သံချားလ်စ်လောင်ဂါနှင့် သူ၏အဖော် ၂၁ဦးတို့ကို ယူဂါဒန်၏ ကနဦးဓမ္မအာဇာနည်များအဖြစ် ကြည်ညိုလေးစားကြသည်။ သက္ကရာဇ် ၁၈၇၀-ခုနှစ်တွင် ဥရောပတိုက်သား ရဟန်းတော်များ ထိုနိုင်ငံသို့ ရောက်ရှိကြပြီး ဘုရင် မတေဆာ (Mtesa)၏ လက်ထက်တွင် သာသနာပြုလုပ်ငန်းမှာ အကျိုးများစွာ ဖြစ်ထွန်းလေသည်။ သို့သော် သက္ကရာဇ် ၁၈၈၅-ခုနှစ်တွင် ဘုရင် မဝမ်းဂါ (Mwanga) နန်းတက်အုပ်စိုးသောအခါ သူ၏လူမျိုးအကြားတွင် ခရစ်ယာန်အယူကို အမြတ်ပြတ် ချေမှုန်းပစ်ရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းရင်းမှာ ဘုရင်သည် လိင်တူခြင်း စပ်ယှက်မှုကို လိုက်စား၍ ထိုကဲ့သို့သော ကိုယ်ကျင့်တရား ပျက်ပြားသည့် အမူအရာများကို လိုက်လျောရန် ခရစ်ယာန်ကောင်လေးများက ငြင်းဆိုသောကြောင့် သူ့အားလွန်စွာ အမျက်ထွက်လေသည်။ သုံးနှစ်တာကာလကြာမြင့်သော ဤညှင်းပန်းနှိပ်စက်ခြင်း၏ သားကောင်များတွင် ဘုရင့်အမှုထမ်း အကြီးအကဲဖြစ်သော ချားလ်လောင်ဂါနှင့် အခြား ၂၁ယောက်သော ငယ်ရွယ်သည့် အဖော်များပါဝင်ခဲ့ရသည်။ သူတို့အားလုံးသည် ဘုရင့်နန်းတော်မှ ဆွဲထုတ်ခြင်းခံရသည်။ သူတို့သည် ခရစ်ယာန်များအဖြစ် ဆက်လက်ခံယူဖို့ ရည်ရွယ်ချက် ရှိမရှိကို ဘုရင် မဝမ်ဂါ (Mwanga) ကမေးသောအခါ သူတို့အားလုံးက “သေသည့်တိုင်အောင်” ဟု တစ်သံတည်းပြောကြသည်။ တစ်ချို့သည် ဘုရင်ရှေ့မှောက်တွင် ခေါင်းဖြတ်အသတ်ခံကြရပြီး အခြားသောသူများသည် သူတို့၏လည်မျိုကို လှံနှင့်ထိုးဖောက်ခြင်း ခံကြရသည်။ ကျန်ရှိနေသေးသောသူများကို ၃၇-မိုင်အကွာတွင်ရှိသော ညှင်းပန်းနှိပ်စက်ရာနေရာသို့ ခေါ်ဆောင်သွားကြသည်။ သူတို့အထဲမှ သုံးယောက်သည် လမ်းတွင်အသတ်ခံကြရပြီး အသက်ရှင်ကျန်ရစ်သူများသည် ကျူရိုးဖျာနှင့် ရစ်ပတ်၍ မီးတင်ရှို့သတ်ခြင်း ခံခဲ့ကြရသည်။ ကောင်လေးတစ်ယောက်သည် အာဏာပါးကွက်သား အကြီးအကဲဖြစ်သော သူ့ဖခင်၏အမိန့်အရ လည်ပင်းတွင် တစ်ချက်အထိုးခံလိုက်ရပြီး ပထမဦးဆုံး သေဆုံးသွားခဲ့သည်။ ယူဂန်ဒါ၏ ဓမ္မအာဇာနည်များ အားလုံးတို့သည် ယေဇူး၏နာမတော်ကို ခေါ်တ၍ အသက်စွန့်သွားကြသည်။ တဖန် “ဓမ္မအာဇာနည်တို့၏သွေးသည် ခရစ်ယာန်တို့၏ မျိုးစေ့ဖြစ်သည်” ဟူသော တာတူလီးယန်း (Tertullian)၏ စကားများ မှန်ကန်ခြင်းသို့ ရောက်လေသည်။ သူတို့အသေခံသည့်နှစ်အတွင်းမှာပင် ဘာဂန်ဒါ (Baganda) တို့အကြားတွင် ခရစ်ယာန်ဦးရေသည် နှစ်ရာမှ ငါးရာကျော်အထိ တိုးပွားခဲ့ပြီး ဘာသာဝင်ရန် ဘုရားစကားသင်ယူနေသူဦးရေမှာ ရှစ်ရာမှ သုံးထောင်အထိ တိုးပွားခဲ့သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)