ယနေ့ပွဲနေ့ရှင်သည် လယ်သမားမိသားစု၏ သားသမီးခုနှစ်ဦးအနက် ဒုတိယသား ဖြစ်သည်။ သူသည် ဆာဒီးနီးယားဇာတိ ဖြစ်သည်။ ဖရန်စစ္စကင် ဖြစ်လာသော သူ၏ ဘ၀လျှောက်လမ်းသည် မဖြောင့်ဖြူးခဲ့၊ ပုံမှန်မဟုတ်ခဲ့ပေ။ သူသည် အသည်းအသန် နေထိုင်မကောင်း ဖြစ်ခဲ့ပြီး ထိုဝေဒနာကို ခံစားနေရစဉ် အတွေးတစ်ခု ရလာခဲ့သည်။ ထိုအတွေးကား အကယ်၍ သူသည် လက်ရှိခံစားနေရသော ဝေဒနာမှ သက်သာလာလျှင် ကာပူချင်း ရသေ့အဖြစ် ဘ၀ကို ဆက်ကပ်မည်ဟု တိုင်တည်ဆုတောင်းရန် ဖြစ်သည်။ ဆုတောင်းခဲ့သည့်အတိုင်း ကျန်းမာလာခဲ့သည်။ သို့သော် သူသည် နေမကောင်းစဉ်က ပြုခဲ့သော အဓိဌာန်ကို မေ့မေ့ပျောက်ပျောက် နေထိုင်ခဲ့သည်။ အသက်(၂၀) ပြည့်သောအခါ မတော်တဆတစ်ခု ထပ်ဖြစ်ပြန်သည်။ ထိုအဖြစ်အပျက်သည် သူ့အား ယခင်သူပြုခဲ့သော အဓိဌာန်ကို ပြန်လည် အမှတ်ရလာစေသည်။ ယခုတစ်ကြိမ်၌လည်း ယခင်ကအတိုင်း ထပ်မံအဓိဌာန် ပြုခဲ့ပြန်သည်။
သူတော်စင် အသက်တာကို ရွေးချယ် လျှောက်လှမ်းပြီးနောက် သူ၏ကိုယ်ကျင့်သီလ၊ မိမိ၏အလိုကို ငြင်းပယ်ခြင်း၊ ကရုဏာရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်းများ၌ အလွန်လူသိများလာခဲ့သည်။ ထိုခေတ်အခါက ရသေ့များသည် အလှူခံကြွရသည်။ အလှူခံရာ၌ အလှည့်ကျ သွားရသည်။ သို့သော် သူ့အား လူသိများသောကြောင့် နောက်ပိုင်း၌ အလှည့်ကျ မဟုတ်တော့ဘဲ အမှုတော်တစ်ပါးအဖြစ် သူ့အား ထမ်းဆောင်စေခဲ့ရာ ထိုအမှုတော်ကို နှစ်ပေါင်း (၄၀)ကြာ ထမ်းဆောင်ခဲ့သည်။ နှစ်ပေါင်း (၄၀) အနက် နောက်ဆုံးနှစ်မှာ မျက်စိကွယ်သွားခဲ့သော်လည်း သွားနိုင်လာနိုင်၍ သူသည် ပုံမှန်အလှူ ပေးခဲ့သည်။ ထို့ကြောင့် သူ့ အား အလှူခံပေး၊ ကျွေးသော ရဟန္တာရသေ့ဟု တင်စားကြသည်။ အလှူခံရန် ထွက်ကြွတိုင်း သူနှင့်အတူ ပါလာသော ကလေးများအား မကျန်းမမာ သူများအား သွားရောက် လည်ပတ် အားပေးရန်၊ အပြစ်သည်များအား နောင်တတရားယူရန် တိုက်တွန်းရန် အမြဲပြောပြလေ့ ရှိသည်။ ၄င်းတို့ ရသေ့ကျောင်း ရှိသောဒေသမှ ဘာသာတူများသည် သူ၏သနား ကြင်နာတတ်ခြင်း၊ သူ၏အမှုတော်ကို ဦးလှည်မသုန် ဆောင်ရွက်တတ်ခြင်းတို့ကို ကြည့်၍ သင်ခန်းစာ ရကြသည်။
သူ့အား (၁၉၅၁)ခုနှစ်တွင် ရဟန္တာ တင်မြောက်ခဲ့သည်။ ဖရန်စစ္စကင် ရသေ့များ အဘယ်ကြောင့် အလှူခံ၍ စားရသနည်း။ ဖရန်စစ္စကင်ကို ပထမဦးဆုံး တည်ထောင်ခဲ့သော အာစီးစီမြို့မှ ဖရန်စစ်သည် ဤသို့ကျင့်ကြံ အားထုတ်ခဲ့သည်။ ဖရန်စစ္စကင် ရသေ့တို့၏ ကျင့်၀တ်တစ်ပါးလည်း ဖြစ်သည်။ ကာယအလုပ်မှ ရရှိသောငွေကြေးဖြင့် ရသေ့များ လောက်ဌစွာ မစားနိုင်သောကြောင့် အထောက်အပံ့ အဖြစ် အလှူခံခွင့်ကို ပြုခဲ့သည်။ ယနေ့ပွဲနေ့ရှင်၏ဘ၀ကို ထောက်ရူခြင်းဖြင့် စိတ်ကောင်း နှလုံးကောင်းဆောင်၍ လုပ်မည်ဆိုလျှင် အလုပ်ကောင်းဟူသမျှ ဘုရားသခင် ရှေ့တော်၌ ဂုဏ်ရှိသည်။ လစာကောင်း၊ လစာမြင့်မှသာ မဟုတ်သည်ကို သိရသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)