ဂျာမဏီနိုင်ငံ၏ တမန်တော်ဖြစ်သော သံဘော်နီဖေ့စ်သည် သက္ကရာဇ် ၆၇၃-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကရေဒီတန် (Cregiton)၌ မွေးဖွားခဲ့သည်။ အသက်ငါးနှစ်အရွယ်တွင် သူ၏အိမ်သို့ အလည်အပတ် လာရောက်ကြသော ရသေ့အချို့၏ စကားစမြည် ပြောဆိုခြင်းကို နားထောင်ပြီးသောအခါ သူ၏ဘဝကို သခင်ဘုရားအား အပ်နှံပူဇော်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။ နာစလင်း (Nursling)ရှိ ဘေနေဒစ် ရသေ့ကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ကျောင်း၏ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ စာပေသင်ကြားရာ၌ သူ၏အရည်အချင်းသည် ပညာရှင် အမြောက်အများကို ဆွဲဆောင်နိုင်ခဲ့ပြီး ထိုသူတို့အတွက် သူသည် ကျော်ဇောသော လာတင်းသဒ္ဒါစာအုပ်ကို ရေးသားခဲ့သည်။ ရဟန်းသိက္ခာတင်ပြီးသောအခါ သမ္မာကျမ်းစာကို အခြေခံသည့် တက်ကြွနှိုးဆော်သော ကျမ်းဖွင့်ဩဝါဒများကို စတင်ရေးသား ဝေငှခဲ့သည်။
သက္ကရာဇ် ၇၁၈-ခုနှစ်တွင် ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂရေဂေါ်ရီမှ ဂျာမဏီတွင် ဧဝံဂေလိတရား ဟောပြောရန်အတွက် အာဏာအပ်နှံခြင်း ခံရသည်။ ဒိဌိတို့၏ အယူသီးခြင်းများကို ယုတ်လျော့စေရန်အတွက် ဂူဒန်ဘာခ် (Gudenberg) တောင်ထိပ်တွင်ရှိသော ဒိုနာ (Dobar)၏ သန့်ရှင်းသော ဝက်သစ်ချပင်ကို ခုတ်လှဲပစ်လိုက်သည်။ ကောင်းကင်မှ အပြစ်ဒဏ်ခပ်ခြင်းကို စောင့်ငံ့နေကြသော လူများသည် သူတို့၏နတ်ဘုရားများက သူတို့၏နတ်ဗိမ္မာန်ကို အကာအကွယ် ပေးနိုင်စွမ်း မရှိကြောင်းကို သဘောပေါက် လက်ခံလာကြသည်။ ထိုအချိန်မှစ၍ သာသနာပြု လုပ်ငန်းသည် ပုံမှန်တိုးတက်လာခဲ့သည်။ ဘုရားကျောင်း အသစ်များနှင့် သီလရှင်ကျောင်းများကို တိုင်းပြည်တစ်ခွင်တွင် တည်ထောင်ခဲ့သည်။ သူ၏လုပ်ဆောင်မှုများကို အသိအမှတ် ပြုသောအားဖြင့် တတိယမြောက် ဂရေဂေါ်ရီက ဘော်နီဖေ့စ်အား မိန်းဇ်၏ ဆရာတော်အဖြစ် ဂျာမဏီ၏ ဂိုဏ်းချုပ်ဆရာတော်မှူးကြီး နာမတပ်ခဲ့သည်။ ဘော်နီဖေ့စ်သည် သူ၏နောက်ဆုံးသော နှစ်များကို နယ်သာလန်တွင် ဒိဌိတို့အား ဧဝံဂေလိ တရားဟောခြင်း၌ အသုံးပြုရန် စိတ်ဆုံးဖြတ်ခဲ့သည်။ သက္ကရာဇ် ၇၅၄-ခုနှစ်တွင် ဒေါ့ခ်ကွမ်တွင် သူ၏တဲအတွင်း၌ ဆိတ်ငြိမ်စွာ ဆုတောင်းနေစဉ် ဒိဌိတစ်စု၏ သတ်ဖြတ်ခြင်းကို သူ၏အဖော်များနှင့်အတူ ခံခဲ့ရသည်။ ထိုဓမ္မအာဇာနည်များကို မြုပ်နှံသဂြိုလ်ရာနေရာ ဖူးဒါ (Fulda) ရသေ့ကျောင်းတွင် ဘော်နီဖေ့စ် အသတ်မခံရမီဆဲဆဲတွင် သူ၏ခေါင်းပေါ်တွင် ကိုင်းမြှောက်ထားသော စာအုပ်ကို ထိန်းသိမ်းထားသည်။ ထိုစာအုပ်သည် ဓားဒဏ်ရာကြောင့် ချိုင့်ဝင်နေပြီး ဓမ္မအာဇာနည်၏သွေးဖြင့် စွန်းပေနေလေသည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)