Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#မေလ (၂၀) ရက် #ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် #ဆီအဲယ်နာမြို့မှစိန့်ဘဲနာဒင်း မွေး - စက်တင်ဘာ ၈၊ ၁၃၈၀၊ ပျံလွန် - မေလ ၂၀၊ ၁၄၄၄ #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ရဟန္တာ အတော်များများသည် မိမိတို့၏ ဘ၀တူများ၏ တိုက်ခိုက်မှုကို များစွာခံခဲ့ကြရသည်။ ကိုယ်ထိလက်ရောက် ထိခိုက်စော်ကားမှုများပင် ရှိခဲ့သည်များလည်း ရှိသည်။ ယနေ့ပွဲနေ့ရှင်သည်လည်း ဤအဖြစ်မျိုးနှင့် မရှောင်လွှဲနိုင်ခဲ့ပေ။ ယနေ့ပွဲနေ့ရှင်သည် သူ့ခေတ်သူ့အခါက တရားဒေသနာ ဟောကြားရာ၌ အလွန်လူသိများ ကျော်ကြားသောသူ ဖြစ်သည်။ သူသည် အီတလီ တနံတလျားသို့သွား၍ တရားဟောကြားလေ့ ရှိသည်။ အထူးသဖြင့် အချင်းချင်း မညီညွှတ်ဘဲ စိတ်၀မ်းကွဲ၊ အုပ်စုကွဲနေသော မြို့ရွာများသို့ သွားရောက်၍ တရားဒေသနာ ဟောကြားလေ့ရှိသည်။ ထို့အတူ အမိသာသနာတော်ကြီးအား တိုက်ခိုက်နေသော အယူအဆ အလွှဲအမှားများကို မားမားမတ်မတ် ရပ်တည်ကာကွယ်ခဲ့သည်။ သူသည် လူပေါင်း (၃၀၀၀၀) ကို ဆွဲဆောင်နိုင်ခဲ့သည်။ အာစီးစီမြို့မှ စိန့်ဖရန်စစ်၏ လက်ကိုင်တရားဖြစ်သည့် ‘အပြစ်နှင့်ပါရမီ’ ‘အပြစ်ဒဏ်နှင့် ကောင်းကြီး ခံစားရခြင်း’ အကြောင်းကို အဓိကထား ဟောကြားခဲ့သည်။ သူ့ခေတ်အခါက သာသနာတော်ကြီးကို ဦးဆောင်ခဲ့သော ရဟန်းမင်းကြီးက သူ့အား တမန်တော်စိတ် အလွန်ထက်သန်သော စိန့်ပေါလ်နှင့် ခိုင်းနှိုင်းခံခဲ့သည်။ ပွဲနေ့ရှင်သည် ခေတ်အခါ၏ လိုအပ်ချက်ကို အသုံးတော်ခံရန်အတွက် မွေးရာပါသည့် ကောင်းကြီးရှိသူ ဖြစ်သည်။ ထိုပါရမီနှင့်အတူ အလွန်ခိုင်မာသော သန့်ရှင်းစင်ကြယ်ခြင်းနှင့် မယုတ်မလျော့နိုင်သော အင်အားနှင့်ပျော်ရွှင်မှုများလည်း ခံစားရသူ ဖြစ်သည်။ သူသည် အဟောအပြော အလွန်ကောင်းသည် ဆိုသော်လည်း အသံမအောင်လှပေ။ အသံမအောင်လှသော်လည်း ဟောပြောခြင်းကို ဇွဲအားမလျော့ဘဲ အဆုံးတိုင် တည်ကြည်ခဲ့သည်။ သူ၏အသံ လက်ရှိထက် ပို၍ကျယ်လောင်မှု ရှိလာစေရန် အမိမယ်တော်ထံ အားကိုးဆုတောင်းခဲ့ရာ နောက်ပိုင်း၌ ပြောင်းလဲလာခဲ့ သည်။

သက်တော် (၂၀) ပြည့်သောအခါ သူ၏ဇာတိမြေ ဆီအဲယ်နာမြို့၌ ကပ်ရောဂါဆိုးကြီးမှာ အလွန်ဆိုးရွားစွာ ဖြစ်ပျက်ခဲ့သည်။ အဘယ်မျှ ဆိုးရွားသနည်းဟူမူ အချို့နေ့များ၌ ဆေးရုံတွင် တစ်ရက်တည်း လူနာပေါင်း (၂၀) ခန့် သေကြေခဲ့သည်များလည်း ရှိခဲ့သည်။ ထို့ကြောင့် ဆေးရုံဖွင့်၍ လူနာများကို ပြုစုစောင့်ရှောက်ရန် အတွေး၀င်လာခဲ့သည်။ ဘ၀တူ လူငယ်မောင်မယ်များ၊ လူနာများကို ပြုစုစောင့်ရှောက်သော သူနာပြုများ၏ အကူအညီဖြင့် (၄) လခန့် ဆေးရုံဖွင့်နိုင်ခဲ့သည်။ လူနာများနှင့် နီးကပ်စွာ သွားလာပြုစု နေထိုင်ခဲ့သော်လည်း သူ့အား ကူးစက်ရောဂါ စွဲကပ်ခြင်း မရှိခဲ့ပေ။ ရောဂါကူးစက်ခြင်း မရှိခဲ့သော်လည်း အလုပ်ပင်ပန်းပြီး၊ အအိပ်အနေ၊ အစားသောက် မမှန်သောကြောင့် လပေါင်းများစွာ ကျန်းမာရေး ဆိုးရွားစွာ ခံစားခဲ့ရသည်။ သက်ကြီးရွယ်အို အဒေါ်အား ပြုစုစောင့်ရှောက်ရန် တစ်နှစ်ခန့်မျှ ခွင့်ယူခဲ့သည်။ ဤအဒေါ်သည် သူ၏ မွေးစားမိခင်နှယ် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏မိဘနှစ်ပါးသည် သူလူလားမမြောက်မီကပင် ဆုံးပါးသွားခဲ့၍ ဖြစ်သည်။ အဒေါ်ဖြစ်သူသည် သူ၏နောက်ဆုံးအချိန် အိပ်ယာထဲ လဲနေစဉ် ပွဲနေ့ရှင်၏ အနာဂါတ်အတွက် ၀ါရှောင် ဆုတောင်းခဲ့သည်။

ပွဲနေ့ရှင် သက်တော် (၂၂) နှစ်၌ ဖရန်စ္စကင် အသင်းသားအဖြစ် ခံယူခဲ့သညျ။ နှစ်နှစ်အကွာ၌ သူသည် ထာဝရရဟန်းအဖြစ် သိက္ခာခံယူခဲ့သည်။ ပွဲနေ့ရှင်သည် နှစ်ပေါင်းဆယ်နှစ်ကြာ တစ်ပါးတည်း အထူးဆုတောင်း ဝါရှောင် ကျင့်ကြံခဲ့သည်။ နောက်ဆုံး၌ သူသည် တိတ်ဆိတ်စွာ တော၌ တရားအားထုတ်နေခြင်းထက် အရပ်ရပ်သို့သွား၍ ဧဝံဂေလိတရားကို ဟောကြားရန် ကောင်းကြီးတော်ခံခဲ့ရသည်။ ထို့ကြောင့် သူသည် ကုန်းကြောင်းဖြင့်သာ တမန်တော်ခရီးကို ကြွလေ့ရှိသည်။ တစ်ခါတစ်ရံ နာရီနှင့်ချီ၍ ဘုရားတရားအကြောင်း ပြောဆိုဆွေးနွေးတတ်သည်။  

ပွဲနေ့ရှင်သည် ‘ယေဇူးသခင်၏ နာမတော်ကို အထူးသဒ္ဓါ ကြည်ညိုခြင်းကြီးသူ’ ဟု လူသိများသည်။ ကိုယ်တော်မြတ် မုန့်တော်၌ ရေးထိုးထားသော ‘IHS’ စကားလုံးကို ယနေ့ပွဲနေ့ရှင်က ထွင်ခဲ့သည်။ ဤစကားလုံးများကား ယေဇူးသခင်၏အမည်ကို အတိုကောက်ဖြင့် ရေးထိုးထားခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်းမှာ သူ့ခေတ်အခါကရှိသော အစွန်းရောက်သည့် အတွေးအခေါ်များကို တိုက်ထုတ်ပစ်ရန်နှင့် အဖွဲ့အစည်းတစ်ခု၏ အမှတ်သင်္ကေတ (ယေဇူးသခင်၏အဖွဲ့) လည်းဖြစ်သည်။ ဤကြည်ညိုခြင်းသည် တစ်စတစ်စ လူသိများလာ သကဲ့သို့ ဘာသာတူများလည်း လက်ခံလာကာ ဘုရားကျောင်းများ၊ ဘာသာတူအိမ်များ၊ အများနှင့်ဆိုင်သော အဆောက်အအုံများ၌လည်း ရေးထိုးအသုံးပြုသည်ကို မြင်တွေ့လာရသည်။ ဤသို့လက်ခံမှု ရှိလာသည်နှင့်အမျှ ဤဆန်းသစ်တီထွင်မူသည် အန္တာရာယ်ရှိသည်ဟု စိုးရိမ်သောသူများက ဆန့်ကျင်ကြသည်။ ဆန်ကျင်သူများက ရဟန်းမင်းကြီးထံ သုံးကြိမ်တိုင်တိုင် တိုင်ကြား၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ပွဲနေ့ရှင်၏ပါရမီ၊ သမာဓိ၊ အမှန်တရားနှင့် ဉာဏ်ပညာကြောင့် ဆန့်ကျင်သူများ အရေးနိမ့်ခဲ့ရသည်။

ဖရန်စ္စကင်ရသေ့ အသင်းသည် ကျင့်၀တ်ကျင့်စဉ် အလွန်တင်းကြပ်သည့်ကြားမှ ယနေ့ပွဲနေ့ရှင်သည် ရသေ့များအား ပညာရေးနှင့် ပညာတော်သင်များ ရွေးချယ်စေလွှတ်ရေးကို အရေးဆိုခဲ့သူ ဖြစ်သည်။ အထူးသဖြင့် ဘာသာရေးအတွေးအခေါ် ဘာသာရပ်နှင့် အမိသာသနာတော်ကြီး၏ ကာနွန်ဥပဒေကို အထူးပြုလေ့လာရန်ကို ဇောင်းပေး တောင်းဆိုခဲ့သည်။ သူအသင်းသားအဖြစ် ၀င်ရောက်စဉ်က အသင်းသားဦးရေ (၃၀၀) သာရှိပြီး၊ သူပျံလွန်ချိန် အသင်းသား (၄၀၀၀) အထိတိုးလာခဲ့သည်။ သူသည် မိခင်အသင်းတော်ကြီးအား ပြုပြင်ပေးနိုင်ခဲ့ပြီးနောက် မပျံလွန်မီ နှစ်နှစ်ခန့်မျှ ယခင် သူ၏တမန်တော် လုပ်ငန်းဖြစ်သည့် အရပ်ရပ်သို့သွား၍ ဒေသနာတော် ဟောကြားခြင်းကို ပြန်လည်ပြုခဲ့သည်။ သူအဘယ်မျှ တမန်တော်ခရီးပြုသနည်းဟူမူ ခရီးသွားနေစဉ်၌ ပျံလွန်သွားခဲ့သည်။           

အလွန်တက်ကြွ ထက်မြတ်သော ရဟန္တာတစ်ပါးက ‘ကျွန်ုပ်သည် ၀န်ထုပ်တစ်ခု မဖြစ်လိုပါ။ အဘယ်ကြောင့်ဆိုသော် သင့်ပိုင်ဆိုင်ရာကို ကျွန်ုပ်မလိုလား။ သို့သော် သင်တို့ကိုသာ လိုလားသည်။ ကျွန်ုပ်သည် ကျွန်ုပ်အတွက် သုံးမည်မဟုတ်။ သို့သော် သင်တို့အတွက်သာ ကျွန်ုပ်အသုံးတော်ခံမည်’ ဟုဖြစ်သည်။ (ဒု ကော် ၁၂း၁၄) ယနေ့ပွဲနေ့ရှင်၏ မနားမနေ လုပ်ဆောင်သော တမန်တော် လုပ်ငန်းများကိုသာကြည့်၍ အကယ်၍ ယနေ့ပွဲနေ့ရှင်သည် အခွင့်အရေးသာ ရခဲ့ပါမူ ဆိတ်ငြိမ်ခြင်းနှင့် ဆုတောင်းခြင်း အသက်တာကို ကောင်းစွာ လုပ်နိုင်ပေမည်ဟု အချို့မှတ်ချက် ပြုကြသည်။ အမှန်မှာ ယနေ့ပွဲနေ့ရှင်သည် ထိုအသက်တာကို ရှုပ်ထွေးသော တစ်နေ့တာအတွင်း နေ့စဉ်ပြုလုပ်နေခဲ့သည်ကို မသိလိုက်ကြပေ။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

  

ရဟႏာၱ