ရိုမိုလ်သည် ရာမဲနာမြို့၌ မွေးဖွားကြီးပြင်း လာသူဖြစ်သည်။ သူသည် အောနောစ်တီ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ အသက် (၂၀)အထိ သေးငယ်၊ သိမ်ငယ်သောဘဝဖြင့် နေခဲ့သည်။ စိန့်အာပိုလီနာဘေနာ ရသေ့ကျောင်းသို့ ဝင်ခဲ့သည်။ သို့သော် ၉၇၅-ခုနှစ်တွင် တောထွက်ရသေ့ မာရီနူစ်ကို မရမနေ လိုက်ရှာရန် ဆန္ဒရှိလာသည်။ ရသေ့မာရီနူစ်၏ လမ်းညွှန်ခြင်းဖြင့် သဘာဝထက် သာလွန်သော ဘဝကို ဗင်နေချဲမြို့တွင် ပထမကျင့်၍ နောက်ဆုံးတွင် ပီရက်နီ၌ နေထိုင်သည်။ ၉၉၆-ခုနှစ်တွင် အိုတို(၃)က သူ့အား ကာလာစေမြို့ရှိ စိန့်အာပိုလီနာ ရသေ့ကျောင်း၏ အကြီးအကဲအဖြစ် ခန့်ထားခြင်း ခံရသည်။ သို့သော် စိန့်မိုရိုလ်သည် (၃)နှစ် တာဝန်ထမ်းဆောင်ပြီး အီတလီမြောက်ပိုင်း၊ ပြင်သစ်ပြည်တောင်ပိုင်းနှင့် စပိန်ပြည် အရှေ့မြောက်ပိုင်းတို့တွင် ပြန်လည် ပြုပြင်ခြင်း စတင်ပြုလုပ်၍ ရသေ့ကျောင်းများ၊ ဆိတ်ငြိမ်ရာ ရသေ့ဂူများနှင့် စိတ်ပြောင်းလဲရာ ကျောင်းများ တည်ထောင်ပေးသည်။ ယနေ့တိုင် နာမည်ကျော်ကြားသောကျောင်းမှာ ကာမာလ်ဒိုလီရှိကျောင်း ဖြစ်သည်။ ၁၀၁၂-ခုနှစ်တွင် ပထမဦးဆုံး ကမ်ပူးစ်ကာမာရ်လီရသေ့များကို တည်ထောင်သည်။ မြေကွက်ကို မာဒိုလိုစ်က ပေးအပ်လှူဒါန်းသည်။ အမှန်မှာ စိန့်ရိုမိုလ်သည် ဂိုဏ်းသစ် တည်ထောင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ၎င်းသည် နောင်ကာမာဒိုလက်စ် (အော်ဒါ) ဂိုဏ်း၏ မိခင်ဌာနကျောင်း ဖြစ်လာသည်။ ၎င်းသည် ဘေနဒီတင် ရသေ့ဂိုဏ်း လက်အောက်ခံ ဖြစ်သည်။ အနောက်အသင်းတော်၏ ပြုပြင်ပြောင်းလဲသော ဘဝ၏သက်သေ အမှတ်လက္ခဏာ ဖြစ်သည်။ ရသေ့ကျောင်းတွင် အိမ်ကလေးနှင့် အခန်းလွတ်နှစ်ခန်း၊ လုပ်ငန်းခန်း (work-shop)၊ ဥယျာဉ်ခြံငယ် တစ်ခုစီရှိ၍ ၎င်း၌ ဘုရားသခင်အား ဆိတ်ငြိမ်စွာ အစေခံခဲ့သည်။ စိန့်မိုရိုလ် ဂိုဏ်းတည်ထောင် ဘဝအကြောင်းကို စိန့်ပီတာ ဒါမီယာန်က ရေးသားရာတွင် ကမ္ဘာကြီးအား ရသေ့ဘဝသို့ ဆွဲဆောင်စေ၍ လူများကိုလည်း ရသေ့ဖြစ်ရန် ဆန္ဒပြင်းပြစေသည်။ အစကနဦးမှ သူ၏စည်းကမ်း ဥပဒေသည် ကြီးမား၍ ရှေးထုံးစဉ်လာအတိုင်း လက်ဆင့်ကမ်း သွန်သင်ကြသည်။ ခရစ္စမတ်ပွဲနှင့် ပါစကားပွဲအတွက် ကြိုတင်၍ အစာရှောင်၊ ဝါရှောင်၊ ခြိုးခြံခြင်းအား ကြပ်တည်းစွာ ရသေ့များ ကျင့်သုံးသည်။ မုန့်နှင့်ရေလည်း ပါဝင်သည်။ ၎င်းစည်းမျဉ်း ဥပဒေသည် ရာစုနှစ် ကြာလာသောအခါ လျော့ပေါ့ လာကြသည်။ ၁၀၈၆-ခုနှစ်တွင် ကာမာဒိုလက်စ် ကွန်ဗင့်ကျောင်းများ၊ သီလရှင်ဂိုဏ်းအသင်း တည်ထောင် လာကြသည်။ ၎င်းဂိုဏ်းအား တည်ထောင်သူ စိန့်ရိုမိုလ်၏ သင်္ချိုင်းဂူတွင် တန်ခိုးလက္ခဏာ များစွာပြသည်။ သူသေဆုံးပြီး (၅)နှစ်ကြာသောအခါ ၎င်းနေရာတွင် ပလ္လင်ဆောက်ခွင့်ရသည်။ ၁၄၆၆-ခုနှစ်တွင် သူ၏ရုပ်အလောင်းသည် မပျက်စီးဘဲရှိကြောင်း တွေ့မြင်ကြသည်။ ဖါဘရီနိုတွင် ၁၈၈၁-ခုနှစ်မှစ၍ ဌာပနာသွင်းသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)