ယနေ့ပွဲနေ့ရှင်သည် ဂျက်ဆွီစ်အသင်း၀င် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ သူနှင့်အခြား သူ၏အဖော် (၂၄)ပါးတို့သည် ကက်သလစ်ကို မကြိုက်သော အစိုးရအုပ်ချုပ်နေသည့် မက်ဆီကိုနိုင်ငံ၌ သာသနာပြု နေကြရသူများ ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ ကက်သလစ်ဘာသာကို သက်၀င်ယုံကြည်မှု အားယုတ်စေရန် နည်းလမ်းမျိုးစုံကို အသုံးပြုရန် ဆုံးဖြတ်ထားသည်။ ဘုရားကျောင်းများ၊ ကျောင်းများ၊ ရဟန်းဖြစ် သင်တန်းကျောင်းများကိုလည်း အတင်းအကြပ် ပိတ်စေခဲ့သည်။ ပြည်ပမှရောက်ရှိ သာသနာပြုသူများအား နိုင်ငံမှ နှင်ထုတ်ခဲ့ကြသည်။ ဤသို့သော နိုင်ငံရေး အခြေအနေမျိုး၌ ယနေ့ပွဲနေ့ရှင်နှင့် သူ၏အပေါင်းအပါများသည် ရဟန်းဖြစ်သင်ကျောင်းကို Totatiche, Jalisco ၌ လူမသိသူမသိ ဖွင့်လှစ်သင်ကြား မွေးထုတ်ပေးခဲ့သည်။ မည်သည့်ဘာသာရေး ၀တ္တရားကိုမဆို ပေါ်ပေါ်တင်တင်လုပ်၍ မရတော့ဘဲ တိုးတိုးတိတ်တိတ်သာ ဆောင်ရွက်ရတော့သည်။ ထိုကာလ (၁၉၂၄-၁၉၂၈) ၌ မက်ဆီကိုနိုင်ငံကို အုပ်ချုပ်သော သမတ္တမှာ Plutarco Calles ဖြစ်သည်။
၄င်းတို့အနက် (၃) ဦးမှလွှဲ၍ ကျန်သူများ အားလုံးသည် သာသနာပိုင် ရဟန်းများ ဖြစ်ကြပြီး၊ တရားတော်အတွက် ရက်ရက်စက်စက် ကွပ်မျက်ခံခဲ့ရသည်။ ကျန် (၃) ဦးမှာ ကက်သလစ် ဘာသာ၀င်များ ဖြစ်ကြသည်။ ၄င်းတို့သည် ၄င်းတို့၏ သိုးထိန်းဖာသာရ် Luis Batis နှင့်အတူ တရားတော်အတွက် စတေးခဲ့ကြသည်။ သူတို့သည် ‘Cristero’ အသင်း၌ တက်ကြွစွာ ပါ၀င်သူများ ဖြစ်သည်။ ၄င်းတို့သည် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှကို ခရစ္စတူးသခင်အတွက်၊ ဧ၀ံဂေလိတရားနှင့် သာသနာတော်ကြီး ပြန့်ပွားရေးအတွက်သာ ဖြစ်သည်။ မက်ဆီကို အစိုးရအနေဖြင့် ဆေးကြောခြင်း ခံယူသူများ၊ မစ္ဆားတရား ပူဇော်ခြင်း၌ ပါ၀င်သူများအား ရာဇ၀တ်မှုအဖြစ် သတ်မှတ် အပြစ်ဒဏ် ပေးခဲ့သည်။ ဤဓမ္မအာဇာနည်များသည် တစ်ရက်တည်း၊ တစ်ချိန်တည်း၌ ကွပ်မျက်ခံခဲ့ရသည် မဟုတ်ဘဲ၊ (၂၂) နှစ် ကာလအတွင်း မက်ဆီကိုနိုင်ငံ၏ ပြည်နယ် (၈) ခု၌ အသီးသီး ကွပ်မျက်ခံခဲ့ရသူများ ဖြစ်ကြသည်။ ဤပြည်နယ် ရှစ်ခုအနက် Jalisco နှင့် Zacatecas ပြည်နယ်၌မူ အများဆုံး ကွပ်မျက် ခံခဲ့ရသည်။ ၄င်းတို့အား (၁၉၉၂) ခုနှစ်၌ သူတော်မြတ်များအဖြစ် တင်မြောက်ခဲ့ပြီးနောက် (၈)နှစ်အကြာ (၁၉၉၉) ခုနှစ်၌ ရဟန္တာများအဖြစ် တင်မြောက်ခဲ့သည်။
ဓမ္မအာဇာနည်များသည် ညှဉ်းပမ်းနှိပ်စက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ကြသည်။ သို့သော် အမှန်တရားကို ငြင်းပယ်ရသည် အထိကိုမူ ၄င်းတို့ ရှောင်ရှားလေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကြည်လင်သော လိပ်ပြာသည် ရှည်လျားသော အသက်တာထက် ပို၍တန်ဖိုးရှိသည်။ မတရားညှဉ်းပမ်း နှိပ်စက်ခြင်းနှင့် ကြုံရသောအခါ အမှန်တရားကို ပြတ်ပြတ်သားသား ရပ်တည်မည်ထက် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် အလဲအလှယ် (သို့) အလျော့အတင်းလုပ်ရန် အတွေးစိတ်ကူးများ ဖြစ်ပေါ်လာတတ်သည်။ ဤသို့သော အခြေအနေမျိုး၌ မိမိတို့အသက်ကိုကယ်ရန် အမှန်တရား၊ မိမိတို့၏ ယုံကြည်ခြင်းကို ငြင်းဆန်ခြင်းကား ဘ၀၏ အမှန်အကန် တန်ဖိုးလေလော။ ယေဇူးသခင်၏ နောက်လိုက်ဖြစ်ရန်ထက် လက်ရှိခေတ်ရေစီးကြောင်းအတိုင်း မျောပါရန်မှာ ပိုလွယ်ကူပြီး၊ သက်တောင့်သက်သာ ရှိလှပါသည်။ ရဟန္တာများ၏ အသက်တာ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာကို အဘယ်သို့ ရွေးချယ်ရှင်သန် ကြရမည်ကို တရားအလင်း ပေးနေသည်။ အထူးသဖြင့် တရားတော်နှင့် ယှဉ်၍ စိန်ခေါ်သည့် အခြေအနေများ၌ ကျွန်ုပ်တို့၏ဘ၀ကို အဘယ်သို့ရွေးချယ် ရှင်သန်မည်ကို ဆင်ခြင်စေပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)