တောင်သူလယ်သမားများကို စောင့်ရှောက်သူ ကျေးဇူးရှင် သူတော်စင်ဖြစ်သော စိန့်အိုင်စီဒိုသည် စပိန်နိုင်ငံ၊ မတ်ဒရစ် (Madrid)မြို့၌ ၁၂ရာစု အကုန်ပိုင်းလောက်တွင် ဆင်းရဲသော မိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်အခါမှစ၍ လယ်သမား တစ်ယောက်အဖြစ် မြို့၏အပြင်ဘက် လယ်တောတွင် အလုပ်လုပ်ကိုင်ခဲ့ရသည်။ သူသည် ချောမောလှပသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သို့သော်လည်း သူတို့၏သားကလေးမှာ အသေစောခဲ့ရသည်။ ထို့နောက် သူတို့သည် မိမိတို့၏ ဆန္ဒတပ်မက်မှုများကို ထိန်းချုပ်ပြီး နေထိုင်ရန် သဘောတူခဲ့ကြသည်။ စိန့်အိုင်စီဒိုသည် နံနက်တိုင်း ဘုရားကျောင်းသို့ သွားသည်။ လယ်ထဲ၌ လုပ်ကိုင်ရင်းဖြင့် ဆုတောင်းသည်။ အားလပ်ရက်များကိုလည်း မဒရစ်ဂိုဘုရားကျောင်းများသို့ ဘုရားဖူး သွားရောက်ခြင်းဖြင့် ကုန်လွန်စေခဲ့သည်။ တခါသော် သူ၏လုပ်ဖော်ကိုင်ဖက်များက အိုင်စီဒို၏ ဘာသာတရား ကျင့်ဝတ်များသည် အလုပ်၌ ဖင့်နှေးစေသည်ဟု အပြစ်တင် ပြောဆိုကြသည်။ ထိုစွပ်စွဲချက် မှန်ကန်မှု ရှိမရှိကို စုံစမ်းရန်အတွက် လယ်ပိုင်ရှင်သည် ပုန်းအောင်း ချောင်းမြောင်း၍ စောင့်ကြည့်ခဲ့သည်။ အိုင်စီဒိုသည် အမှန်တကယ်ပဲ အလုပ်ကို နောက်ကျ၍ ရောက်သည်ကို လယ်ပိုင်ရှင်သည် သတိပြုမိသည်။ သို့သော်လည်း မြောက်မြားလှစွာသော ကောင်းကင်တမန်တို့သည် သူ့အား ကူညီလုပ်ကိုင် ပေးကြသည်ကိုလည်း သူမြင်တွေ့ခဲ့ရသည်။
စိန့်အိုင်စီဒိုသည် ဆင်းရဲသားများအပေါ် ရက်ရောခြင်း သဒ္ဓါတရား ကြီးမားလွန်းသည့်အတွက် သူကိုယ်တိုင်အတွက်တော့ ထိုသူများ ကြွင်းကျန်သော အစအနများဖြင့်သာ မကြာခဏဆိုသလို တင်းတိမ်ခဲ့သည်။ တစ်ခုသော မိုးရာသီ နေ့တစ်နေ့မှာတော့ အမှုန့်ကြိတ်ရန် ဂျုံစေ့အိတ်တစ်အိတ်ကို ထမ်း၍လာစဉ် လမ်း၌ ရိုးတံပြိုင်းပြိုင်းထနေသော သစ်ပင်တစ်ပင်ပေါ်၌ ငှက်အမြောက်အများကို တွေ့ခဲ့သည်။ သူသည် အိတ်ကိုဖွင့်၍ အိတ်ထဲပါရှိသော ဂျုံစေ့တစ်ဝက်မျှကို ငှက်ကလေးများအတွက် ကြဲချပေးခဲ့သည်။ သူ၏ခရီးဆုံးကို ရောက်တဲ့အခါမှာတော့ သူ၏အိတ်မှာ ပြည့်မြဲပြည့်လျက်ရှိပြီး ပုံမှန်ဂျုံမုန့်ပမာဏထက် နှစ်ဆပိုပြီး ထွက်ရှိလေသည်။ အိုင်စီဒိုသည် ၁၁၃၀-ခုနှစ်တွင် သေဆုံးခဲ့သည်။ ထိုအချိန်မှစ၍ မြောက်များလှစွာသော တန်ခိုးလက္ခဏာများမှာ သူ၏ကြားဝင် ဆုတောင်းပေးမှုဖြင့် ဖြစ်ပေါ်ခဲ့သည်။ နှစ်ပေါင်းများစွာ အသက်ရှင်ကျန်ရစ်ခဲ့သော သူ၏ဇနီးမှာလည်း စပိန်နိုင်ငံတွင် စန္တာမာရီးယား ဒေလာဧဘေဇာအဖြစ်နှင့် ကြည်ညိုခြင်းခံရသည်။ အဘယ်ကြောင့်ဆိုသော် မိုးခေါင်သောကာလတွင် သူမ၏ဦးခေါင်းကို ယူဆောင်၍ မကြာခဏ စီတန်းလှည့်လည်ခြင်း ပြုကြသောကြောင့်ဖြစ်သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)