#15 March 2021
#St.Louise De Marillac (Widow), စိန့်လွီဇားဒေမာရီလ (1591 – 1660)
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)
Posted by M Sulatthtwe
လွီဇားသည် ပြင်သစ်ပြည် ပဲရစ်မြို့သူဖြစ်သည်။ သူမ၏ ဦးလေးနှစ်ယောက်လည်း ပြင်သစ်ပြည် သင်္ဘောမာဆေးလ်များ ဖြစ်ကြသည်။ လွီဇားမိခင် ဆုံးသွားပြီးနောက်ပိုင်း အဒေါ်ထံမှာနေရသည်။ ၁၆-နှစ် အရွယ်ရောက်သောအခါ (Capuchin nun) ကာပူချင်းသီလရှင်ဝတ်ရန် ဆန္ဒပြင်းပြသော်လည်း ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးက ခွင့်မပြုဘဲနေသည်။ ၅-နှစ်ကြာသောအခါ Antonie Le Gras ဆိုသူနှင့် လက်ထပ်ကြသည်။ သားတစ်ယောက်ရကြသည်။
ဘုရားတရားကြည်ညိုသော သူမ၏ခင်ပွန်းသည် ခွင့်ပြုချက်အရ ပဲရစ်မြို့ရှိ ဆင်းရဲသားများအား အားလပ်ချိန်တိုင်း သွားရောက်ကြည့်ရှုကူညီခဲ့သည်။ မေတ္တာတရားလုပ်ငန်း၌ အားလပ်ချိန်များ ကုန်လွန်စေသည်။ လူတိုင်း သူမ၏လုပ်ငန်းကိုကြည့်ပြီး သူမနှင့် မသင့်တော်ဟု ထင်မြင်ကြသည်။ ၁၆၁၉- ခုနှစ်တွင် စိန့်ဖရန်စစ် ဒီဆေးလ် (St. Francis De Sale) နှင့် စိန့်ဗင်းဆင်းဒီပေါလ် (St. Vincent De Paul) တို့က (St. Louisa) စိန့်လွီဇားလုပ်ငန်း၌ ပါဝင်အားပေးကြသည်။
၁၆၂၅-ခုနှစ် သူမ၏ခင်ပွန်းသည်သေဆုံးပြီး လွီဇားသည် မေတ္တာဂရုဏာလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ခဲ့သည်။ ပဲရစ်မြို့မှာရှိသော ဆင်းရဲသားများအား အချိန်ပြည့်ကူညီကာ သူမ၏အစွမ်းရှိသလောက် ကြိုးစားခဲ့သည်။ နောက်ပိုင်း ပဲရစ်မြို့သို့လာသော မိန်းကလေးများအား သင်တန်းဖွင့်ပေးသည်။ ဖျားနာသောသူများ၊ ဆင်းရဲသားများအား ပြုစုကြည့်ရှုနည်းကို သင်တန်းပေးခဲ့သည်။
ဤကဲ့သို့ သင်တန်းဖွင့်လှစ်ခြင်းမှစ၍ “The Sisters of Charity” ကရုဏာရေးသီလရှင်ဂိုဏ်း အစပြုလာသည်။ ၁၆၃၄ ခုနှစ်၌ (St.Vincent De Paul) စိန့်ဗင်းဆင်းဒီပေါလ်၏ ထင်ရှားကျော်ကြားလှသော ဝိညာဉ်ရေးလုပ်ငန်းပေါ်ပေါက်လာသည်။ သူသည် (၂၅)နှစ် ဆက်လက်လုပ်ဆောင်ခဲ့သည်။ (၁၂)နှစ်တိုင်တိုင် ဥပဒေများ၊ အသင်းဂိုဏ်းလိုက်နာရမည့် စည်းမျဉ်း စည်းကမ်း မရေးရသေးပါ။ စစ္စတာရ် (သီလရှင်) များ လုပ်စရာလုပ်ငန်း ဆေးရုံ၌များသည်။ အားလပ်ချိန် မရလောက်အောင် အလုပ်များသည်။ စိန့်ဗင်းဆင်းဒီပေါလ်သည် စည်းကမ်းဥပဒေ ပြုလုပ်ရာ ဘုရားသခင်၌သာ အာရုံပြုရန်၊ ဝတ်စောင့်ရန်၊ ဘုရားကျောင်းငယ်ထားရှိရန်၊ ကရုဏာလုပ်ငန်းသည် သူတို့၏ရုံးခန်းဖြစ်ရန်စသည့်များ တည်ထောင်သည်။ စစ္စတာရ်များဝတ်ရုံသည် အပြာနုရောင်၊ အဖြူစသည်တို့ဖြစ်သည်။
သူတို့ဂိုဏ်း၏ ကရုဏာရေးလုပ်ငန်းကြောင့် အသီးအပွင့်များစွာ ရရှိသည်။ ပထမနှစ်၌ လူပေါင်း ၇၆၀-ဘာသာထဲ ဝင်ရောက်ကြသည်။ အထူးသဖြင့် (Lutheranism and Calvinism) လူသရင်းအသင်းနှင့် ကောလ်ဗင့်အသင်းတော်မှ ကက်သလစ်အသင်းတော်သို့ ပြောင်းလာကြသည်။ စစ္စတာရ်များသည် ဆင်းရဲသားကလေးကျောင်း၊ ဒုက္ခိတတို့ကို စောင့်ရှောက်ထိန်းသိမ်းကြည့်ရှုသည့်ကျောင်း၊ ဘိုးဘွားရိပ်သာကျောင်း၊ မသန်မစွမ်းသူနှင့် စိတ်ရောဂါဝေဒနာရှင်ကျောင်းများ ဖွင့်လှစ်ပေးကြသည်။ စိန့်ဗင်းဆင်းကိုယ်တိုင်နေထိုင်သည်။ လူပေါင်း (၁၃၀၀)အား ပြုစုသည်။ ဒုက္ခသည်အမျိုးသမီး (၉၀၀)အား နေစရာစီစဉ်ပေးသည်။ လူပေါင်း (၁၄၀၀) သည် အမြဲသူတို့အား မှီခိုနေရသည်။ တချို့စစ္စတာရ်များသည် ပိုလန်မိဖုရား၏ ဖိတ်ကြားချက်အရ ကရုဏာရေးလုပ်ငန်း၌ ပါဝင်လုပ်ဆောင်ရန် ပိုလန်သို့သွားကြသည်။ အထူးသဖြင့် ဒဏ်ရာရသော စစ်တပ်များအား ပြုစုရန်ဖြစ်သည်။ တိုက်ပွဲများကြားမှာ စစ္စတာရ်များသည် ကရုဏာရေးလုပ်ငန်းကို အဆက်မပြတ်လုပ်ဆောင်ကြသည့်အတွက် မြေပြင်က သိကြားတမန်တော်များဟု ခေါ်ကြသည်။ တချို့စစ္စတာရ်များသည် စစ်မြေပြင်၌ မေတ္တာလုပ်ငန်းလုပ်ရင်း အသက်ပေးလှူကြသည်။
၁၆၆၀ခုနှစ်၌ ကရုဏာရေးဂိုဏ်း တည်ထောင်ဦးဆောင်သော (St. Vincent and St. Louise) စိန့်ဗင်းဆင်း နှင့် စိန့်လွီဇားတို့သည် သေဆုံးကြသည်။ ၎င်းအချိန်၌ ပြင်သစ်ပြည်မှာ ကရုဏာရေးဂိုဏ်းကျောင်းပေါင်း (၄၀) ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်၌ ပုပ်ရဟန်းမင်းကြီးပီအူးစ် (၁၁)က စိန့်လွီဇားဒေမာရီလာ (St. Louise De Marillae) အား ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)