စိန့်ဖဲလ်လစ်သည် နိုလာမြို့မှ မွေးဖွားသည်။ သူ၏ဖခင်သည် စစ်သားတစ်ယောက်ဖြစ်သည်။ ကမ်ပါနီယာမှာ ရောမတို့ ကိုလိုနီနယ်ဖြစ်သည့်အတွက် အမှုထမ်းသည်။ ညီအစ်ကိုနှစ်ယောက်ရှိသည်။ ဖဲလ်လစ်နှင့်ဟာမီယာစ်တို့ဖြစ်ကြသည်။ ဖခင်သေဆုံးပြီးနောက်ပိုင်း ညီအငယ်ဆုံးဟာမီယာစ်က ဖခင်ကဲ့သို့ စစ်တပ်အမှုထမ်းသည်။ ဖဲလ်လစ်သည် ခရစ်တော်အတွက် အမှုထမ်းရန် ပို၍နှစ်သက်သည်။ စိန့်ဖဲလ်လစ်သည် သူပိုင်သောပစ္စည်းဥစ္စာအားလုံး ဆင်းရဲသားတို့အား ဝေငှခဲ့သည်။ မကြာခင် နိုလာဆရာတော်ကြီးက ရဟန်းသိက္ခာတင်ပေးသည်။ ဆရာတော်ကြီးမက်ဆီမှူးစ်ကသူ့အား ပါရမီရေးရာ၌ ထူးချွန်သူဖြစ်ကြောင်း အားပေးခဲ့သည်။
၂၅၀ခုနှစ်တွင် ဆရာတော်ကြီးမက်ဆီမှူးစ်အား သဲကန္တာရတွင် အနားယူရန် အတင်းဆောင်ရွက်ခိုင်းသည်။ ဧက္ကရာဇ်မင်းကြီးဒေစီအူစ်က ခရစ်ယာန်တို့အား ညှင်းပန်းနှိပ်စက်ခြင်းကို အစပြုသည်။ ဆရာတော်ကြီးမက်ဆီမှူးစ်မရှိသည့်အတွက် ဖဲလ်လစ်အား ဖမ်းဆီးကြပြီး အလုံခြုံဆုံးသောအခန်းမှာ သိမ်းထားကြသည်။ တစ်ညတွင် ကောင်းကင်တမန်တော်များ ဖဲလ်လစ်ထံသို့ ပေါ်လာကြသည်။ အကျဉ်းထောင်မှ ထွက်သွား၍ ဒုက္ခရောက်နေသော ဆရာတော်ကြီးမက်ဆီမူးစ်အား ကူညီပါဟုပြောသည်။ လက်ထိပ်ခတ်ထားသောသံကြိုးသည်လည်း အလိုလိုပြုတ်ကျသွားလေသည်။ ထောင်တံခါးလည်း အလိုလိုပွင့်သွားသည်။ သိကြားတမန်တော်များ လမ်းပြဦးဆောင်သည့်အတိုင်း ဆရာတော်ကြီးမက်ဆီမူးစ်အား သိမ်းဆည်းထားသောနေရာသို့ ရောက်သွားသည်။ အစာငတ်ခြင်း၊ အအေးလွန်ခြင်း၊ စကားမပြောဘဲနေရခြင်းတို့ကြောင့် သတိလစ်သွားသည်။ သို့သော် စိန့်ဖဲလ်လစ်အနေဖြင့် ဆုတောင်းပေးခြင်းကလွဲလို့ မကူညီနိုင်ခဲ့ပါ။ ဖဲလ်လစ်ဆုတောင်းမေတ္တာ ပြုနေသည့်အချိန်မှာ ဆရာတော်ကြီးမက်ဆီမှူးစ်၏ပါးစပ်ထဲမှာ စပျစ်သီးများ အခိုင်လိုက်ရောက်ရှိလာသည်။ မကြာခင် ဆရာတော်ကြီးမက်ဆီမှူးစ်သည် သတိယလာပြီး သူသွားလိုရာသို့ ဖဲလ်လစ်ကထမ်း၍ မြို့ထဲရှိဘုရားကျောင်းသို့ ခေါ်သွားသည်။
ဧက္ကရာဇ်မင်းဒေစီအုစ်မသေမချင်း ဖဲလ်လစ်အား ပုန်းကွယ်ထားကြသည်။ သူပြန်ပေါ်လာသည့်အခါ လူတွေက သူ့ကိုမမှတ်မိကြပါ။ မကြာခင် သူသည် အင်အားအပြည့်နှင့်ပြန်၍ အမှုထမ်းလာရာ သူ့ကိုပြန်ပြီးရှာကြံကြသည်။ သူ့ကိုရေမရှိသည့် အိမ်ပျက်တစ်လုံးမှာ (၆)လလောက် သိမ်းထားကြသည်။ ငြိမ်းချမ်းရေးရှိလာသောအခါ သူသည် ပြန်၍လွတ်မြောက်လာသည်။ ခရစ်တော်အတွက် ပြန်လည်၍ အမှုထမ်းလာရာ ရန်သူများက သူ၏ဥစ္စပစ္စည်းအားလုံးကို သိမ်းယူကြပြန်သည်။ ဆရာတော်ကြီးမက်ဆီမှူးစ်ကွယ်လွန်သည့်နောက် ဖဲလ်လစ်အား ၎င်း၏နေရာကိုဆက်ခံရန် လူတွေကပြောကြသည်။ သို့သော် ကူအီတီနိုအား ရွေးချယ်ရန် သူကြေငြာသည်။ ဖဲလ်လစ်သည် အသက်အရွယ်ကြီးမှ ခရစ်တော်၌အိပ်ပျော်သည်။ စိန့်ပေါ်လီနူးက ဖဲလ်လစ်အား ဂုဏ်ပြုသောအားဖြင့် ဘုရားကျောင်းတစ်ဆောင်ကို ဆောက်လုပ်ပေးခဲ့သည်။ တန်ခိုးလက္ခဏာများစွာလည်း ဖဲလ်လစ်အားဖြင့် ပြခဲ့သည်။ သူ့အား တိုင်တည်၍ဆုတောင်းပါက ပျောက်ဆုံးသွားသော ပစ္စည်း၊ မုသားသက်သေခံ၍ ရန်တုံ့ပြန်သောသူတို့အား တွေ့ရသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)