ယနေ့ပွဲနေ့ရှင်မှာ စိန့်ဖိလစ်နေရီ ဖြစ်ပါသည်။ သူသည် ရဟန်းတစ်ပါး ဖြစ်ပါသည်။ သူ့အား ‘ပျော်ရွှင်ခြင်း၏သူတော်စင်’ ဟုလည်း ခေါ် ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ပျော်ရွှင်တတ်သူ၊ ပျော်ရွှင်အောင် လုပ်ပေးတတ်သူ ဖြစ်ပါသည်။ သူ့အား အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ၁၅၁၅ ခုနှစ်၌ မွေးဖွား သန့်စင်ခဲ့ပါသည်။ ထို့နောက် ရောမမြို့တော်ကြီးသို့၊ အသက်အရွယ် ၂၆နှစ်တွင် ရောက်ရှိလာခဲ့ပြီးနောက်၊ ရောမမြို့မှ ထွက်ခွာခြင်း မပြုတော့ပေ။ ၁၅၂၇ ခုနှစ်တွင် ရောမမြို့သည် ပြည်တွင်းစစ်ဒဏ်ကြောင့် မွမွကြေခဲ့ရသောကြောင့် အလွန်စိတ်မကောင်းဖွယ် မြင်ကွင်းများဖြင့် ပြည့်နက်လျှက် ရှိခဲ့ပါသည်။
စိန့်ဖီလစ်သည် ကျန်းမာရေး ချို့တဲ့သူများ၊ အကျဉ်းကျခံနေရသော အကျဉ်းသားများအား သွားရောက် လည်ပတ်လေ့ရှိသည်။ ထို့အတူ ကလေးများအား စာသင်ပေးခြင်း၊ အာပတ်ထိုင်ဖြေပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ စိန့်ဖိလစ်နေရီသည် ဘာသာရေး အသိပညာပေးရေးကို ဇောက်ချလုပ်ကိုင်မည့် ရဟန်းအသင်း တစ်သင်းကိုလည်း တည်ထောင်ခဲ့ပါသည်။ သူသည် ရောမမြို့၌ရှိသော ဘာစီးလီကာ (၇)သို့ လမ်းလျှောက်၍ သွားရောက် ဖူးမျှော်ရသည်ကို နှစ်ခြိုက်သူ ဖြစ်ပါသည်။ သူသည် သက်တော် ၈၀ တွင် ပျံလွန်ခဲ့ပြီး ၁၆၂၂ ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြောက်ခြင်း ခံခဲ့ရသည်။ သူသည် ရောမမြို့သူ မြို့သားများနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကက်သလစ်များအပေါ် ယနေ့ထိ လွှမ်းမိုးနေဆဲ ရှိပါသည်။
ယနေ့ပွဲနေ့ရှင် ဖိလစ်နေရီနှင့် စာရေးသူ အမှတ်ရစရာ ...စာရေးသူ မိမိအကြောင်း ရေးတော့မည်ဆိုတိုင်း မျက်ခုံးလှုပ်၊ လိပ်ပြာလွှင့်၊ ရင်တုန်၊ ပန်းတုန် ဖြစ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ရှေးလူကြီးတို့၏ ဆိုဆုံးမသော စကားများစွာကို မမှတ်မိသော်လည်း ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဟူသော ဆုံးမစကားသည် စာရေးသူ၏ ထုံထိုင်းလှသော ဦးနှောက်ထဲမှ ထုတ်မရ၊ ဖျက်မရ ဖြစ်နေပါသည်။ မည်သို့ဆိုစေ မဟုတ်မတရား၊ ချဲ့ကား၍ ကိုယ့်ဂုဏ်ဖော်၊ သူများကို ခွကျော် တင်နင်းခြင်း မဟုတ်လေရာ အကြွားသန်မည် ဖြစ်သို့သော်လည်း တရားလည်း မှန်ပေမည်။
ကက်သလစ် သာသနာတော်ကြီးသည် နှစ်စဉ် မေလ ၂၆ ရက်နေ့၌ အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့သား ရှင်ဖိလစ်နေရီ၏ပွဲနေ့ကို ကျင်းပလေ့ ရှိသည်။ သူ၏ပွဲနေ့ ရောက်လာလေတိုင်း ကလေးများနှင့်အတူ အဖော်ပြုရင်း ကစားခဲ့သော နေရာလေးကို စာရေးသူ ပြန်လည် အောက်မေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို စာရေးသူ နှစ်နှစ်တာ ဖြတ်သန်း သွားလာခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။ ထိုနေရာသည် စာရေးသူ အီတလီနိုင်ငံ၊ ရောမမြို့သို့ တော်လှ၍မဟုတ်၊ မထင်ပေါ်၍ အပို့ခံခဲ့ရသော ပညာတော်သင်သွားစဉ် နှစ်နှစ်တာ တည်းခိုခဲ့ရသော Collegio San Pietroရှင်ပေတရု၏ တည်းခိုဆောင်နှင့် ခဲတစ်ပစ်စာ (အားကောင်းမောင်းသန်သော အမျိုးသားတို့၏ ခဲတစ်ပစ်စာကို ဆိုလိုပါသည်) အကွာတွင်သာ ရှိပါသည်။ ထိုနေရာကို Giannicolo ဟုခေါ်ပါသည်။ အလွန်သာယာပြီး ရောမမြို့၏ရူခင်းကို မက်မက်မောမော ရှုစားနိူင်သော ရှုခင်းသာ ဖြစ်ပါသည်။ အစားအသောက်၊ အနေအထိုင်မှာ စာရေးသူနှင့် တည့်ပါသည်။ (ထိုနေရာသို့ ဘာသာစကား အခက်အခဲ၊ ကျောင်းသင်ခန်းစာ အခက်အခဲများ ရှိလာသည့်အခါ၊ စိတ်ပြေလက်ပျောက် လမ်းလျှောက်၍ သူ၏အငွေ့အသက်ကို ပြန်လည်ရှုရှိုက်ပြီး အားယူပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ရဟန္တာအဖြစ် သာသနာတော်က ဂုဏ်ပြုချီးမြောက် နေသော်လည်း သူ့ခေတ်သူ့အခါက အလွန်ဆိုးရွားစွာ ဘဝကိုရုန်းကန်ရင်း ရောမမြို့တွင် ကျောတစ်ချစာရအောင် ဖန်တီးယူခဲ့ရရှာသည်။ သို့သော် သူစိတ်မပျက်ခဲ့။ စာရေးသူမှာ စားရန် အသင့်၊ အိပ်ရန်အသင့်၊ စာသင်ရန်အသင့်၊ စာများကို လေ့လာမှတ်သားရန်သာ အားစိုက်ထုတ်စရာ လိုသည်။ ထိုမျှသောလုံ့လကိုပင် မစိုက်ထုတ်နိုင်သလောဟုတွေးပြီး သောကများကို ထိုတောင်ဂမူဆီသို့ တိုးဝှေ့လာသော လေပြေလေညှင်းများကို အားပါးတရ ရှုသွင်းပြီး အေးမြသွားအောင် ကုစားရသည်။ မောင်းထုတ်ရသည်။
ကလေးများနှင့် ရှင်ဖိလစ်နေရီ သွားရောက်ကစားလေ့ရှိသော နေရာကို Gianni Colo ဟုခေါ်ပါသည်။ နောက်တစ်ခေါက် သွားခွင့်ကြုံခဲ့သော် မှတ်တမ်း အသေအချာ ရိုက်လာပါမည်။ စာသင်သားဘဝက ကင်မရာမဆိုနှင့် အလွန့်အလွန် လိုအပ်လှသော အိတ်ဆောင် ကွန်ပျူတာပင် မသုံးနိုင်၍ မိတ္ထူခ (သို့) လက်ညောင်းချိနေအောင် စာကူးခဲ့ရသည်။ ထို့ကြောင့် ထိုသမိုင်းဝင်သော နေရာများကို မှတ်တမ်းမှတ်ရာ မတင်နိုင်ခဲ့သည်ကို တသနေမိပါသည်။ တစ်ခါတစ်ခေါက် ထပ်မံရောက်ခွင့် ကြုံရပါစေဘုရား ဆုတောင်းနေမိပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)