တမန်တော်ကြီးများ ဖြစ်ကြသော သံဖိလစ်နှင့် သံဂျိမ်းစ်တို့၏ ပွဲနေ့ကို သက္ကရာဇ် ၅၆၃-ခုနှစ် ရောမားမြို့ရှိ ဘုရားကျောင်းတော်အား ထိုရဟန္တာများအား ပူဇော်အပ်နှံသည့် အချိန်နေ့မှစ၍ ပူးတွဲလျက် ကျင်းပခဲ့သည်။ သံဖိလစ်မှာ ဂါလီလီယားပြည်နယ် ဘက်စိုက်ဒါးနယ်သားဖြစ်၍ ယောဟန်ဗတ္တိဇတား၏ တပည့်တစ်ဦးဖြစ်သည်။ သခင်ယေဇူးမှ သူ့နောက်လိုက်ရန် အခေါ်ခံရပြီးသောအခါ သူသည် ကယ်တင်ရှင် မက်ဆီးယားကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း နာသာနာအဲလ်အား ကြေငြာပြောဆိုခဲ့သည်။ သို့သော် သူသည် နာဇရက်ဟူသော ရွာကလေးမှ ကောင်းသောအရာ တစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်ပါသလောဟု သံသယဖြစ်ခဲ့သည်။ ထို့ကြောင့် သံဖိလစ်မှ “လာ၍ကြည့်ပါ” ဟု ဖြေကြားခဲ့သည်။ (သံယောဟန် ၁း ၄၃-၄၆) လူထုကြီးကို မုန့်နှင့် ကျွေးမွေးတော်မူသောအခါတွင် ဖိလစ်က “ဤသူတို့သည် မုန့်တစ်ဖဲ့စီ စေ့ငအောင် ဒေနာရီအပြားနှစ်ရာ အဘိုးထိုက်သော မုန့်မလောက်ပါ”ဟု လျှောက်၏။ (သံယောဟန် ၆း ၇)။ နောက်ဆုံးညစာ စားသောက်သောအချိန်တွင် သူသည် “သူတို့အား အဖခမည်းတော်ကို ပြသရန် သခင်ခရစ်တော်အား လျှောက်လေသည်။” ယေဇူးက “ဖိလစ် ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏”ဟု ပြန်ပြောလေသည်။ (သံယောဟန် ၁၄း ၈-၉) အစဉ်အလာအရ ဖိလစ်သည် အာရှမိုင်းနားတွင် ဖရီဂျီယားနှင့် ဟီးရေရှာပေါ်လစ်၌ ဧဝံဂေလိတရားကို ဟောကြားခဲ့ပြီး ထိုနေရာတွင် လက်ဝါးကပ်တင် အသတ်ခံခဲ့ရသည်။
သံဂျိမ်းစ် (သို့မဟုတ်) အငယ်လေးသည် အာဖေအုစ်၏သား ဖြစ်သည်။ (ရှင်မာရ်ကူး ၃း ၁၈) သူသည် သခင်ယေဇူးနှင့် ဝမ်းကွဲညီအစ်ကို တော်စပ်လေသည်။ (သံမာတေဦး ၁၃း၅၅) သူသည် ယေရုဇလင် အသင်းတော်၏ ပထမဦးဆုံး ဆရာတော်ဖြစ်ပြီး သံယောဟန်ကျမ်းကိုလည်း ရေးသားခဲ့သည်။ အေဒီ ၄၉၊ ယေရုဇလင် သံဃာရတနာတင် အစည်းအဝေးတွင် ခရစ်ယာန်ယုံကြည်ခြင်းကို လက်ခံယုံကြည်လာကြသော ဂျူးလူမျိုး မဟုတ်သူတို့သည် အရေဖျားလှီးခြင်း ခံယူရန် မလိုအပ်ကြောင်း အသင်းတော်၏ ဆုံးဖြတ်ချက်ကို သံဂျိမ်းစ်က ကြေငြာခဲ့သည်။ (တမန်တော် ၁၅း၁၉) သံယောဟန်၏ ဘုရားတရား ကြည်ညိုခြင်းကြောင့် သူ့ကို “ဘာသာတရားမြဲသူ” ဟုခေါ်ဆိုကြသည်။ စေဇာရီးယား (Caesarea) မှ သမိုင်းပညာရှင် အေယူစေဘီအုစ် (Eusebius) က “သံယောဟန်သည် အဆက်မပြတ် ဆုတောင်းလေ့ ရှိသောကြောင့် သူ၏ဒူးများသည် ကုလားအုပ်တစ်ကောင်၏ ဒူးများကဲ့သို့ မာကြောလေသည်ဟု ပြောဆိုခဲ့သည်။ ရှေးထုံးသက်သေအရ သခင်ယေဇူးသည် ကယ်တင်ရှင် မက်ဆီးယား ဖြစ်သည်ဟု ဟောပြောသက်သေခံသည့်အတွက် အေဒီ ၆၂တွင် ဗိမ္မာန်တော် အထွဋ်ပြသာဒ်ပေါ်မှ ပစ်ချခံရပြီး ကျောက်ခဲနှင့် ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။ သေခါနီးဆဲဆဲတွင် သူ၏မျက်လုံးများဖြင့် ကောင်းကောင်သို့ မော်ကြည့်၍ “အိုသခင်ဘုရား၊ အဖ ကိုယ်တော်ကို တပည့်တော် တိုးလျှိုးတောင်းပန်ပါသည်။ သူတို့ဘာလုပ်နေကြသည်ကို သူတို့မသိကြပါသောကြောင့် သူတို့ကို အခွင့်လွတ်တော်မူပါ” ဟုဆိုခဲ့သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)