#18 February 2021
#St. Simeon (Bishop & Martyr), စိန့်စီမေအုံ (ဆရာတော်၊ ဓမ္မအာဇာနည်)
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
စိန့်စီမေအုံသည် ကလေအိုဖါစ်၏သားဖြစ်သည်။ ခရစ်တော်၏ တဝမ်းကွဲညီဖြစ်သည်။ ရှင်မာတေဦးနှင့် ရှင်မာကု ကျမ်းစာတော်မှာ စိန့်စီမေအုံ၏မိခင်သည် ခရစ်တော် မယ်တော်မာရီယား၏ ညီမဖြစ်သည်ဟု ဖော်ပြထားသည်။ တပည့်တော်ဖြစ်သည့် တမန်တော် (၇၂)ပါးအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။ ခရစ်တော်ကောင်းကင်ဘုံသို့ တက်ကြွရာ၌၎င်း၊ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ရာ၌၎င်း ပါဝင်မြင်တွေ့ ခံစားခဲ့သည်။ ခရစ်တော်ရှင်ပြန်ထမြောက်ပြီး ဧမောက်လမ်းပေါ်မှာ ခရစ်တော်နှင့်အတူ သူငယ်ချင်းနှင့် လမ်းလျှောက်ရာ စိန့်စီမေအုံလည်း ပါဝင်သည်။ ၆၂ ခုနှစ် ပါစကားပွဲ၌ ဂျေရုဆလင်ဆရာတော်ဂျိမ်း (အငယ်) ကို ဂျူးလူမျိုးများက သတ်ပစ်ကြသည်။ သူသည် စိန့်စီမေအုံ၏ အစ်ကိုဖြစ်သည်။ အစ်ကိုနေရာ၌ စိန့်စီမေအုံ နေရာယူသည်။ အသင်းတော်အစပြုခါစ ယုံကြည်ခြင်း နုနယ်သေးသော်လည်း အသင်းတော်အား ဆန့်ကျင်သူ ခရစ်တော်၏ဘုရားအဖြစ်တော်ကို အတိုက်အခံပြုသူ များပြားသည်။
၆၆-ခုနှစ်တွင် ဘုရားသခင်က စီမေအုံအား ဂျေရုဆလင် ပျက်သုန်းမည့်အကြောင်း ဗျာဒိတ်ပေးသည်။ ဂျေရုဆလင်မှ မိုင် ၆၅ ကွာဝေးသော (Pella) ပက်လာသို့ ဆရာတော်စီမေအုံ ပြောင်းရွေ့သည်။ (၄)နှစ်ကြာသော် တီတူးစ်စစ်သားများ ယုဒပြည်သို့ ခြေနင်းဝင်လာ၍ ဂျူးလူမျိုးများအား တိုက်ခိုက်ဖျက်ဆီးကြသည်။ ဂျေရုဆလင်မြို့ကြီးအား မဖျက်ဆီးခင် (၅)လဝိုင်းရံပြီး ရေများဖြတ်တောက်ခြင်း၊ လူများအပြင်မထွက်စေ၊ မဝင်စေ၍ မြို့သူမြို့သားများနှင့် အာဏာပိုင်များ ရေငတ်၊ အစာငတ် သေကြေကြသည်။ ၇၀ခုနှစ်တွင် ဂျေရုဆလင်မြို့ ပျက်စီးသည်။ သို့သော် ခရစ်တော်ယေဇူးနှင့် တပည့်တော်များ နောက်ဆုံးညစာစားပွဲ ကျင်းပသည့်နေရာနှင့် အိမ်သည် ပျက်စီးခြင်းမရှိဘဲ ကျန်ခဲ့သည်။ ထို့ကြောင့် စစ်ပွဲပြီးသော် ဘုရားကျောင်းအဖြစ် ပူဇော်လှူဒါန်းကြသည်။ ငြိမ်ဝပ်ပိပြားစွာ ရှိလာသောအခါ ဆရာတော်ကြီးစီမေအုံနှင့် ခရစ်ယာန်တစ်ချို့ ဂျေရုဆလင်မြို့သို့ ပြန်လာကြသည်။ ဒါဝိဒ်အမျိုးအနွယ်များအား သတ်ဖြတ်ညှင်းဆဲရာ စိန့်စီမေအုံသည် လွတ်မြောက်ခဲ့ရသည်။ ၁၁၂-ခုနှစ် (Irajan) ထရာဂျားသည် ခရစ်ယာန်တို့အား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ရာ စိန့်စီမေအုံအား အကျဉ်းထောင်ချကြသည်။ ရက်ပေါင်းများစွာ ညှင်းဆဲပြီးမှ လက်ဝါးကပ်တိုင်တင် သတ်ကြသည်။ သက်တော် ၁၂၀ ရှိမည်ဟု ခန့်မှန်းကြသည်။ တပည့်တော်များအနက် လောကမှ နောက်ဆုံးထွက်ခွာသူဖြစ်သည်။ သူသေဆုံးပြီး တပည့်တော်များ ခေတ်ကုန်ပြီဟု ပြောဆိုကြသည်။ အဘယ့်ကြောင့်ဟူမူ ခရစ်တော်၏ တပည့်တော်ဖြစ်၍ ကိုယ်တော်နှင့်အတူ အမှုထမ်းခဲ့သည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
ရဟႏာၱ