ပထမဦးဆုံး ခရစ်ယာန် ယုံကြည်ခြင်းကို ခုခံချေဆိုသူဖြစ်သော သံဂျက်စတင်းသည် အေဒီ ၁၀၀တွင် ဆမာရီယား၌ ဒိဌိမိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ သူ့အချိန်အခါက ဒဿနပညာရှင်များသည် ဘဝ၏လမ်းကို သွန်သင်ခြင်းထက် အခကြေးငွေ တောင်းယူရာတွင် ပိုမိုစိတ်အား ထက်သန်ကြသောကြောင့် သူတို့သည် သံဂျက်စတင်းကို မကျေမနပ် ဖြစ်ကြသည်။ အသက်(၃၀)အရွယ်တွင် ဓမ္မအာဇာနည်များ၏ ရဲရဲဝင့်ဝင့် အသေခံခြင်းများကို ဟောပြောသက်သေခံပြီးတွင် သူသည် ခရစ်ယာန် အယူဝါဒသို့ ပြောင်းလဲလာခဲ့သည်။ ထို့နောက်မှစ၍ သူ့ဘဝတစ်ခုလုံးကို စာပေလေ့လာခြင်း၌လည်းကောင်း၊ ခရစ်ယာန်ယုံကြည်ခြင်းမျိုးစေ့ ပျံ့နှံ့စေခြင်းငှာလည်းကောင်း မြုပ်နှံခဲ့သည်။ “မသိမိုက်မဲခြင်းကြောင့် အပြစ်ပြုကြသောသူများ၏ အပြစ်ရှိခြင်းနှင့် အပြစ်ဒဏ်ခံရခြင်းများသည် ကျွန်ုပ်တို့အပေါ်သို့ ဘေးဒဏ်မသင့်စေရန်အတွက် ကျွန်ုပ်တို့၏သွန်သင်ချက်များကို လူသိရှင်ကြား ပြုလုပ်ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်ဟု သူကပြောခဲ့သည်။ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ရန်အတွက် သူသည် ခရစ်ယာန်တရားတော်ကို အကျိုးအကြောင်းပြ၍ ကာကွယ်သော စာနှစ်စောင်နှင့် ထရီပို (Trypho)နှင့် အချီအချ ပြောစကားများကို ရေးသားခဲ့သည်။ ထိုစာများတွင် ကနဦးအသင်းတော်၏ ယုံကြည်ခြင်းနှင့် ကျင့်စဉ်များအကြောင်း တန်ဖိုးရှိသော အချက်အလက်များ ပါဝင်လေသည်။
ရောမတွင် စာသင်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ပြီးသောအခါတွင် ဒိဌိဒဿန ပညာရှင်များနှင့် ပရိတ်သတ်ရှေ့တွင် စကားအချေအတင် ပြောဆိုပွဲကို ပြုလုပ်သည်။ သူတို့၏ မသိမိုက်မဲခြင်းနှင့် အဓိပ္ပါယ် အလွဲအမှား ကောက်ယူခြင်းများကို သူသည် အပြစ်တင်ဆိုခဲ့သည်။ သူတို့အထဲမှ ကရက်စ်စန် (Crescens) အမည်ရှိသော အဆိုးမြင်ဝါဒီတစ်ဦးသည် သံဂျက်စတင်းနှင့် အဖော်ခြောက်ယောက်ကို ဖမ်းဆီးခဲ့သည်။ အုပ်ချုပ်သူ ရုစ်တီကု (Rusticus)ဆီသို့ ပို့ဆောင်ကြ၍ သူက သံဂျက်စတင်းအား ဗာဟီရဝါ ဝါဒီတို့၏ နတ်ဘုရားများကို ပူဇော်ပသခိုင်းလေသည်။ “ပုံမှန်စိတ်အခြေအနေမှာရှိသော မည်သူမဆို အမှားအယွင်းအတွက်နဲ့ အမှန်တရားကို ဘယ်သောအခါမှ စွန့်လွတ်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့ သခင်ယေဇူး ခရစ္စတူးအတွက် ဒုက္ခခံထမ်း၍ ကယ်တင်ခြင်းချမ်းသာရခြင်းထက်ပို၍ ကျွန်ုပ်တို့ ဘယ်အရာကိုမျှ မတောင်းဆိုပါ” ဟု သူက ပြောဆိုသည်။ မာကုဩရေလီအု (Marcus Aurelius) နန်းစံစဉ်အခါ သက္ကရာဇ် ၁၆၅-ခုနှစ်တွင် သံဂျက်စတင်းနှင့် သူ၏အဖော်များသည် ခေါင်းဖြတ် အသတ်ခံခဲ့ကြရသည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)