(၁၀) ရာစုနှင့် (၁၁) ရာစု အစောပိုင်းသည် အမိသာသနာတော်ကြီးအတွက် အမှောင်လွှမ်းသော ခေတ်ကာလ ဖြစ်ခဲ့သည်။ ဤသို့ဖြစ်ရသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ ရဟန်းမင်းကြီး အမှုတော်ဆောင်ခြင်းသည် သာသနာတော်ကြီး၏ အမှုတော်ကို ဆောင်ခြင်းထက် ရောမလူမျိုး မိသားစုများစွာ၏ ခိုလှုံရာတစ်ခု ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ (၁၀၄၉) ခုနှစ်၊ ရဟန်းမင်းကြီးလေအို (၉) ရဟန်းမင်းကြီးအဖြစ် အမှုတော် ထမ်းဆောင်သောအခါ ဤအခြေအနေသည် ပြောင်းလဲ သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အမိသာသနာတော်ကြီး၏ ဖွဲ့စည်းပုံနှင့် မညီသောနေထိုင်မှု၊ ဦးဆောင်မှုများကို ပြုပြင်ပြောင်းလဲခဲ့သူ ဖြစ်သည်။ ရဟန်းမင်းကြီး လေအို (၇) သည် သူနှင့်အတူ Hildebrand ဟုခေါ်သည့် အသက်ငယ်ရွယ်သော ရသေ့တစ်ပါးကို သူ၏ကူဖော်လောင်ဖက် အဖြစ်လည်းကောင်း၊ အကြံပေးသူ အဖြစ်လည်းကောင်း ရောမသို့ သူနှင့်တစ်ပါတည်း ခေါ်လာခဲ့သည်။ ထိုရသေ့ငယ်လေးသည် နောက်ပိုင်း၌ ယနေ့ပွဲနေ့ရှင် ဖြစ်လာခဲ့သည်။
ယနေ့ပွဲနေ့ရှင် ရဟန်းမင်းကြီးအဖြစ် အမှုတော် ထမ်းစဉ်ကာလ၌ သာသနာတော်ကြီးအား ဆိုးရွားစွာ အခက်အခဲ (၃) ခု ကြုံတွေ့စေခဲ့သည်။ (၁) ဘုရားနှင့်ဆိုင်သော ရာထူးရာခံများ၊ ၀တ္ထုပစ္စည်းများကို ရောင်းကုန်သဖွယ် ရောင်း၀ယ်ခြင်း၊ (၂) သံဃာတော်များအား တရားမ၀င်သော လက်ထပ်ထိမ်းမြှားခြင်းကို ခွင့်ပြုခြင်း (မှတ်ချက်။ ။သာသနာတော်ကြီး၏ အစောပိုင်းကာလ၌ သံဃာတော်များ တရား၀င် တစ်လင်တစ်မယား လက်ထပ်ခွင့် ပြုခဲ့သည်။ မိသားစုအရေးနှင့် သာသနာ့အရေး ရှုပ်ထွေးလာမှု၊ သာသနာ့အမှု၌ အကျင့်ပျက် ခြစားမူများ ရှိလာသောကြောင့် သံဃာတော်များ လက်ထပ်ခွင့်ကို ပြန်လည် ရုတ်သိမ်းခဲ့သည်။) (၃) သာမန်ဘာသာတူများအား သာသနာ့အရေး၌ ထဲထဲ၀င်၀င် ပါ၀င်ခွင့်ပြုခြင်း (ဘာသာရေး ခေါင်းဆောင်များအား အမှုတော်ဆောင် တာ၀န်များ ပေးအပ်ရာ၌ ဘုရင်များ၊ အထက်တန်းလွှာများ၊ ငွေရှင်ကြေးရှင်များ ၀င်ရောက်စွက်ဖက်မှုများ ပြုလုပ်လာသည်။) တို့ဖြစ်သည်။ ဤအရှုပ်ထုပ် ပြဿနာများ အားလုံးကို ယနေ့ပွဲနေ့ရှင်သည် ထိုစဉ်က သာသနာကို ဦးဆောင်နေသော ရဟန်းမင်းကြီး လေအို (၇) အား
တင်ပြခဲ့သည်။
ပွဲနေ့ရှင်သည် သူကိုယ်တိုင် တစ်ချိန်က ရဟန်းမင်းကြီး၏ အကြံပေးသူ ဖြစ်ခဲ့ပြီး၊ ယခုသူကိုယ်တိုင် ရဟန်းမင်းကြီး ဖြစ်လာသောအခါ ရဟန်းမင်းကြီး၏ ဂုဏ်သိက္ခာကို ယေဇူးသခင် လွှဲအပ်ပေးခဲ့သည့်အတိုင်း ပြန်လည် ဖော်ထုတ်ခဲ့သည်။ ‘ရောမဂိုဏ်းချုပ် သာသနာ၏ သာသနာပိုင်လည်းဖြစ်ပြီး၊ သာသနာတော်ကြီး တစ်ခုလုံးအတွက် ရဟန်းမင်းကြီးလည်း ဖြစ်သူသည် ယေဇူးသခင်၏ ကိုယ်စားလှယ် ဖြစ်သကဲ့သို့ လောက၌ရှိ မြင်တွေ့နိုင်သော အမိသာသနာတော်ကြီး၏ စည်းလုံးခြင်းတည်ရာ ဗဟိုဌာနဖြစ်သည်’ ဟု စာရေး ထုတ်ပြန်ခဲ့သည်။ ယနေ့ပွဲနေ့ရှင်သည် ရောမဘုရင်ဟင်နရီ (၄) နှင့် ဘာသာရေးကိစ္စ၌ နိုင်ငံရေး ၀င်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ အချိန်တော်ကြာ အငြင်းအခုန် ဖြစ်ခဲ့သူဟုလည်း လူသိများသည်။ အဘယ်ကြောင့်ဆိုသော် အမှန်တရားနှင့် ပက်သက်လာလျှင် ဘုရင်ဖြစ်စေ၊ မင်းဖြစ်စေ ပြောဆိုတင်းခံသင့်က တင်းခံရမည် ဖြစ်သည်။ အဆိုပါ ရောမဘုရင် ဟင်နရီ (၄) သည် သာသနာအတွင်း၌ ဆရာတော်မြောက်ခြင်းနှင့် ပတ်သက်၍ သူတင်မြောက်လို၊ သူချုပ်ချယ် လွှမ်းမိုးနိုင်သော သူများကိုသာ ရွေးချယ်ခန့်ထားရန် ၀င်ရောက်စွက်ဖက် လာသောကြောင့် ဖြစ်သည်။
ပွဲနေ့ရှင်သည် အမိသာသနာတော်ကြီး၏ ဧ၀ဂေလိ တရားတော်နှင့်အညီ တရားမျှတစွာ လုပ်ဆောင်နေမှုကို ၀င်ရောက်စွက်ဖက်သည့် မည်သူ့ကိုမဆို သတ္တိရှိရှိ ပြန်လည်ခုခံခဲ့၊ ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် ဘုရင်တို့၏ ဖိနှိပ်မှုများကို ခံခဲ့ရပြီး၊ ရဟန်းမင်းကြီး၏ တမန်တော် စံအိမ်၌ပင် မနေနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့ဖြင့် သူသည် ဘုရင်၏ရာဇသံကို တိမ်းရှောင်နေစဉ်၌ပင် ပျံလွန်တော်မူခဲ့သည်။ သူက ‘ကျွန်ုပ်သည် အမှန်တရားကို ချစ်မြတ်နိုး၏။ သမာသမတ်မကျသော လုပ်ရပ်ကို အလွန်ရွံ့ရှာသည်။ ထို့ကြောင့် ကျွန်ုပ်သည် ပြည်ပြေးဘ၀ဖြင့် ပျံလွန်ရသည်’ ဟု ဤသို့ ပြေးနေရသော်လည်း ၀မ်းမနည်း။ ဂုဏ်ယူစွာဖြင့် တိုက်ပွဲ၀င်ရင်း ပျံလွန်ခဲ့သည်။ ပွဲနေ့ရှင် အသက်ပေး၍ တိုက်ပွဲ၀င်ခဲ့သော ဘုရင်များ၊ အာဏာရှင်များ၊ အထက်တန်းလွှာများ၊ ငွေကြေးပြည့်စုံသော အသိုင်းအ၀ိုင်းများ ဘာသာရေး၌ ၀င်ရောက်စွက်ဖက် ချယ်လှယ်မှုကို သူပျံလွန်ပြီး နှစ် (၃၀) ကြာပြီးမှသာ အောင်ပွဲ ဆင်နိုင်ခဲ့သည်။ အဘယ်မျှ အမြစ်တွယ်နေခဲ့သည်ကို သိနိုင်ပါသည်။ အဘယ်မျှ ဆိုးရွားသည်ကိုလည်း ဆင်ခြင်နိုင်ပါသည်။
ယနေ့ပွဲနေ့ရှင်၏ ပြန်လည် ပြုပြင်မှုလမ်းကြောင်းသည် အမိသာသနာတော်ကြီးအတွက် အရေးကြီးပြီး၊ သမိုင်း၀င်သော မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သာသနာအတွင်းမှ ခေါင်းဆောင်များနှင့် ပူးပေါင်းပြီး ချယ်လှယ်ခြင်း၊ အနိုင်ကျင့် ဗိုလ်ကျခြင်း၊ အကျင့်ပျက် ခြစားခြင်းကို သာသနာအတွင်းမှ တိုက်ထုတ်နိုင်ခဲ့သည်။ ယနေ့ပွဲနေ့ရှင်သည် ယေဇူးသခင် အမွေပေးခဲ့သော လောကပေးသည်နှင့် မတူသော စည်းလုံးခြင်းကို ပြန်လည် အရယူပေးခဲ့သည်။ ရောမဂိုဏ်းချုပ် သာသနာပိုင်လည်းဖြစ်၊ ကမ္ဘာတစ်၀န်းလုံးအား ဦးဆောင်ရသော ယေဇူးသခင်၏ ကိုယ်စားလှယ်ဂုဏ်ကို ပြန်လည်ဆည်တင် ပေးနိုင်ခဲ့သည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)