ပွဲနေ့ရှင်အား ၁၂၄၇ ခုနှစ်တွင် မွေးဖွား သန့်စင်ခဲ့ပါသည်။ အီတလီနိုင်ငံ၊ တူစကန္နီပြည်နယ်၊ လာဗီအားနို၌၊ လယ်သမား မိဘနှစ်ပါးမှ မွေးဖွား သန့်စင်ခဲ့သည်။ သူအသက် (၇) နှစ်တွင် မိခင်ဖြစ်သူ ဆုံးပါးခဲ့ပြီး၊ မိထွေးနှင့် နေထိုင်ခဲ့ရာ၊ သူ၏ငယ်ဘဝသည် အလွန်ကြမ်းတမ်း ခက်ခဲခဲ့ပါ သည်။ မိထွေးဖြစ်သူ၏ဒဏ်ကို မခံနိုင်သောကြောင့်၊ အသက်အရွယ် အတော်အတန် ရလာသောအခါ၊ အိမ်မှ ထွက်သွားခဲ့ပါတော့သည်။ အိမ်မှထွက်သွားပြီးနောက်၊ အာရ်ဆေးနီယိုနှင့် တရားမဝင်၊ လူမှုရေးအရသာ လက်ထပ်ပေါင်းသင်းပြီး၊ ဘာသာရေး ဝတ္ထရားများကို ပြုလုပ်ဖြည့်ဆည်းခြင်း မပြုခဲ့ပေ။ ၎င်းတို့၌ သားတစ်ဦး ထွန်းကားခဲ့ကြသည်။ ထိုသို့ ရှင်သန်လာခဲ့ပြီးနောက်၊ သူ၏အသက်တာကို သူပြန်လည် ပြုပြင်ရန် အလင်းရလာခဲ့သည်။ တနည်းဆိုသော် ဝိညာဉ်ရေး ကျေးဇူးတော် ဆုံးရှုံးနေသည်ဟု ခံစားလာရကာ၊ သူ၏ဘဝကို ဘာသာတရားနှင့်အညီ ရှင်သန်နေထိုင်ရန် ကြိုးစား လာပါတော့သည်။ စိတ်ကူးနှင့် လက်တွေ့ အလွန်ခက်ခဲသည်ကို သိရှိလာခဲ့သည်။
တစ်နေ့၌ ခင်ပွန်းဖြစ်သူကို စောင့်ဆိုင်းနေစဉ်တွင်၊ သခင်ကိုမတွေ့ဘဲ၊ သခင်မွေးထားသောခွေးကိုသာ တွေ့လိုက်ရ၏။ ထိုခွေးသည် မာဂရက်အား တောနက် တစ်နေရာဆီသို့ ဦးတည် ခေါ်ဆောင် သွားပါတော့သည်။ တစ်နေရာ အရောက်တွင် ခွေးသည် ရပ်တန့်သွား၍ မာဂရက်ကရပ်၍ ဘေးဖက်ဝဲယာ ကြည့်လိုက်ရာ၊ ခင်ပွန်းသည် အသတ်ခံထားရသည်ကို တွေ့ လိုက်ရသည်။ ထိုလူသတ်မူသည် မာဂရက်၏ ဘဝကို ပြောင်းလဲသွားစေသော အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှာစ၍ ကျေးဇူးတော်၌ မသေဆုံးခဲ့ရသော၊ တရားမဝင် အတူနေသည့် ခင်ပွန်းအတွက်လည်းကောင်း၊ မိမိကိုယ်တိုင်အတွက်လည်းကောင်း အပြစ်ဒဏ်ဆပ်ဖြေရင်း၊ ကျန်ရှိသောအချိန်ကို ကုန်လွန်စေခဲ့သည်။ နောက်ဆုံး၌ သူသည် သူ၏သား ရသေ့ဝတ်၍ တရားအားထုတ်နေသော၊ ကော်တိုးနာ ရသေ့ကျောင်းသို့ လိုက်သွားလေ၏။
အသက်တာ ပြောင်းလဲပြီး၊ သုံးနှစ်အကြာ (၁၂၇၇ (ခုနှစ်တွင်၊ မာဂရက်သည် ဖရန်စ္စကင် တတိယအဆင့် သီလရှင်ဘဝကို ခံယူလိုက်ပါတော့သည်။ သူ၏ဝိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီး၏ ကြပ်မတ်မှုဖြင့်၊ တစ်ခါတစ်ရံ သူ၏အပြစ်ဒဏ် ဆပ်ဖြေခြင်း လုပ်ရပ်များသည် အစွန်းရောက်လွန်းသောကြောင့် တားမြစ်ယူရသည်အထိ ဖြစ်ခဲ့ရသည်။ ကော်ရ်တိုးနာတွင် ဆေးရုံတစ်ဆောင်ကို လည်းကောင်း၊ သီလရှင် အသင်း တစ်သင်းကိုလည်းကောင်း တည်ထောင်ခဲ့သည်။ နွမ်းပါး၍၊ နှိမ့်ချသော မာဂရက်သည်၊ ရှင်ဖရန်စစ်အစီစီ ကဲ့သို့ပင် ကိုယ်တော်မြတ်ကို အလွန်ယုံကြည်ကိုးစားသူ ဖြစ်သည်။ ဤကြည်ညိုမှုသည် သူ့အား ချစ်ခြင်းမေတ္တာဖြင့် တောက်လောင်စေပြီး၊ အပြစ်ရှိသူများအား သနားတတ်ရန်၊ နားလည်လက်ခံရန်၊ ဂရုစိုက်ရန် အလင်းကို ရရှိစေခဲ့ပါသည်။ သူသည် ဖေဖော်ဝါရီလ ၂၂၊ ၁၂၉၇ တွင် ပျံလွန်တော်မူခဲ့ပြီး၊ ၁၇၂၈ ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြောက်ခြင်း ခံခဲ့ရပါသည်။ ခွင့်လွှတ်ခြင်းကို ရှာဖွေရန်မှာ ခက်ခဲသောလုပ်ရပ် ဖြစ်သည်။ သို့သော် လူအများနှင့် တွေ့ဆုံ၍ မိမိတို့၏အဖြစ်မှန်ကိုလည်း ဝေမျှပြောပြခြင်းဖြင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နောက်တရခြင်းကို ပျော်ရွှင်စွာ လက်ခံကြောင်း ပြောပြရမည်။ အပြစ်ခွင့်လွှတ်ခြင်း ခံရခြင်းကြောင့်၊ တစ်ပါးသူအားလည်း ကိုယ်ချင်းစာ နားလည်လာတတ်ပေမည်။ ကူညီလာတတ်ပေမည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)