သံတာမာရီးယား မာဒါလေနားသည် သက္ကရာဇ် ၁၅၆၆-ခုနှစ်တွင် အီတလီပြည် ဖလော်ရင့်စ် (Florence)မြို့၌ အလွန်ထင်ပေါ် ကျော်ကြားသော မိသားစုတစ်ခုမှ မွေးဖွားခဲ့သည်။ အသက် ၁၆-နှစ်အရွယ်တွင် သူမ၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် သူမမိဘများ၏ ကြိုးပမ်းချက်များကို ခုခံငြင်းဆိုလျှက် ဖလော်ရင့်စ်ရှိ ကာမယ်လိုက် သီလရှင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ သီလသည်တို့၏ ဝတ်ရုံသင်္ကန်း လက်ခံဝတ်ရုံ ပြီးသောအခါတွင် သူမ၏နှလုံးသားသည် ခရစ်တော်အတွက် ဒုက္ခခံထမ်းလိုသော ထက်သန်သည့် ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်ခါသော် သူမသည် အသဲအသန် ဖျားနာသောအခါ သူမ၏ အဖော်သီလရှင် တစ်ပါးက “မေရီ သင်ဘာကြောင့် ဤကဲ့သို့ ပြင်းထန်သည့်ဝေဒနာကို တစ်ချက်ကလေးမျှ ညည်းညူခြင်း မရှိဘဲ ခံထမ်းနိုင်ရတာလဲ” ဟု မေးမြန်းခဲ့သည်။ မာရီးယားသည် သခင်ယေဇူးပုံပါ ခရူစူးတိုင်ကို ညွှန်ပြလျှက် “ခရစ်တော်၏ နာကျင်မှု ဒုက္ခဝေဒနာများကို စိတ်ထဲ၌ ပြန်၍သတိဖော်ပြီး မိမိ၏ကိုယ်ပိုင်ဒုက္ခများကို ခရစ်တော်၏ ဒုက္ခစရိယာ ခံထမ်းခြင်းအားဖြင့် ဘုရားသခင်ထံ ပူဇော်သောသူများသည် သူတို့၏ဝေဒနာများက ချိုသာပြီး၊ နှစ်လိုဖွယ် ဖြစ်သည်ကို တွေ့ရှိကြသည်” ဟုဆိုခဲ့သည်။ သူမ၏ အနာဂတ်ဟောခြင်းနှင့် ဧကဂ္ဂကျခြင်း ကျေးဇူးတော်နှင့်အတွင်း စုံစမ်းနှောင့်ယှက်ခံရမှုများနှင့် ဝိညာဉ်ရေး ခမ်းခြောက်ခြင်းတို့သည် တလှည့်စီ အလှည့်ကျ ဖြစ်ပေါ်နေသည်။ တစ်ခါသော် သူမသည် ၅-နှစ်တိုင်တိုင် မျှော်လင့်ချက်ကင်းသော အခြေအနေမျိုးကို ဖြတ်သန်း နေထိုင်ခဲ့ရသည်။ သို့သော် သူမ၏ ဘုရားသခင်အပေါ် ထားရှိသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းများ ဆုံးရှုံးခြင်း မရှိပေ။ သူမ၏ဆုတောင်းခြင်းများ၊ နာညောင်းခြင်း မခံရလျှင်သော်မှ သူမသည် ဝမ်းမြောက်ကြည်နူးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အဆိုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါစေဟု ဆန္ဒရှိသောကြောင့် ဖြစ်သည်။ မာရီးယားမာဒါလေနားသည် သူမ၏ ဆုတောင်းပတ္တနာများနှင့် ခြိုးခြံခြင်းများကို ကမ္ဘာလောကကြီး ပြောင်းလဲရန်အတွက်နှင့် အသင်းတော်အတွင်း ပြန်လည် ပြုပြင်ခြင်းများအတွက် ပူဇော်အပ်နှံခဲ့သည်။ သူမဘဝ၏ နောက်ဆုံးသော သုံးနှစ်ကို ကုတင်ပေါ်တွင် လှဲနေခဲ့ရပြီး သက္ကရာဇ် ၁၆၀၇-ခုနှစ်တွင် သူမကွယ်လွန်ခဲ့သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)