ဇူလိုင်လ ၁၈ ရက်နေ့တွင် ယူအက်စ် ကက်သလစ်အသင်းတော်သည် စိန့်ကာမီလုစ်ဒေလီလစ်၏ ပွဲတော်ကို ဂုဏ်ပြုကျင်းပကြသည်။ သူသည်စစ်သားဘဝနှင့် လောင်းကစားသမားဘဝမှနေ၍ ပြောင်းလဲလာကာ ဖျားနာသူများကိုကြည့်ရှုစောင့်ရှောက်ရန် အသင်းဂိုဏ်းကို တည်ထောင်သူ ဖြစ်လာခဲ့သည်။ အခြားနိုင်ငံအချို့တွင်မူ သူ၏သေဆုံးသည့်နှစ်ပတ်လည်နေ့ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် ပွဲနေ့ကိုကျင်းပသည်။ စိန့်ကာမီလုစ်သည် ၁၅၅၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ၊ အဘူရာဇိုခရိုင်၊ နေပယ်တွင် မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူသည် သူ၏နို့စို့ကလေးဘဝအရွယ်တွင် သေဆုံးသွားပြီး၊ နောက်ခြောက်နှစ်အကြာတွင် စစ်တပ်အရာရှိဟောင်း တစ်ဦးဖြစ်သည့် ဖခင်ကိုလည်း ထပ်မံဆုံးရှုံးခဲ့ရသည်။ ထိုလူငယ်သည် သူ၏ဖခင်ကဲ့သို့ပင် ၁၅၇၄ ခုနှစ်အထိ ဗင်းနစ်နှင့်နေပယ်တို့တွင် စစ်မှုထမ်းခဲ့သည်။ စစ်မှုထမ်းစဥ်ကာလအတွင်း သူ၏ခြေထောက်တွင် ထိခိုက်ဒဏ်ရာရကာ အနာများဖြစ်လာသောကြောင့် စစ်တပ်မှထွက်ခဲ့ရသည်။ သူ၏စစ်မှုထမ်းစဉ်ကာလအတွင်း လောင်းကစားပြသနာကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ သူသည် ဆင်းရဲချို့တဲ့ပြီး ၁၅၇၅ ခုနှစ်တွင် နောင်တရတရားဖြင့် မိမိကိုယ်ကို အတင်းအကြပ် ပြန်လည်ပြုပြင်ပြီး Franciscans အသင်းအဖွဲ့အတွက် အလုပ်လုပ်ခဲ့သည်။ ထိုနှစ်ဖေဖော်ဝါရီလတွင် သူ၏ဘဝကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပြီး မကြာမီမှာတွင် ဖရန်စစ်စကင် အသင်းဂိုဏ်းသို့ဝင်ရောက်ခဲ့သည်၊၊ သို့သော်သူ၏ ခြေထောက်တစ်ချောင်းမှ ဒဏ်ရာသည် ကုသပျောက်ကင်းနိုင်မည် မဟုတ်သောကြောင့် အသင်းဂိုဏ်းသို့ဝင်ရန် တားဆီးခံခဲ့ရသည်။ ထိုသို့ငြင်းပယ်ခံရပြီးနောက် သူသည် ရောမသို့ခရီးထွက်ခဲ့ပြီး နာတာရှည်ဆေးရုံတွင် ၄ နှစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ သူသည် အမွေးအင်္ကျီကို ၀တ်ဆင်ပြီး St. Philip Neri ထံမှဝိညာဉ်ရေးရာ လမ်းညွှန်မှုကိုခံယူကာ ဆုတောင်းခြင်း၊ နောင်တယူခြင်း ဘဝအသက်တာြဖင့် မိမိကိုယ်ကိုဆက်ကပ်ခဲ့သည်။ ဖျားနာသူများကို ပေးသည့်ဝန်ဆောင်မှု အရည်အသွေးများအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် စိန့်ကာမီလုစ်သည် သူတို့၏ ကာယရေးနှင့်ဝိညာဥ်ရေးအတွက်ပါ အထောက်အကူဖြစ်စေမည့် ကက်သလစ်အသင်းအဖွဲ့တစ်ခုကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့သည်။ သူသည် ရဟန်းဖြစ်ရန်အတွက် ပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ၁၅၈၄ တွင် ရဟန်းသိက္ခာခံယူခဲ့သည်။ သူ၏အသင်းသားများသည် ဆေးရုံများ၊ ထောင်များနှင့် ရောဂါခံစားနေရသူများ၏ အိမ်များတွင်အလုပ်လုပ်ကာ ဆက်ကပ်ကြသည်။ အသင်းဂိုဏ်း၏ မူလအမည်ဖြစ်သော “ကောင်းသောသေခြင်း၏ဖခင်များ” သည် ထိုသူတို့၏ဝိညာဉ်ရေးကယ်တင်ခြင်းနှင့် သေခြင်းအတွက် အသင့်ပြင်ဆင်ထားလိုသော သူတို့၏နောက်ဆုံးအခွင့်အရေးကို ရရှိနိုင်ရန် ကူညီပေးကြလေသည်။ နောက်ပိုင်းတွင် သူတို့၏အသင်းဂိုဏ်းကို လူသိများသော “ကာမယ်လီယန်း” အသင်းဂိုဏ်းကဲ့သို့ “ကျန်းမာရေးဌါနအသင်းဂိုဏ်း” ဟုလည်း အသိအမှတ်ပြုကြလေသည်။ ရိုးရိုးကတိသစ္စာသုံးပါးဖြစ်သော စင်ကြယ်ခြင်း၊ ဆင်းရဲခြင်း၊ နားထောင်ခြင်းအပြင် ဖျားနာသူများအပေါ်မပျက်မကွက်အစေခံခြင်း စသည့် ကတိသစ္စာများကိုပြုခဲ့ကြသည်။ စိန့်ကာမီလုစ်သည် သူ့ဘဝတစ်လျှောက်လုံးတွင် သူကိုယ်တိုင်၌ပင် ရုပ်ပိုင်းဆိုင်ရာရောဂါဝေဒနာများ ခံစားခဲ့ရသူဖြစ်သည်။ သူ၏ခြေထောက်ဒဏ်ရာသည် ဆယ်စုနှစ် ငါးခုနီးပါးကြာအောင် ကုသမှုမအောင်မြင်ခဲ့ပါ။ ထို့အပြင် သူသည် အနာများနှင့် ကျောက်ကပ်ရောဂါများကို ခံစားခဲ့ရသည်။ သို့သော် သူသည် အိပ်ရာတစ်ခုမှတစ်ခုသို့ လမ်းလျှောက်သွား၍မရသည့်တိုင်အောင် ဖြစ်သော်ငြားလည်း တွားသွားရင်းနှင့်ပင် ဖျားနာသူများအတွက် အချိန်ပေးခဲ့ရသည်ဟုဆိုကြသည်။ ဖျားနာသူများအတွက် အသင်းဂိုဏ်းကိုတည်ထောင်ခဲ့သူသည် ၁၆၁၃ ခုနှစ်တွင် အသင်းဂိုဏ်း၏ အထွေထွေညီလာခံအတွင်း ဖျားနာသူများကို ကူညီပေးရန်နှင့် သူတို့၏ဆေးရုံများစွာသို့ နောက်ဆုံး အလည်အပတ်သွားနိုင်ရန်အတွက် ရောမမြို့တွင် နေထိုင်ခဲ့လေသည်။ သူကိုယ်တိုင် ဖျားနာနေကြောင်း သူသိလိုက်သောအခါ “ကာမီလုစ်”က ။ “ငါတို့သည်ထာဝရဘုရား၏ အိမ်တော်သို့သွားကြကုန်အံ့ဟု ငါ့ကိုပြောခဲ့သည့်အတွက် ငါဝမ်းမြောက်လေပြီ” ဟု ပြောခဲ့လေသည်။
ကိုယ်တော်မြတ်စက္ကရမင်တူးကို နောက်ဆုံးအကြိမ်ပင့်ယူသောအခါတွင် စိန့်ကာမီလုစ်က “အိုဘုရားရှင်၊ ကျွန်ုပ်သည်အပြစ်သားများအနက် စိတ်ပျက်စရာအကောင်းဆုံး အပြစ်သားဖြစ်ပါ၏။ ကိုယ်တော်၏မျက်နှာတော်ကိုရဖို့ မထိုက်တန်သောသူဖြစ်ပါ၏။ သို့သော်လည်း ကိုယ်တော်၏ အဆုံးမရှိသော ကောင်းမြတ်တော်မူခြင်းဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကျွန်ုပ်၏မျှော်လင့်ခြင်းသည် သင်၏အဖိုးထိုက်သောအသွေးတော်အားဖြင့် ဘုရားသခင်၏ ကရုဏာတော်၌တည်လျှက်ရှိပါသည်။” ကြွေးကြော်ခဲ့လေသည်။ သူ၏နောက်ဆုံးညွှန်ကြားချက်များကို သူ၏အသင်းသားများအား ပြောကြားပြီးနောက် ၁၆၁၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် စိန့်ကာမီလုစ်သည် ကွယ်လွန်ခဲ့လေသည်။ သူသည် ၁၇၄၆ တွင် ပုပ်ဘေနေဒစ် XIV မှ ရဟန္တာအဖြစ် တင်မြောက်ခဲ့ပြီး နောက်ပိုင်းတွင် ဘုရားသခင်၏စိန့်ဂျွန် (St. John of God)နှင့်အတူ 1930 ခုနှစ်တွင် အထူးသဖြင့် သူနာပြုများနှင့် သူနာပြုအသင်းများအား ကူညီမိုင်းမသူများအဖြစ် တွဲဖက်ကာ အမည်ပေးခဲ့သည်။
#St. Camillus de Lellis
#Sr. Petronilla (SFX)