ခရစ်တော်၏ သန့်ရှင်းသော နာမတော်၏ တမန်တော်ဖြစ်သော စီရေးနာမြို့မှ ဘယ်နာဒင်းသည် ၁၃၈၀-ခုနှစ်တွင် အီတလီပြည် မတ်စ်ဆာ မာရဒ်တီမာ (Massa Marittima)၌ မွေးဖွားခဲ့သည်။ ငယ်စဉ်အရွယ်၌ပင် မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့သဖြင့် မိခင်ဘက်မှတော်သော အဒေါ်အားဖြင့် ပညာသင်ယူခဲ့ရသည်။ သူမက သူ့အား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းရှိရန် သွန်သင်ပေးခဲ့သည်။ အသက် ၁၇-နှစ်အရွယ်တွင် “ကျွန်ုပ်တို့သခင်မ၏ ညီအစ်ကိုများအသင်း” သို့ဝင်ရောက်ခဲ့သည်။ ထိုအသင်းသားများသည် နာမကျန်းဖြစ်သူများအား သက်သာရာရစေရန်အတွက်ဟု ရည်စူးကာ သူတို့ကိုယ်ကို ပူဇော်အပ်နှံထားကြသည်။ နောင်ခုနှစ်နှစ် ကြာသောအခါ ဆီရေနာမြို့အနီးရှိ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို လိုက်ကျင့်ရသော စိန့်ဖရန်စစ်ရသေ့ဂိုဏ်းကို ဝင်ရောက်ခဲ့သည်။ ထိုကျောင်း၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ကမ္မဌာန်းရှုခြင်းနှင့် စာပေလေ့လာခြင်းများကို ၁၂-နှစ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ တစ်နေ့တွင် “အကိုဘယ်နာဒင်း သင့်မှာရှိသော ကျေးဇူးတော်ကို ဆက်လက်ဖုံးကွယ် မထားပါနဲ့တော့” ဟု ကိုရင်လောင်းတစ်ပါးက ရုတ်တရက် ထအော်လိုက်သည်။ သူ၏အကြီးအကဲများက ထိုအခြင်းအရာသည် အထက်ကောင်းကင်ဘုံမှ ဖြစ်မည်ဟု မှတ်ယူ၍ သူ့အား အီတလီပြည်တစ်လျှောက် ဟောပြောသက်သေခံရန် စေလွှတ်လိုက်ကြသည်။ ဘယ်နာဒင်း၏ အဟောအပြောကောင်းခြင်း၊ စိတ်အားထက်သန်ခြင်းတို့ကြောင့် အလွန်ကြီးမားသော တရားပရိတ်သတ်ကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိခဲ့သည်။ “သခင်ခရစ်တော်၏ နာမတော်သည် တရားဟောပြောသူတို့၏ ဘုန်းဂုဏ်တော်ဖြစ်သည်။” ဟု သူကဆိုခဲ့ပြီး ဩဝါဒပေးပြီးတိုင်း အဆုံးတွင် “ယေဇူး၏သန့်ရှင်းသောနာမတော်” ဟု ရေးသားထားသော သစ်သားပြားနှင့် တရားနာပရိတ်သတ်ကို ကောင်းချီးပေးလေ့ရှိသည်။ ထိုသစ်သားပြားပေါ်တွင် I.H.S ဟူသော အက္ခရာသုံးလုံးကို ရေးထွင်းခဲ့သည်။ အဓိပ္ပာယ်ကတော့ “Jesus Hominun Salvator” “ယေဇူး လူသားများ၏ ကယ်တင်ရှင်” ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဘော်လော့နာခ်တွင် ထိုကဲ့သို့ ထိရောက်စွာ တရားဟောမှုကြောင့် လူများသည် သူတို့၏ လောင်းကစား ဖဲချပ်များကို အများရှေ့တွင် မီးပုံရှို့ရန် ယူဆောင်လာကြသည်။ ဖဲချပ်ထုတ်လုပ်သူခမျာ သူ၏အသက်မွေးမှုကတော့ ပျက်စီးဆုံးရှုံးပါပြီးဟု ညည်းညူလေတော့သည်။ စိန့်ဘယ်နာဒင်းသည် သူ့အား သန့်ရှင်းသော နာမတော်ကို ရေးထွင်းထားသော သစ်သားပြားများ ပြုလုပ်ရောင်းချရန် အကြံပြုသည်။ ဝယ်လိုအားကောင်းတဲ့အတွက် သူသည် ချမ်းသာကြွယ်ဝလာသည်။ အကြိမ်ပေါင်းများစွာ သူ့အား ဆရာတော်အဖြစ်ခံယူရန် တိုက်တွန်းနှိုးဆော်ကြသည်။ သို့သော် သူသည် သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်အတွက် ထိုကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။ သက္ကရာဇ် ၁၄၃၀တွင် တင်းကျပ်သော စိန့်ဖရန်စစ်ရသေ့ဂိုဏ်း၏ ဂိုဏ်းထောက်ဘုန်းတော်ကြီး (Vicar General) ဖြစ်လာခဲ့သည်။ သူသည် ဂိုဏ်းဝင်ရဟန်းများအား အသိဉာဏ်ပညာ ကင်းမဲ့ခြင်း၏ အန္တရာယ်များကို သတိပေးဆုံးမပြီး ဓမ္မဗေဒနှင့် အသင်းတော်ဓမ္မသတ်ကျမ်း ( ကာနွန်ဥပဒေ)ကို သင်ယူလေ့လာရန် နေ့စဉ်ဖွဲ့စည်းပုံတွင် ထည့်သွင်းခဲ့သည်။ သက္ကရာဇ် ၁၄၄၄-ခုနှစ်တွင် သူသည်ပျံလွန်တော်မူပြီး ခြောက်နှစ်ကြာသောအခါ ရဟန္တာအဖြစ် တင်မြောက်ခြင်းခံခဲ့ရသည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)