အလုပ်သမားများ၏ စောင့်ရှောက်အုပ်ထိန်းသူ သံဇူဇယ်သည် အသက်မွေးဝမ်းကျောင်း အလုပ်အနေဖြင့် လက်သမားတစ်ယောက် ဖြစ်သည်။ (ရှင်မာတေဦး ၁၃း ၅၅) သူသည် နာဇရက်မြို့ကလေးတွင် မာရိယားနှင့် သူလက်သမားအလုပ်ကို သင်ကြားပေးခဲ့သော သခင်ယေဇူးတို့နှင့် နေထိုင်ခဲ့သည်။ သူ၏ပုံစံနမူနာကြောင့် သခင်ယေဇူးသည် နေ့စဉ်လုပ်ငန်း၏ ဂုဏ်သိက္ခာနှင့် ပျင်းရိအားလပ်နေခြင်း၏ အန္တရာယ်များကို သတိမူခဲ့လေသည်။ သမ္မာကျမ်းစာကလည်း ပျင်းရိခြင်းနှင့် ပတ်သက်ပြီး “မအားမချင်းရအောင် အလုပ်ပေးထားလော့” ဟု ဆိုထားလေသည်။ (နီတိကျမ်း ၃၃း ၂၈)
တမန်တော်သံပေါလုက “အလုပ်မလုပ်ချင်သောသူ မည်သည်ကား အစားကိုလည်း မစားစေနှင့်” ဟု မိန့်ကြားခဲ့သည်။ (၂သက် ၃း ၁၀) လူယောက်တိုင်း ယောက်တိုင်း သူ့ကိုယ်သူနှင့် သူ့မိသားစုကို ကူညီထောက်ပံ့ရန် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုတော်တွင် စုပေါင်းလုပ်ဆောင်ရန် အလုပ်လုပ်ရမည် ဖြစ်သည်။ ကောင်းချီးတော်နှင့် သန့်ရှင်းခြင်း၏ ရင်းမြစ်ဖြစ်လာစေရန် သံဘေနေဒစ်၏ ဆောင်ပုဒ် “ဆုတောင်းပြီး အလုပ်လုပ်” ဆိုသည့်အတိုင်း ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများကို ဘုရားသခင်ထံ အပ်နှံပူဇော်ရမည်။ ရဟန်းမင်းကြီး ပီအူးစ်(၁၂)က သက္ကရာဇ် ၁၉၅၅-ခုနှစ်တွင် “သံဇူဇယ် အလုပ်သမားပွဲနေ့” ကို “အလုပ်သမားနေ့နှင့် အံဝင်ခွင်ကျ ကိုက်ညီစေရန် စတင်ထူထောင် ချမှတ်ခဲ့သည်။ အလုပ်သမားနေ့မှာ ၁၈၈၉-ခုနှစ်တွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို အသိအမှတ်ပြုရန်အတွက် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)