စိန့်သောမတ်စ်သည် ဂျူးလူမျိုးတစ်ဦး အဖြစ်မွေးဖွားခဲ့ပြီး တမန်တော် (၁၂) ပါးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၏မွေးနေ့နှင့် သေနေ့ရက်စွဲများကို မသိရသေးသော်လည်း သူ၏ပွဲနေ့ကို ဇူလိုင်လ (၃)ရက်နေ့တွင်ကျင်းပသည်။ သူ့ကို ဗိသုကာများ၏ သူတော်စင်အဖြစ်အသိအမှတ်ပြုခံခဲ့ရသည်။ သူသည် ခရစ်တော်ကို ဆက်ကပ်အပ်နှံထားသော ခရစ်တော်၏ နောက်လိုက်တစ်ဦးဖြစ်သည်။ ခရစ်တော်သည် ဖျားနာနေသော မိတ်ဆွေ လာဇရုရှိသော ယုဒပြည်သို့ ပြန်ကြမည်ဟု သခင်ခရစ်တော်မိန့်ဆိုသောအခါ ချက်ချင်းပင် သောမတ်စ်သည် အာဏာပိုင်များ၏ ရန်လိုမုန်းတီးမှုများကြောင့် သေလောက်သည်အထိ အန္တရာယ်များနိုင်သည့် ခရီးစဉ်တွင် သူနှင့်အတူလိုက်ပါရန် အခြားသော တမန်တော်များကို တိုက်တွန်းခဲ့သည်။ John 11:16 “Let us also go to die with him.” “သူနှင့်အတူ အသေခံရန်သွားကြကုန်အံ့။” ဟုပြောခဲ့သည်။ (ယောဟန် ၁၁း၁၆) နောက်ဆုံးညစာစားပွဲတွင် ခရစ်တော်သည်သူတို့အတွက် နေရာပြင်ဆင်ပေးမည်ဟု တပည့်တော်များအားပြောသောအခါ သောမတ်စ်က သူတို့သည် ဘယ်လိုမှ နားမလည်ကြောင်းဆိုရာ ခရစ်တော်က “ငါသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်သည်။” ဟူသော လှပသည့် အာမခံချက်ကို လက်ခံရရှိခဲ့လေသည်။ စိန့်သောမတ်စ်သည် သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သံသယစိတ်ဖြင့် စစ်ဆေးရာအတည်ပြုခဲ့သည့် အကြောင်းကြောင့် လူသိများခဲ့သည်။ ပါစကားတနင်္ဂနွေနေ့တွင် ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားအား အခြားတမန်တော်များက မြင်တွေ့ခဲ့သည်ကို လက်မခံနိုင်ဘဲ သံသယဝင်ခဲ့သည်။ ရှစ်ရက်အကြာတွင် ခရစ်တော်သခင်၏ ဒုတိယအကြိမ် ထင်ရှားပြသောအခါတွင် သောမတ်စ်သည် သူတောင်းဆိုခဲ့သော သက်သေ အထောက်အထားများမှ ခရစ်တော်လက်၌ သံစွဲရာ အမှတ်အသားကို တွေ့မြင်ခဲ့လေသည်။ သောမတ်စ်သည် သူ၏လက်ချောင်းများကို ခရစ်တော်၏ လှံထိုးဖောက်ရာ နံဘေးတော်ကို လက်ဖြင့်စမ်းသပ်ခြင်းမှ ဒဏ်ရာများ မှန်ကန်ကြောင်းအတည်ပြုပြီးနောက် သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အဖြစ်မှန်ကိုလက်ခံယုံကြည်လာပြီး သခင်ခရစ်တော်၏ မြင့်မြတ်ခြင်းကို ယုံကြည်ကြောင်း “ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ဘုရား” ဟု လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သည်။ တစ်ခါက စိန့်သောမသည် တိဗေရိယအိုင်တွင် ငါးဖမ်းနေသည့်အချိန်၌ ရှင်ပြန်ထမြောက်တော်မူသော သခင်ယေဇူးသည် ရေကန်တွင်ရောက်ရှိနေကြောင်းကိုလည်း ဖော်ပြထားသည်။ ဤအရာများသည် ဓမ္မသစ်ကျမ်းမှ စိန့်သောမတ်စ်၏အကြောင်းကို ကျွန်ုပ်တို့အားလုံး သိရှိရသည်။ ပင်တေကုတ္တေပွဲပြီးနောက် ထိုတမန်တော်ကို ဧဝံဂေလိသင်းကောင်းများ ပျံ့နှံ့သွားအောင် ဖြန့်ဝေရန် Parthians, Medes and Persians သို့ စေလွှတ်ခြင်းခံရသည်။ သူသည် နောက်ဆုံးတွင် အိန္ဒိယသို့ ရောက်ရှိလာပြီး၊ Malabar ကမ်းရိုးတန်းသို့ ယုံကြည်ခြင်းကို သယ်ဆောင် လာခဲ့သည်။ ထိုနေရာရှိ များပြားလှသော ဒေသခံများသည် သူတို့ကိုယ်ကို "စိန့်သောမတ်စ်၏ ခရစ်ယာန်များ" ဟု ခေါ်ကြလေသည်။ သောမတ်စ်သည် ဖမ်းဆီးချုပ်နှောင်ခံရပြီး အန္ဒိယဘုရင် ဂွန်ဒါဖိုး (Gundafor)ထံသို့ ကျွန်အဖြစ်ရောက်ရှိသွားခဲ့သည်ဟု ရှေးထုံးသက်သေအရသိရှိရသည်။ ဗိသုကာအတတ်၌ တဘက်ကမ်းခတ်အောင်ကျွမ်းကျင်တတ်မြောက်ကြောင်းသိရသောကြောင့်ဘုရင်သည် သောမားစ်အား ခမ်းနားကြီးကျယ်သော နန်းတော်ဆောက်လုပ်ပေးရန်စေခိုင်းခဲ့သည်။ ဘုရင်ကြီး မရှိခိုက်သောမားစ်သည် လုပ်အားခအတွက်ရရှိသောငွေကြေး အားလုံးကို ဆင်းရဲသားတို့အားဝေငှပေးခဲ့သည်။ ဘုရင်ကြီးပြန် ရောက်လာပြီး သူဆောက်လုပ်ခိုင်းသောနန်းတော်အကြောင်း မေးသောအခါ သောမားစ်က “အရှင်မင်းကြီးထိုနန်းတော်ကို အခုချိန်တွင်မြင်ရမည်မဟုတ်။ ဤလောကမှထွက်ခွါသွား သောအခါမှသာလျှင်မြင်ရလိမ့်မည်။” ဟုပြောခဲ့သည်။ ထိုအခါ ဘုရင်ကြီးဒေါသထွက်ပြီး၊ သူ့အားအရှင်လတ်လတ် အရေခွံခွါရန် အမိန့်တော်ချမှတ်ခဲ့သည်။ သို့သော် ဘုရင်၏နောင်တော်သည်သူ့အား “သောမားစ်သည် ကောင်းကင်ဘုံတွင် ဘုရင်ကြီးအတွက်ပြင်ဆင်ထားသောနန်းတော်ကို ရူပါရုံတွင်မြင်ရသည်” ဟုပြောခဲ့သောကြောင့် အသက်ချမ်းသာရာရခဲ့သည်။ ဘုရင်ကြီးသည် သောမားစ်အားလွတ်လိုက်ပြီး များစွာသောအခြွေအရံများနှင့်အတူ ဆေးကြောခြင်းမင်္ဂလာ ခံယူခဲ့လေသည်။ နောက်ပိုင်းတွင်သောမားစ်သည် အိန္ဒိယနယ်တခွင်လှည့်လည်ပြီး ဧဝံဂေလိတရားတော်ဟောကြားခဲ့သည်။ ထို့နောက်မားဇ်ဒေး (Mazday) ၏မိဖုဘုရားအား အကျင့်ပြောင်းလဲစေပြီး၊ ခရစ်ယာန်ဘာသာထဲသို့ဝင်ရောက် စေခဲ့သောကြောင့် ဘုရင်နှင့်မသင်မတင့်ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် တောင်ထိပ်တစ်နေရာသို့ ခေါ်ဆောင်ခြင်းခံရပြီး အသတ်ခံခဲ့ရသည်။ (ဥဒေါင်းတစ်ကောင်ကို ပစ်လိုက်သော မတော်တဆမှုသည် စိန့်သောမတ်စ်အား ရိုက်နှက်မိသောကြောင့် သေဆုံးခဲ့သည်ဟုလည်း ဆိုထားသည်။) သူကွယ်လွန်ပြီးနောက် သူ၏ ဓါတ်တော်မွေတော်များကို အက်ဒက်စ်သို့ သယ်ဆောင်သွားပြီး တချို့ကို အိန္ဒိယနိုင်ငံ၊ Mylapore၊ Chennai ရှိ San Thome Basilica တွင်တွေ့နိုင်သေးသည်။ Edessa သို့ယူဆောင် သွားသော ဓါတ်တော်မွေတော်များကို ၁၂၅၈ ခုနှစ်တွင် အီတလီသို့ရွှေ့ပြောင်းခဲ့ပြီး၊ ၎င်းကိုအီတလီနိုင်ငံ Ortona ရှိ St. Thomas's တမန်တော်ဘုရားရှိခိုးကျောင်းတွင် တွေ့နိုင်သည်။ သို့သော် စိန့်သောမတ်စ်၏ ဦးခေါင်းခွံသည် ဂရိကျွန်း၊ Patmos ရှိ စိန့်ဂျွန်း ဘုန်းတော်ကြီးကျောင်းတွင်ရှိသည်ဟု ယုံကြည်ရသည်။ စိန့်သောမတ်စ်ကို ပုံဖော်ထားသည်မှာ စာလိပ်ကိုင်ထားသောလူငယ်တစ်ဦး အနေနှင့်လည်းကောင်း၊ သို့မဟုတ်ရှင်ပြန်ထမြောက်ခဲ့သော ခရစ်တော်ရှင်၏ ဒဏ်ရာတော်များကို တို့ထိသော လူငယ်လူရွယ်တစ်ဦးအဖြစ်လည်းကောင်း တွေ့ရသည်။ (စိန့်သောမတ်စ်) ထိုစဉ်က တမန်တော် သောမတ်စ်တစ်ပါးတည်းသာ မယ်တော်သခင်မ ကောင်းကင်သို့ ပင့်ဆောင်ခြင်း ခံရကြောင်းကို သက်သေပြနိုင်သည်ဟုယူဆကြသည်။ အခြားသော တမန်တော်များသည် မယ်တော်သခင်မ သေဆုံးကြောင်းကို သက်သေခံရန် ဂျေရုဆလင်သို့ သယ်ဆောင်သွားသည့်အကြောင်းကို Passing of Mary ဟုခေါ်သော စာတမ်းတစ်ခုအပါအဝင် စာတချို့တွင် ဖော်ပြညွန်းဆိုထားပါသည်။ မယ်တော်သခင်မကို သင်္ချိုင်းဂူသို့သယ်ဆောင်သွားသည့်အချိန်တွင် သူမ၏ကိုယ်၌ ဆင်မြန်းထားသော ခါးစည်း ကျန်ရစ်ခဲ့သော်လည်း သူမ၏ ကိုယ်ခန္ဓာသည် ကောင်းကင်သို့ ရောက်သွားခြင်းကိုမြင်ခဲ့လေသည်။
#St. Thomas the Apostle
#Sr. Petronilla (SFX)