ဆုတောင်းခန်း၊ ဝတ်ပြုခန်းများကို တည်ထောင်သူဖြစ်သော သံဖိလစ်နေရီသည် သက္ကရာဇ် ၁၅၁၅-ခုနှစ်တွင် အီတလီပြည် ဖလော်ရင့်စ်မြို့၌ မွေးဖွားခဲ့သည်။ ကလေးဘဝမှစ၍ သူ၏ကျိုးနွံနာခံလွယ်ခြင်း အတွက်ကြောင့် Pippo Buono- “ကောင်းသော ဖိလစ်ကလေး” ဟု ခေါ်ခြင်းခံရသည်။ အသက် ၁၈-နှစ်အရွယ်တွင် အံ့ဘွယ်အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ရအပြီးတွင် တိတိကျကျ ရေရေရာရာ အစီအစဉ် မရှိဘဲလျှက် ဘုရားသခင်၏ မြော်မြင်စီမံတော်မူခြင်း၏ လမ်းညွှန်မှုကို လုံးလုံးလျားလျား ယုံကြည်လျှက် ရောမားမြို့သို့ ထွက်ခွာခဲ့သည်။ ဘဝရဲ့လိုအပ်ချက်များ ဗလာနတ္တိနှင့် အိမ်ထပ်ခိုးပေါ်တွင် ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရသည်။ ဆုတောင်းမေတ္တာကို အဆက်မပြတ်ပြုသည်။ သူ့အိမ်ရှင်၏ ကလေးများကို စာသင်ပေးရင်းဖြင့် ဒဿနိကဗေဒဆိုင်ရာနှင့် ဓမ္မဗေဒဆိုင်ရာပညာများကို စတင်ဆည်းပူးခဲ့သည်။ သူသည် အလားအလာကောင်းသော ပညာရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ သို့သော် ရုတ်တရက် သူ၏စာအုပ်များကို ရောင်းလိုက်၍ စာရိတ္တပျက်ပြားနေသော ရောမမြို့ကြီးကို ပြန်လည်သာသနာပြုရန် စတင်ခဲ့သည်။ သူသည် ဟာသဉာဏ်ရွှင်ရွှင်ဖြင့် စျေးနေရာများသို့သွား၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို ဟောပြောလေ့ရှိသည်။ သူ၏ထုံးစံဖြစ်သော နှုတ်ဆက်စကားကတော့ “အေး၊ ညီအစ်ကိုတို့၊ ကျွန်ုပ်တို့ကောင်းရာ မွန်ရာတွေလုပ်ဖို့ ဘယ်အချိန်မှာ စတင်ကြမလဲ” ဟူ၍ဖြစ်သည်။ သက္ကရာဇ် ၁၅၄၈-ခုနှစ်တွင် မွန်မြတ်သော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား၏ ညီအစ်ကိုများအသင်းကို တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်ကတော့ ဘုရားဖူးများနှင့် နာမကျန်းဖြစ်သူများအား အစေခံရန်ဖြစ်သည်။ သူနှစ်သက်သော သဒ္ဓါကြည်ညိုမှုများထဲတွင် ဘုရားရှိခိုးကျောင်း ခုနှစ်ကျောင်းသို့ အလည်အပတ် သွားရောက်ခြင်းနှင့် ကိုယ်တော်မြတ်ကို နာရီလေးဆယ် ဖူးမြော်ခြင်းတို့ ပါဝင်သည်။ သက္ကရာဇ် ၁၅၄၄-ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲ အဖိတ်နေ့ညနေတွင် သံဆေဘက်စတင်း (Sebastine)၏ ဥမင်လိုဏ်ခေါင်း သင်္ချိုင်းဂူတွင် ဆုတောင်းနေစဉ် မီးပွားတစ်ပွင့်သည် သူ၏ပါးစပ်မှတဆင့် ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်၍ သူ၏ရင်ကို ကြီးလာစေသည်။ သူသည် ဤကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်နှင့် အလျှံပယ်ပြည့်နှက်လျှက် “လုံလောက်ပါပြီ၊ အိုသခင် တပည့်တော် နောက်ထပ်ခံနိုင်စွမ်း မရှိတော့ပါ” ဟုဟစ်အော်လိုက်သည်။
အသက် ၃၆-နှစ်အရွယ်တွင် သူ၏ဝိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးကို နာခံလျှက် ရဟန်းသိက္ခာကို ခံယူခဲ့သည်။ ထိုနှစ်မှာပင် သူသည် ဗာလီဆဲလ်လာ (Vallicella)ရှိ စန္တာမာရီယား ဘုရားကျောင်းတွင် ဟောပြောခြင်း အဖွဲ့အစည်းကို ထူထောင်ခဲ့သည်။ နောင်တရသူများ၏စိတ်ကို ထိုးထွင်းဖတ်နိုင်သော ကျေးဇူးတော် သူ့မှာရှိပြီး မြောက်များလှစွာသော လူများကို အကျင့် ပြောင်းလဲစေခဲ့သည်။ တစ်မနက်လုံး အာပတ်ဖြေ နားထောင်ပြီးသည့်နောက် ဝိညာဉ်ရေးလမ်းညွှန် ဆုံးမဩဝါဒ ပေးခြင်းဖြင့် ပြုလုပ်လေ့ရှိသည်။ များသောအားဖြင့် ရဟန္တာတို့၏ အတ္တုပတ္တိကို အခြေခံ၍ ဟောပြောသည်။ ထို့နောက် ဘုရားရှိခိုးကျောင်းများသို့ အလည်အပတ် သွားရောက်ခြင်း သို့မဟုတ်လျှင် ညနေပိုင်း ဘုရားဝတ်ပြုခြင်းများသို့ တက်ရောက်ခြင်းကို ပြုလုပ်သည်။ တစ်နေ့တွင် သံဖရန်စစ်ဇေးဗီးယား၏ အတ္ထုပတ္တိကို ဖတ်အပြီးတွင် နိုင်ငံရပ်ခြားသို့ စေတနာအလျှောက် သွားရောက်သာသနာ ပြုလိုစိတ်များ ပေါ်ပေါက်လာသည်။ သို့သော် သူ၏ဝိညာဉ် လမ်းညွှန်ဘုန်းကြီးက မထောက်ခံခဲ့ပေ။
မစ္ဆားတရား ပူဇော်စဉ်တွင် အကြိမ်ပေါင်းများစွာ ဘဝဂ်ဖြစ်၍ ထိုသို့ဖြစ်ခြင်းမှာ အချိန်များစွာ ကြာမြင့်လေသည်။ သက္ကရာဇ် ၁၅၉၅-ခုနှစ်တွင် သူ၏နောက်ဆုံးသော နေ့ရက်ကို အာပတ်ဖြေ နားထောင်ရာတွင် သုံးခဲ့သည်။ ထို့နောက် နောက်ဆုံးကောင်းကြီးပေး၍ “အရာအားလုံး၏ နိဂုံးမှာတော့ ကျွန်ုပ်တို့အားလုံး သေရမှာပဲ” ဟုမြွက်ကြားခဲ့သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)