20 September 2026
25th Sunday in Ordinary Time
Matthew 20: 1 - 16
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
နောက်ဆုံးသောသူတို့သည် ပထမဉီးဆုံးဖြစ်ကြလိမ့်မည်။ ပထမဉီးဆုံးသောသူတို့သည်လည်းနောက်ဆုံးဖြစ်ကြလိမ့်မည်။
ဒီနေ့ ဧဝံဂေလိကျမ်းမှာ သခင်ယေဇူးက ဘုရားသခင်၏ ကရုဏာတော်နှင့် တရားမျှတခြင်းအကြောင်းကိုကျွန်ုပ်တို့အားပြောထားပါတယ်။ ကျွန်ုပ်တို့ လူသားတို့၏ တရားမျှတခြင်း စံနှုန်းသည် “အလုပ်လုပ်သလောက် ရမည်” ဆိုသည့် တွက်ချက်မှုဖြစ်သော်လည်း ဘုရားသခင်၏ စံနှုန်းကတော့ “အတုမရှိသော ကရုဏာတော်နှင့် မေတ္တာ” ပဲ ဖြစ်ပါတယ်။
အိမ်ရှင်သည် အချိန်မရွေး၊ မည်သည့်အခြေအနေမှာမဆို ရောက်လာသောသူတိုင်းကို နေရာပေးခဲ့သကဲ့သို့ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်၏ သာသနာတော်နှင့် ကရုဏာတော်ထဲသို့ အချိန်မရွေး ဖိတ်ခေါ်နေပါသည်။
ဒီနေ့၏ ကျမ်းချက်ကို ထောက်ရှုရင်း မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ကြပါစို့ -
မနာလိုသော မျက်စိ - ကျွန်ုပ်တို့နှင့်နီးစပ်သောသူများတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကရုဏာကို ခံစားရသည့်အခါ ကျွန်ုပ်တို့ ဝမ်းမြောက်ပေးနိုင်ပါသလား။ သို့မဟုတ် “ငါက ပိုပြီး လုပ်ဆောင်ခဲ့တာ” ဆိုသည့် မနာလိုစိတ်၊ နှိုင်းယှဉ်စိတ်များ ဝင်မိနေပါသလား။
သဘောကောင်းသော ဘုရား - ကျွန်ုပ်တို့ ရရှိထားသမျှ အရာအားလုံးသည် မိမိတို့၏ ကောင်းမြတ်တော်မူခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ ရက်ရောသော ကျေးဇူးတော်ကြောင့်သာ ဖြစ်ကြောင်း သတိရ ကျေးဇူးတင်ပါသလား။
ကျွန်ုပ်တို့သည် ဘုရားသခင်ထံသို့ စောစော ရောက်လာသူဖြစ်စေ၊ နောက်ကျမှ ရောက်လာသူဖြစ်စေ ကိုယ်တော်၏ မေတ္တာတော်သည် လူတိုင်းအတွက် အပြည့်အဝ ရှိနေပါသည်။ ထို့ကြောင့် သူတစ်ပါးနှင့် နှိုင်းယှဉ် မနာလိုခြင်းထက် ဘုရားသခင်၏ ရက်ရောသော ကရုဏာတော်ကို သစ္စာရှိစွာ ကျေးဇူးတင် အသက်ရှင်ကြပါစို့။
ဆုတောင်းမေတ္တာ
“အို သခင်ယေဇူး၊
အတုမရှိ ရက်ရောလှသော ကိုယ်တော်၏ ကရုဏာတော်အတွက် ကျေးဇူးတင်ရှိပါ၏။
ကျွန်ုပ်တို့၏ နှလုံးသားထဲမှ မနာလိုစိတ်၊ သူတစ်ပါးနှင့် နှိုင်းယှဉ်လိုစိတ်နှင့် စေတနာမဲ့သော သဘောထားများကို ဖယ်ရှားပေးတော်မူပါ။
သူတစ်ပါး ကျေးဇူးတော် ခံစားရသည့်အခါ၌လည်း အတူတကွ ဝမ်းမြောက်ပေးနိုင်သော မေတ္တာစိတ်ကို ပေးသနားတော်မူပါ။
ကိုယ်တော်၏ စပျစ်ခြံ၌ အမြဲတမ်း သစ္စာရှိစွာ ပါဝင်လုပ်ဆောင်နိုင်သော ကျေးဇူးတော်ကို မစပေးတော်မူပါ။
အာမင်။”