အမိသာသနာသည် ယနေ့၌ပင် ထပ်လောင်း၍ ပွဲနေ့ရှင် နှစ်ပါး၏ ပွဲတော်ကိုလည်း အမှတ်ရ ကျင်းပပါသည်။ ပွဲနေ့ရှင် နှစ်ပါးအနက် ဂျွန်ဖီရှယ်မှာ ဆရာတော် တစ်ပါးဖြစ်ပြီး၊ ကျန်တစ်ပါးမှာမူ သာမန် ဘာသာတူသာ ဖြစ်ပါသည်။ နှစ်ပါးလုံးသည် အင်္ဂလန်နိုင်ငံမှ ဖြစ်ပြီး မိမိတို့၏ ယုံကြည်ခြင်းအတွက် အသက်စတေး သွားခဲ့ကြသော သက်သေတော်ကြီးများ ဖြစ်ပါသည်။ ဆရာတော် ဂျွန်ဖီရှယ်ကို (၁၄၆၉) ခုနှစ်တွင် မွေးဖွား သန့်စင်ခဲ့ပြီး အင်္ဂလန်တွင် ထိပ်ထိပ်ကြဲ တက္ကသိုလ် တစ်ခုဖြစ်သော ကမ်းဘရေ့ချ်တွင် ရဟန်းဖြစ်လိုသူများ သင်ရမည့် ပညာရပ် (သီသြလောဂျီ)များကို သင်ကြားခဲ့သည်။ ထို့နောက် ရဟန်း သိက္ခာတော်မြတ်ကို ခံယူခဲ့ပါသည်။ သူသည် ရောချက်စတာ၏ ဆရာတော်အဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံခဲ့ရပါသည်။ သူ၏ ဝိညာဉ်ရေး အသက်တာသည် အလွန် ကောင်းမွန်လှပြီး သိုးများအတွက် သိုးထိန်းကောင်း တစ်ပါး၏ပုံရိပ်၊ စိတ်နေစိတ်ထားကို ပြသ ထိန်းကျောင်း နိုင်ခဲ့သူ ဖြစ်ပါသည်။ မကြာခဏ ၎င်း၏ သိုးများထံသို့ သွားရောက်၍ လည်ပတ်လေ့ ရှိသည်။ သူသည် ခေတ်ကာလ၌ ပျံ့နှံ့နေသော မှားယွင်းသည့် အယူဝါဒ (သာသနာ၏ သွန်သင်ချက်နှင့် လွှဲမှားသော သွန်သင်ချက်)များကို မှန်ကန်သော အယူအဆများဖြင့် ရေးသားရင်း ကာကွယ်ခဲ့ပါသည်။ သောမတ်မိုးကို (၁၄၇၇) တွင် မွေးဖွား သန့်စင် ခဲ့ပါသည်။ သူသည်လည်း အင်္ဂလန်နိုင်ငံတွင် နာမည်ကြီးသော အော့စဖိုစ့် တက္ကသိုလ်တွင် ပညာသင်ယူခဲ့သူ ဖြစ်သည်။ အိမ်ထောင်သည် ဖြစ်ပြီး သားတစ်ယောက်နှင့် သမီးသုံးဦး ထွန်းကား ခဲ့ပါသည်။ သူသည် အင်္ဂလန်နိုင်ငံ၏ မော်ကွန်းထိန်း တာဝန်ကို ပေးအပ် ခံထားရသူ ဖြစ်ပါသည်။ ဘာသာရေး သွန်သင်ချက်များကို ကာကွယ်ရန် လွှဲချော်သော လူမှုရေးနှင့် စပ်လျင်းသည့် ကျင့်ဝတ် စိတ်ထားများ အကြောင်းကို ရေးသား ပညာပေးခဲ့သူလည်း ဖြစ်ပါသည်။ ၎င်းတို့ နှစ်ပါးသည် အင်္ဂလန်ဘုရင် ဟင်နရီ (၈)၏ စက္ကရာမင်းတူး မြောက်သော တရားဝင် လက်ထပ်ထားခြင်းကို မင်းအာဏာဖြင့် ကွာရှင်းလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ အမိကက်သလစ် သာသနာတော်၏ သွန်သင်ချက်နှင့် သွေဖီသောကြောင့် အပြင်းအထန် ဝေဖန် ကန့်ကွက်ခဲ့သူများ ဖြစ်ပါသည်။ ထို့ကြောင့် မင်းကြီး၏ အမျက်တော် ရှကာ (၁၅၃၅) ခုနှစ်၊ ဇွန်လ (၂၂) တွင် ဆရာတော် ဂျွန်ဖီရှယ်အား လည်းေကာင်း၊ ဇူလိုင် (၆) ရက်နေ့တွင် မော်ကွန်းထိန်း သောမတ်စ်မိုးအား လည်းကောင်း ကွက်မျက် လိုက်ကြပါသည်။ ဆရာတော် ဂျွန်ဖီရှယ်သည် ထောင်ထဲ၌ အကျဉ်းကျ ခံနေစဉ် ရဟန်းမင်းကြီး ပေါလ် (၃)က သူ့အား ရောမ၏ ရဟန်းအမတ်အဖြစ် ရွေးချယ် တင်မြောက် ခဲ့ပါသည်။ အင်္ဂလန်နိုင်ငံသည် တစ်ချိန် အမိကက်သလစ် သာသနာတော်နှင့် တစ်စုတစ်စည်း ရှိ၍ ရဟန်းမင်းကြီး၏ လမ်းညွှန် သွန်သင်မှုကို အပြည့်အဝ လိုက်နာ၊ လက်ခံခဲ့သော်လည်း ဤကိစ္စကြောင့် အမိကက်သလစ် သာသနာတော်မှ ခွဲထွက်၍ အင်္ဂလန် အသင်းတော်ဟု စတင်တည်၍ ရပ်တည်ခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်ပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)