ဇူလိုင်လ (၁၃) ရက်၊ ပထမထောင်စုနှစ် အစောပိုင်းတွင် ဥရောပ၌ သန့်ရှင်းသော ရောမအင်ပါယာကို ဦးဆောင်ကာကွယ်ပေးခဲ့သော ဒုတိယမြောက် ဂျာမန်ဘုရင် စိန့်ဟင်နရီ၏ အမှတ်တရအထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့သည်။ စိန့်ဟင်နရီကို ၉၇၂ ခုနှစ်တွင် Bavaria ရှိ Duke Henry နှင့် Burgundy ရှိ မင်းသမီး Gisela တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်က ဟင်နရီသည် Regensberg မှ St. Wolfgang အမည်ရှိ ဂိုဏ်းအုပ်ဆရာတော်ကြီးတစ်ဦးထံမှ ပညာရေးနှင့် ဝိညာဉ်ရေးလမ်းညွှန်ချက်နှစ်ခုလုံးကို သင်ယူရရှိခဲ့သည်။ ဟင်နရီသည် အသိဉာဏ်ပညာရှိပြီး ဘုရားတရားကြည်ညိုသော ကျောင်းသားတစ်ဦးဖြစ်ကာ အချိန်ကာလတစ်ခုအထိ သူသည်ယဇ်ပုရောဟိတ်အဖြစ်သတ်မှတ်ခံခဲ့ရသည်။ St. Wolfgang ၏ ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် ချစ်ခြင်းမေတ္တာဆိုင်ရာ သင်ခန်းစာများသည် ဟင်နရီ၏ စိတ်ဝိညာဉ်အပေါ်တည်မြဲသော အမှတ်အသား တစ်ခုအဖြစ် ကျင့်ဆောက်တည်နိုင်ခဲ့လေသည်။ သို့သော် သူသည် ဤအကျင့်သီလများကို အသင်းတော်၌မဟုတ်ဘဲ နောက်ပိုင်းတွင် နိုင်ငံရေးနယ်ပယ်အတွင်း၌ ကျင့်သုံးရန်ဖြစ်လာခဲ့သည်။ ဆရာတော်ကြီး စိန့် Wolfgang ကွယ်လွန်ပြီးတစ်နှစ်အကြာ ၉၉၅ တွင် ဟင်နရီသည် သူ့ဖခင်၏နေရာ၌ တာဝန်ကိုထမ်းဆောင်ခဲ့ရသည်။ ၁၀၀၂ ခုနှစ်တွင် ဂျာမနီဘုရင်အဖြစ် နန်းတက်ခွင့်ကို အသင်းတော်မှ ထောက်ခံအားပေးမှုပြုခဲ့သည်။ ဘုရင်အဖြစ် ဟင်နရီသည် အသင်းတော်၏ ဓလေ့ထုံးတမ်းများကို Canon ဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲရန် ဂျာမန်ဘုန်းတော်ကြီးများအား အားပေးကူညီခဲ့သည်။ ထိုကာလအတွင်း၌ သူသည် မိမိပိုင်နက်ရှိ ပုန်ကန်မှုများကို ငြိမ်းချမ်းစွာ အဆုံးသတ်စေခဲ့သည် ဟုဆိုကြပြီး သူပုန်များကို ကြင်နာစွာလွှတ်ပေးခဲ့သည်။ မိမိကိုယ်ကို ပြိုင်ဘက်ဘုရင် တစ်ပါးအဖြစ် တင်မြောက်ခဲ့သော အီတလီမှူးမတ်တစ်ဦးကို ပြင်းပြင်းထန်ထန် မဟုတ်သော်လည်း ပြတ်ပြတ်သားသားအရေးယူခဲ့သည်။ ၁၀၁၄ ခုနှစ်တွင် ဂျာမန်ဘုရင်ဟင်နရီသည် ရောမသို့ခရီးထွက်ခဲ့ပြီး အဌမမြောက် ပုပ်ရဟန်းမင်းကြီးဘေနေဒစ်သည်သူ့ ကိုသန့်ရှင်းသော ရောမအင်ပါယာ၏ ခေါင်းဆောင်အဖြစ် သရဖူဆောင်းပေးခဲ့သည်။ ဧကရာဇ်မင်းသည် ပုပ်ရဟန်းမင်းကြီး ဘေနေဒစ် VIII ၏ ရောမမြို့ပေါ်အခွင့်အာဏာရှိခြင်းကို အတည်ပြုသောအားဖြင့် ပုပ်ရဟန်းမင်းကြီးအပေါ် သစ္စာစောင့်သိမှုကိုပြသခဲ့သည်။ ဟင်နရီသည် ရောမမြို့မှ ဂျာမနီသို့ ပြန်လာခဲ့သည့် ခရီးစဉ်တစ်လျှောက်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ရပ်နားကာဘုရားဖူးခဲ့သည်။
ဟင်နရီသည်သူ၏ စည်းစိမ်ဥစ္စာများစွာကို လှူဒါန်းသောကြောင့် ဘုရားရှိခိုးကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကို ထောက်ပံ့ပေးသူတစ်ဦး ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် သူ၏ဆွေမျိုးများက သူသည် တာဝန်မဲ့စွာပြုမူနေသည်ဟု တိုင်တန်းခဲ့သည်။ သို့သော် ဟင်နရီသည် စစ်ပွဲနှင့်ငြိမ်းချမ်းရေးနှစ်ခုလုံးအရေးတွင် အနောက်အင်ပါယာ ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုသည် တာဝန်မဲ့မှုနှင့် ကင်းကွာခဲ့ကြောင်း ပြသခဲ့လေသည်။ ဧကရာဇ်မင်းသည် ဆင်းရဲသားများကို ကာကွယ်ပေးနိုင်ရန်အတွက်များစွာ ထောက်ပံ့ကူညီပေးခဲ့လေသည်။ သူ၏ထူးကဲသော ရက်ရောမှုသည် အမွေဆက်ခံသူမရှိခြင်းကြောင့် ဖြစ်နိုင်လေသည်။ သူသည် St. Cunigunde နှင့်လက်ထက်ခဲ့သော်လည်း သားသမီးမထွန်းကားခဲ့ချေ။ နောက်ပိုင်းတွင် St.Cunigunde သည် သူမ၏ ကိုယ်ပိုင်အခွင့်အရေးဖြစ် သူမမြတ်နိုးသော သန့်ရှင်းသော ဘဝအသက်တာြဖင့် နေထိုင်ခဲ့သည်။ အချို့သောမှတ်တမ်းများအရ ထိုစုံတွဲသည် အပျိုစင်ကတိသစ္စာကိုယူခဲ့ပြီး သူတို့၏လက်ထပ်ခြင်းကို ဘယ်တော့မှ အသုံးမချခဲ့ဟုဆိုသည်။
စိန့်ဟင်နရီသည် သူ့အသက်တာ၏ နောက်ဆုံးနှစ်ပေါင်းများစွာတွင် ပြင်းထန်သောဖျားနာမှုနှင့် နောက်ထပ် သူ၏လက်ဝဲခြေထောက် အားနည်းချို့တက်လာခြင်းဒဏ်ကို ခံထမ်းခဲ့ရသည်။ သူ၏ဧကရာဇ်မင်းဘဝ တိုင်းရေးပြည်ရာ တာဝန်ဝတ္တရားများကို နာကျင်ခြင်းဒုက္ခဝေဒနာများနှင့်အတူ ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ သူသည် ဤစုံစမ်း၊ စမ်းသပ်မှုများအတွင်း ဆုတောင်းခြင်း၌ခွန်အားယူခဲ့ပြီး နောက်ဆုံးတွင် ပြည်သူလူထု၏ခေါင်းဆောင် ဧကရာဇ်မင်းဘဝမှ နုတ်ထွက်ရန်နှင့် တရားကျင့်ရသေ့တစ်ပါးဖြစ်လာရန် အလေးအနက်စဉ်းစားခဲ့လေသည်။
နှစ်ပေါင်းများစွာနာမကျန်းမှုကိုခံထမ်းခဲ့ပြီးနောက် ဒုတိယမြောက်ဧကရစ်ဘုရင် စိန့်ဟင်နရီသည် ၁၀၂၄ ခုနှစ်ဇူလိုင်လတွင် ကွယ်လွန်ခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်ကို မျက်ခြည်မပြတ်ဘဲ မြေကြီးပေါ်တွင် နိုင်ငံတော်ကို တာဝန်သိစွာ ဦးဆောင်ခဲ့သည့် ဧကရာဇ်ဘုရင်အတွက် ပြည်သူလူထုသည် စိတ်ရင်းမှန်နှင့် ဝမ်းနည်းစွာငိုကြွေးခဲ့ကြသည်။ ၁၁၄၆ တွင် တတိယမြောက် ပုပ်ရဟန်းမင်းကြီးယူဂျင်းမှ ရဟန္တာအဖြစ်တင်မြောက်ခဲ့သည်။ သူ၏ပွဲနေ့မှာ ဇူလိုင်လ ၁၃ ရက်နေ့ဖြစ်သည်။
#St. Henry II
#Sr. Petronilla (SFX)