှက်ရှိပါသည်။