ယနေ့ပွဲနေ့ရှင်အား ပြင်သစ်နိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ Domremy-Greux ၌ စား၀တ်နေရေး ပြေလည်သော လယ်သမားမိသားစုမှ မွေးဖွားခဲ့သည်။ ပွဲနေ့ရှင်သည် ထူးခြားသောရူပါရုံ ခံရချိန်က သူသည် အသက်(၁၂)သာ ရှိသေးသည်။ ရူပါရုံ၌ သူသည် အသံများကို ကြားလိုက်ရသည်။ ထိုစဉ်က မည်သည့်အသံ ဖြစ်သည်ကို သူမသိခဲ့ပေ။ နောက်ပိုင်း သိလာရသည်မှာ သိကြားတမန်ချုပ် မိုက်ကယ်၊ အလက်ဇန်းဒရီယာမြို့မှ ကက်သရင်းနှင့် အန်းတီအုတ်မြို့မှ မာဂရက်တို့၏အသံ ဖြစ်သည်ကို သိလိုက်ရသည်။
နှစ် (၁၀၀) စစ်ပွဲ၌ ပွဲနေ့ရှင်လည်း ပြင်သစ်စစ်ကြောင်းကို ဦးစီး၍ အဂ်လိပ်တပ်တို့ကို ချေမှုန်းကာ Orléans and Troyes စသောမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ ဤအောင်ပွဲကြောင့်ပင် (၁၄၂၉) Reims မြို့၌ ချားလ်စ် (၇) အား ဘုရင်အဖြစ် သရဖူဆောင်းခွင့် ရစေခဲ့သည်။ ထိုအောင်ပွဲကို ရရှိပြီးနောက် တစ်နှစ်၌ ပွဲနေ့ရှင်အား Compiegne မြို့အနီး၌ ရန်သူများမှ ဖမ်းဆီးမိလိုက်ပြီး၊ အဂ်လိပ်တို့အား ရောင်းချခဲ့သည်။ အဂ်လိပ်တို့က ပွဲနေ့ရှင်အား ဘာသာရေး လွှဲမှားသူ၊ စုန်းအတတ်ကို ပြုလုပ်သူစသော စွဲချက်များဖြင့် စီရင်ချက်ချခဲ့သည်။ အဆိုပါစွပ်စွဲချက်များကို ဘာသာရေး ခေါင်းဆောင်များက ပြုလုပ်ခြင်း ဖြစ်သည်။ ထိုစွပ်စွဲချက်ကို ပွဲနေ့ရှင်အား စီရင်ချက်ရသော ပါရီတက္ကသိုလ်၏ ပါမောက္ခ ကိုယ်တိုင်က Beauvis ၏ဆရာတော်ဖြစ်သော Pierre Cauchon အား မျက်နှာလို မျက်နှာရရန် ဆရာတော်ဖက်မှ ရပ်တည်ထောက်ခံခဲ့သည်။
ပွဲနေ့ရှင်၏စီရင်ချက်၌ Winchester ၏ကာဒီနယ်ဖြစ်သော Henry Beaufort ကိုယ်တိုင်လည်း ပါ၀င် ကြားနာခဲ့သည်။ နောက်ဆုံး၌ မည်သည့်ပြစ်မှုကိုမျှ မချမှတ်နိုင်၍ အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးကဲ့သို့ ၀တ်ဆင်ဟု စွပ်စွဲ၍ ပြည်နှင်ဒဏ် ချမှတ်ခဲ့သည်။ အဂ်လိပ်လူမျိုးသည် ပြင်သစ်စစ်တပ်၏ တိုက်ရည်ခိုက်ရည်အပေါ် မယှဉ်နိုင်သောကြောင့် လက်စားချေသည့် အနေဖြင့် ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ ပြင်သစ်စစ်တပ်ထဲ၌ ယနေ့ပွဲနေ့ရှင်ကိုယ်တိုင်လည်း ပါ၀င်နေသောကြောင့် အခြေအနေသည် ပို၍ဆိုးရွားစေခဲ့သည်။
ပွဲနေ့ရှင်သည် သေဒဏ်ချမှတ်ခံရ၍ (၁၄၃၁) Rouen မြို့၌ မီးတင်ရှို့၍ သတ်ဖြတ်ခဲ့သည်။ သူ၏ပြာများကိုမူ Seine (စိန့်) မြစ်ထဲသို့ ကြဲချခဲ့သည်။ ပွဲနေ့ရှင်အား သတ်ဖြတ်ပြီး (၂၅) နှစ်အကြာ သူ၏အမှုကို ပြန်လည်ကြားနာခဲ့ရာ သူ၏အသတ်ခံခဲ့ရမှုသည် ထိုခေတ်ကာလက နိုင်ငံရေးဖိအား၊ နိုင်ငံရေးအယူအဆကြောင့် မတရားသတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အမှန်မှာ သူသည် ဘာသာရေးအယူအဆ လွှဲသူလည်း မဟုတ်သကဲ့သို့ စုန်းအတတ်များကိုလည်း တတ်ကျွမ်းပြုလုပ်သူ မဟုတ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။ ယနေ့ပွဲနေ့ရှင်ကို သူ၏စစ်စွမ်းရည်များကြောင့် လူသိပိုများကြသည်။ သူသည် စက္ကရာမင်တူးများကို အလွန်ယုံကြည်အားကိုးသူ ဖြစ်သည်။ ထိုယုံကြည်အားကိုးမူကြောင့် ဆင်းရဲနွမ်းပါးသူများကို ပို၍စာနာသနားမိသည်။ ပြင်သစ်နိုင်ငံ၌ (၁၉) ရာစုမှစ၍ သူ့အား ကြည်ညိုမှု တိုးလာခဲ့သည်။ အထူးသဖြင့် ပြင်သစ်စစ်သားများ ပထမကမ္ဘာစစ်ကာလ၌ ဖြစ်သည်။
ပွဲနေ့ရှင်နှင့် ပတ်သက်၍ ဓမ္မတွေးခေါ်ပညာရှင် George Tavard က ‘ပွဲနေ့ရှင်သည် ဆုတောင်းခြင်းနှင့် လက်တွေ့ကို ချိတ်ဆက်ရှင်သန်သော အသက်တာ၏ ဥပမာကောင်းကို ပြသခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူ၏၀ိညာဉ်ရေး အတွေးအမြင်နှင့် ခံယူချက်ကား ‘ကောင်းကင်နှင့်မြေကြီး’ သည် ပေါင်းစည်း နေရမည်ဟု ဖြစ်သည်’ ဟုရေးသားချီးကျူးခဲ့သည်။ ယနေ့ပွဲနေ့ရှင်၏အကြောင်းကို စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သကဲ့သို့ ရုပ်ရှင်၊ ပြဇာတ်၊ တေးသရုပ်ဖော်များလည်း တင်ဆက်ကပြခဲ့ကြသည်။ ယနေ့ပွဲနေ့ရှင်အား နိုင်ငံရေး လက်စားချေရန် သက်သက်အတွက် ဘာသာရေး အယူအဆများဖြင့် စွပ်စွဲမီးရှို့သတ်ခဲ့သည်။ သူ့အား (၁၉၀၉) ခုနှစ်၌ သူတော်မြတ်အဖြစ် တင်မြောက်ခဲ့ပြီး၊ (၁၉၂၀) တွင် ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)