Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
ခရစ်ယာန်ပုံပြင်များ အံ့ဖွယ်သေခြင်း Posted by Sr. Eugenie(SFX)

အံ့ဖွယ်သေခြင်း(သို့)ကောင်းကင်ဘုံကသင်ပေးကြားပေးတဲ့စက္ကရမင်းတူးများ
အကျဉ်းသားတစ်ဦးနှင့်သူ၏အဖော်များ (စစ်မှန်သောဖြစ်ရပ်ဆန်း)
Cloude Newman.. ကလော့ဒ်နယူးမန်း (1944)

ဤအဖြစ်အပျက်အဖြစ်မှန်သည် ၁၉၄၄ ခုနှစ်၊မစ္စစ္စပီတွင်ဖြစ်ပွားခဲ့သည်။ ၎င်းကို ခရစ်ယာန်ဘုန်းကြီး ဖာသာရ်အိုလီယာကပြောပြခဲ့သည်။ သူကသားစဉ်မြေးဆက်အဘို့ အသံဖမ်းထားခဲ့သည်။

Claude Newman သည် ၁၉၂၃ ဒီဇင်ဘာ (၁)ရက်တွင် Arkansas ပြည်နယ်၊ Stuttgart ရှိ Willie နှင့် Floretta (Young) Newman တို့တွင်မွေးဖွားသော အာဖရိကန်အမေရိကန် လူမျိုးဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ကလော့ဒ်၏ ဖခင်ဝီလီက ကလော့ဒ်နှင့်သူ၏အကိုတို့အား မသိရသောအကြောင်းပြချက်များနှင့် မိခင်ထံမှ ခေါ်ဆောင်သွားခံခဲ့ရသည်။

သူတို့ကို Bovina၊ Warren ခရိုင်၊ မစ္စစ္စပီပြည်နယ်ရှိ သူတို့၏အဖွားဖြစ်သော Ellen Newman ထံသို့ရောက်ရှိလာခဲ့သည်။ ၁၉၃၉ တွင် ကလော့ဒ်၏ အချစ်ဆုံးအဖွားအဲလန်နယူးမန်းသည် ဆစ်ကွတ်ခ်(Sid Cook) ဆိုသူ နှင့်လက်ထပ်ခဲ့သည်။ မကြာခင်တွင် Sid သည် Ellen ကိုလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာပြီး Claude ကိုဒေါသထွက်စေခဲ့သည်။

၁၉၄၀ တွင်ကလော့ဒ်သည် မစ္စစ္စပီပြည်နယ်၊ ဘိုဗီနာရှိ Ceres စိုက်ခင်းတွင် လယ်သမားတစ်ဦးအတွက် လယ်ယာများကိုလုပ်ကိုင်ပေးရသည်။ ဒီစိုက်ခင်းကိုချမ်းသာကြွယ်ဝသည့် မြေပိုင်ရှင် U.G. Flowers ကပိုင်ဆိုင်သည်။ U.G. Flowers နှင့် Sid Cook တို့သည်ဤစိုက်ခင်းတွင် မွေးဖွားကြီးပြင်းခဲ့သည်။ အခြားစာရေးဆရာတစ်ဦးကလည်း ကလော့ဒ်သည်အသက် ၁၇ နှစ်အရွယ် ၁၉၄၀ တွင် သူနှင့်အသက်အရွယ်တူ အမျိုးသမီးငယ်တစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟုဆိုသည်။

၁၉၄၂၊ ဒီဇင်ဘာ ၁၉ ရက်တွင် Sid သည် ကလော့ဒ်၏အဖွား Ellen ကိုရက်စက်စွာပြုမူ ဆက်ဆံမှုကြောင့် ကလော့ဒ်သည် အလွန်ဒေါသထွက်နေခဲ့သည်။ တစ်ရက်တွင်လည်း အလုပ်သမားတစ်ဦးက Claude ၏ဇနီးသည်အိမ်မှအော်ဟစ်နေသည်ကို ပြောပြလာ၏။ ကလော့ဒ်သည်ချက်ချင်းပင်မိမိအိမ်သို့ပြေးကာ ထိုလူသည်မိမိမယားကိုပြစ်မှား၏။ ကလော့ဒ်သည် မိမိ၏စိတ်ကိုမထိမ်းနိုင်ပဲ ပုဆိန်တစ်ချောင်းယူပြီး ထိုသူ၏ဦးခေါင်းကိုရိုက်ခွဲလိုက်သည်။ ထို့နောက် ကလော့ဒ်သည် အဖမ်းခံရပြီးထောင်ကျကာ မကြာခင် လျှပ်စစ်ကုလားထိုင်တွင် သေဒဏ်ခံခဲ့ရသည်။

ကလော့ဒ်ကိုဖမ်းဆီးပြီးထောင်ဒဏ်ချမှတ်သည်

၁၉၄၃၊ ဇန်နဝါရီလတွင်ကလော့ဒ်သည် Arkansas တွင်ဖမ်းဆီးခံရပြီးမစ္စစ္စပီပြည်နယ်၊ ဗီစ်ဘာ့ဂ်သို့ ပြန်လာပြီး ဇန်နဝါရီ ၁၃ ရက်တွင် သူ့အပြစ်ကို ဝန်ခံခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် လျှပ်စစ်ကုလားထိုင်ဖြင့်သေဒဏ်ချမှတ်ခြင်းခံရသည်။ နောက်ပိုင်းတွင်အမှုကိုရှေ့နေချုပ်ကငြင်းပယ်ခဲ့ပြီး ၁၉၄၄၊ ဇန်နဝါရီ ၂၀ ရက်တွင်ကွပ်မျက်ရန် ပြန်လည်စီစဉ်ခဲ့သည်။

ကလော့ဒ်သည်အပျိုစင်ကညာမာရီယာ၏အံ့ဖွယ်ဆုကိုရရှိခြင်း။

သူသည်ထောင်ထဲတွင်ကွပ်မျက်ခံရန်စောင့်နေချိန်တွင်ဖြစ်သည်။ သူသည်အခြားအကျဉ်းသား လေးယောက်နှင့်အတူအခန်းတစ်ခန်းတွင်ရှိနေခဲ့သည်။
တစ်ညတွင်သူတို့သည် ထိုင်ပြီးစကားပြောနေကြ ကြသည်။ အတန်ကြာလာသည်နှင့် စကားသံများ တိတ်ဆိတ်သွား၏။ ထိုအခါ ကလော့ဒ်သည် အခြားအကျဉ်းသားတစ်ဦး ၏လည်ပင်းတွင် ကြိုးတစ်ချောင်းဖြင့်ချည်ထားသော တံဆိပ်ကလေး တစ်ခုကိုသတိပြုမိသည်။ သူက “အဲဒါဘာလဲ” ဟုမေးပြီးကက်သလစ်ကောင်လေးကသူ့ကို “တံဆိပ်တစ်ခု” ဟုပြောလိုက်သည်။ ကလော့ဒ်က “အဲဒီတံဆိပ်ကဘယ်လိုမျိုးလဲ” ဟုဆိုရာ ထိုကက်သလစ်ယောက်ျားလေးသည် ထိုတံဆိပ်တစ်ခု သို့မဟုတ်ယင်း၏ရည်ရွယ်ချက်ကိုမရှင်းပြနိုင်ပဲ ဒေါသအရှိန်နှင့် သူ၏တံဆိပ်ကိုသူ၏လည်ပင်းမှ ဆွဲထုတ်ကာ ကလော့ဒ်ခြေရင်းသို့ပစ်ထည့်လိုက်ကာ “ယူလိုက်” ဟုပြောလိုက်လေသည်။

ကလော့ဒ်ကတံဆိပ်ကိုကောက်ယူလိုက်ပြီး ထောင်ဝန်ထမ်းများ၏ခွင့်ပြုချက်ဖြင့် သူ့လည်ပင်းတွင် တပ်ဆင်ထားခဲ့သည်။ သူ့အတွက်၎င်းသည် တန်ဖိုးနည်းသောအဆင်တန်ဆာ (trinket) တစ်ခုမျှသာဖြစ်သော်လည်း ၎င်းကိုဝတ်ဆင် လိုခဲ့သည်။ ထိုညတွင် အိပ်ရာထက်တွင်အိပ်နေစဉ် သူ၏လက်ကောက်ဝတ်ကို ထိတွေ့သောတစ်စုံတစ်ခု၏ အတွေ့အထိကြောင့် နိုးလာခဲ့သည်။

နောက်ပိုင်းတွင် ကလော့ဒ်သည် ဘုန်းတော်ကြီးကို ပြောပြခဲ့သည့်အတိုင်း ၎င်းသည် “ဘုရားသခင်ဖန်ဆင်းခဲ့သည့် အလှပဆုံးအမျိုးသမီး” ပင်ဖြစ်လေသည်။ အစပိုင်းတွင်သူသည်အလွန်ကြောက်ခဲ့သော်လည်း ထိုအမျိုးသမီးသည် ကလော့ဒ်ကိုအေးအေးဆေး ဆေးနေစေပြီး၊ “မင်းကငါ့ကိုမင်းရဲ့မိခင်ဖြစ်ချင်ရင်၊ မင်းကငါ့ရဲ့ကလေးဖြစ်ချင်ရင်၊ ကက်သလစ်ရဟန်း တစ်ပါးနှင့်တွေ့ဆုံပါ။” “If you want me to be your mother, and if you want to become my son, ask to see a Catholic Priest.” ဟုပြောပြီး သူမပျောက်ကွယ်သွားခဲ့သည်။

ကလော့ဒ်သည်ချက်ချင်းထိတ်လန့်တုန်လှုပ်သွားပြီး “သရဲတစ္ဆေ၊ သရဲတစ္ဆေ” ဟုအော်ဟစ်ကာ အခြားအကျဉ်းသား တစ်ဦး၏အခန်းထဲသို့ ထွက်ပြေးခဲ့သည်။ “သူကကက်သလစ်ဘုန်းကြီး တစ်ပါးအလိုရှိသည်”ဟု အော်ဟစ်စပြုလာသည်။

ဤဇာတ်လမ်းကိုပြောပြသည့် ဘုန်းတော်ကြီးအိုလီရီက Father Robert O'Leary SVD (1911-1984), နောက်တစ်နေ့မနက်တွင်ပထမဆုံးအကြိမ်ရောက်လာပြီး ကလော့ဒ်ကို တွေ့ခဲ့သည်။ ထို့နောက်ကလော့ဒ်နှင့် သူ့အကျဉ်းခန်းရှိအခြားလူလေးယောက်တို့သည် (ဘုရားစကားသင်တန်း) ဘာသာရေးညွှန်ကြားချက်ကို တောင်းခံခဲ့သည်။

ကလော့ဒ်နှင့်အခြားအကျဉ်းသားအချို့သည်ကက်သလစ်ယုံကြည်ခြင်း၏သွန်သင်မှုခံယူကြခြင်း

အစဦး၌ ဖာသာရ်အိုလီရီသည်ထိုအဖြစ်အပျက်ကို ယုံကြည်ရန်ခက်ခဲခဲ့သည်။ အခြားအကျဉ်းသားများက ဘုန်းတော်ကြီးအား ဤအဖြစ်အပျက်များအားလုံး မှန်ကန်ကြောင်း၊ သို့သော်လည်း သူတို့သည် ထိုရူပါရုံကို မမြင်မကြားခဲ့ရကြောင်းများကို ပြောပြကြသည်။

ဖာသာရ်အိုလီရီကသူတို့တောင်းဆိုထားသည့်အတိုင်း သူတို့ကိုဘာသာရေးညွန်ကြားချက်များကို သင်ကြားရန် ကတိပေးခဲ့လေသည်။ ဘုန်းတော်ကြီးသည် သူ၏ကျောင်းတော်သို့ပြန်သွားပြီး ဖြစ်ရပ်များကို ကျောင်းထိုင်ရဟန်းအား ပြောပြခဲ့ပြီးနောက်တစ်နေ့တွင် ဘုရားစကားသင်ကြားခြင်း လုပ်ဆောင်ရန် ထောင်သို့ပြန်သွားလေသည်။

ကလော့ဒ်နယူးမန်းသည် စာမရေးမဖတ်တတ်ခဲ့ပါ။ သူသည်ငယ်စဉ်ကတည်းက တစ်ခါမျှကျောင်း မတက်ခဲ့ဖူးပါ။ ဘာသာတရားအကြောင်းကိုလည်း လုံးဝ၊ ဘာမျှမသိခဲ့ပါ။ ယေဇူးကဘယ်သူလဲဆိုတာ သူမသိခဲ့ဘူး။ ဘုရားသခင်ရှိသည်ဟု ဆိုရုံကလွဲလို့ သူဘာမှမသိခဲ့ပေ။

ကလော့ဒ်သည်ဘာသာရေးညွှန်ကြားချက်များ စတင်ရရှိခဲ့ပြီးအခြားအကျဉ်းသားများက သူနှင့်အတူ စာသင်အံမှုတွင် ကူညီပေးခဲ့သည်။ ရက်အနည်းငယ်အကြာတွင်ဖာသာရ်အိုလီရီ၏ ဘုရားကျောင်းမှ တာဝန်ကျသူသီလရှင်နှစ်ပါးသည် ထောင်မှူး၏ခွင့်ပြုချက်ကို ရယူကာ သူတို့သည် ကလော့ဒ်နှင့် တွေ့လိုပြီးထောင်တွင်းရှိအမျိုးသမီး များကိုလည်း သွားရောက်လည်ပတ်လိုကြသည်။ အကျဉ်းထောင်၏ အခြားအထပ်တစ်ခုတွင် သီလရှင်များသည် အချို့သောအမျိုးသမီးများကို ဘုရားတရားအယူဝါဒများ သင်ကြားခြင်းကိုစတင်ခဲ့သည်။

အပြစ်ဖြေခြင်းအကြောင်းနှင့်ကောင်းကင်ဘုံရှင်၏သင်ခန်းစာ

ရက်သတ္တပတ်များစွာကုန်လွန်သွားသောအခါဖာသာရ်အိုလီရီသည် အာပတ်ဖြေခြင်းစက္ကမင်တူးမင်္ဂလာတော် အကြောင်းကို သင်ကြားမည့်အချိန်ရောက်လာသည်။ သီလရှင်များလည်းစာသင်ခန်းတွင်ထိုင်ကြသည်။ ဘုန်းတော်ကြီး ကအကျဉ်းသားများကို …

“အိုကေ၊ ကောင်လေးတို့၊ ဒီနေ့မင်းတို့ကို အပြစ်ဖြေရာ စက္ကမင်တူး မင်္ဂလာအကြောင်းကိုငါပြောပြသွားမယ်။”

ထိုအခါ ကလော့ဒ်က “အိုး၊ အဲဒါကျွန်တော်သိတယ်။ အဲဒီအမျိုးသမီးကကျွန်တော့်ကိုပြောတယ်။ ငါတို့ရဲ့ ပြုခဲ့မိတဲ့အပြစ်များအားလုံးကို ဝန်ခံတဲ့အခါ ငါတို့ဟာဘုန်းတော်ကြီးရှေ့မှာ ဒူးထောက်တာ မဟုတ်ဘူး၊ သူ့သားတော်ရဲ့လက်ဝါးကပ်တိုင် အောက်မှာဒူးထောက်တာဖြစ်တယ်။ ပြီးတော့ ငါတို့အပြစ်အတွက်မ်းနည်းခြင်း၊ တကယ်နောင်တ ရခြင်းနဲ့ ငါတို့ရဲ့အပြစ်များကိုဝန်ခံခဲ့ရင် သားတော်ရဲ့ သွန်းလောင်းခဲ့တဲ့အသွေးတော်ဟာ ကျွန်ုပ်တို့အပေါ် စီးဆင်းစေပြီး အပြစ်အားလုံးမှလွတ်မြောက် စေတယ်။”

ဖာသာရ်အိုလီရီနှင့်သီလရှင်များသည်သူတို့၏ပါးစပ်များအဟောင်းသားဖြစ်သွားကြလေသည်။ ကလော့ဒ်ကသူတို့စိတ်ဆိုးနေသည်ဟုထင်ပြီး “အိုးမစိတ်မဆိုးပါနဲ့၊ စိတ်မဆိုးပါနဲ့၊”
ဘုန်းတော်ကြီးက “ငါတို့စိတ်မဆိုးပါဘူး။ ဒါပေမဲ့ ငါတို့အရမ်းအံ့သြသွားတယ်။ မင်းသူ့ကိုထပ်တွေ့ခဲ့တာလား”

ကညာစင်မာရီယားသည်ကလော့ဒ်အားထင်ရှားပြ သည်ကိုသက်သေပြခြင်း။

ကလော့ဒ်က “သူမကကျွန်တော့်ကိုပြောတယ်။ မင်းကငါ့ကို သံသယဝင်ပြီးတွန့်ဆုတ်နေမယ်ဆိုရင်၊ ၁၉၄၀၊ ဟော်လန်မှာတုံးက သူမကိုပေးထားတဲ့ မင်းရဲ့ကတိကိုတည်ဖို့ အဲ့ဒါကိုသူမစောင့်ဆိုင်း နေဆဲပဲဆိုတာ ငါသတိပေးဖို့လိုတယ်။” ဖာသာရ်အိုလီရီက “သူမကိုပေးထားတဲ့ကတိက ဘာလဲဆိုတာကို ကလော့ဒ်က ကျွန်တော့်ကို တိတိကျကျပြောပြခဲ့တယ်” လို့ပြန်ပြောပြခဲ့သည်။ ဖာသာရ်အိုလီရီသည် ကလော့ဒ်၏ပြောကြားချက်အရ မယ်တော်ထံမှရသော သူ၏ရူပါရုံများမှ အမှန်တရားကို ပြောပြနေကြောင်းလုံးဝယုံကြည်စိတ်ချသွားလေသည်။

သူက “အပြစ်မဲ့သန္ဓေယူသောမာရီးယား” ဟူသောဂုဏ်ပုဒ်ဖြင့် ဘုရားကျောင်းတည်ဆောက် လိမ့်မည် ဟုဆိုလေသည်။

ဖာသာအိုလီရီသည် ၁၉၄၇ ခုနှစ်တွင်ထိုအရာကို ပြုလုပ်ခဲ့သည်။ သူသည် ၁၉၄၅ ခုနှစ်တွင် မစ္စစ္စပီပြည်နယ်၊ ကလပ်စ်ဒဲလ်သို့ပြောင်းရွှေ့ခြင်းခံရပြီး အာဖရိကန်အမေရိကန်ကက်သလစ်ဘာသာဝင်များက ဘုရားရှိခိုးကျောင်း တစ်ခုတည်ဆောက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မစ္စစ္စပီ၊Natchez ဆရာတော်မှ ဒေါ်လာ ၅၀၀၀ ကို နီဂရိုး Negro မစ်ရှင်များအတွက် ဘော်စတွန်မှ ဂိုဏ်းချုပ်ဆရာတော်ကြီး Cushing မှတဆင့် ပေးအပ်ခဲ့သည်။ ဘိရှော့ပ်နှင့်ဖာသာရ်အိုလီရီသည် “အပြစ်မဲ့သန္ဓေယူသောမယ်တော်သခင်မဘုရားရှိခိုးကျောင်း”ကိုတည်ဆောက်စေရန်အမိန့်ပေးခဲ့သည်။

ဖာသာရ်အိုလီရီက အပြစ်ဖြေခြင်းပေးရန် ဘုရားကျောင်းသို့ပြန်သွားစဉ်တွင်လည်း ကလော့ဒ်သည် အခြားအကျဉ်းသားများကို ဆက်ပြောနေလေသည်။

“မင်းတို့ အပြစ်ဝန်ခံဖို့မကြောက်သင့်ဘူး။ မင်းရဲ့အပြစ်တွေကိုရဟန်းတော်အား ပြောပြခြင်း မဟုတ်ဘဲ ဘုရားသခင်ကိုတကယ်ပြောနေတာ ဖြစ်တယ်။ အပြစ်ဖြေခြင်းဟာ တယ်လီဖုန်းပြော သလိုပဲ။ ဘုန်းတော်ကြီးကနေတဆင့်၊ ဘုရားသခင်ကိုပြောတယ်။ ဘုရားသခင်က ဘုန်းတော်ကြီးကနေ တဆင့်ပြန်ပြောတယ်။”


ကိုယ်တော်မြတ်စက္ကရမင်တူးအကြောင်းကောင်းကင်ဘုံမှသင်ခန်းစာ

တစ်ပတ်ခန့်အကြာတွင်ဖာသာရ်အိုလီရီသည် စာသင်ရန်အတွက်ကိုယ်တော်မြတ်မင်္ဂလာစက္ကမင်တူးအကြောင်းကို သင်ကြားရန်ပြင်ဆင်နေသည်။ သီလရှင်များလည်းဤသင်ခန်းစာအတွက်ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ကလော့ဒ်က အမျိုးသမီးသည် ထိုကိုယ်တော်မြတ်မင်္ဂလာအကြောင်းကိုလည်း သူ့အားပြောပြခဲ့သည်။

သူမ ဘာပြောခဲ့သည်ကို ပြောပြရမလားဟု Fr. O'Leary ကိုခွင့်တောင်းလိုက်သည်။ Fr. O'Leary က ပြောပြရန် ချက်ချင်းသဘောတူခဲ့သည်။

ကလော့ဒ်ကဆက်ပြောသည် “ကိုယ်တော်မြတ် မင်္ဂလာသည် မုန့်တလုံးနှင့်တူသည်ကိုသာ ငါတွေ့ လိမ့်မည်။ သို့သော်အမှန်တကယ်တွင် သူ၏သားတော် ဖြစ်ကြောင်း၊ သူသည်သူမနှင့်အတူရှိသကဲ့သို့ ငါနှင့်အတူရှိလိမ့်မည်ဟုပြောခဲ့သည်။ သူသည် ဗက်သလင်မြို့၌မွေးဖွားခြင်းမတိုင်မီ သူမနှင့်အတူ တစ်လုံးတစ်ဝတည်းရှိသကဲသို့ ငါနှင့်အတူလည်း ရှိလိမ့်မည်။ ထို့အတူ သူမကဆက်ပြောသည်။ ငါ၏ဘဝအသက်တာကိုသူမကဲ့သို့ သူ့ကိုချစ် မြတ်နိုးခြင်း၊ ကိုးကွယ်ခြင်း၊ ကျေးဇူးတင်ခြင်းနှင့် ဆုကျေးဇူးတော်များတောင်းခံခြင်းဖြင့် သူနှင့်အတူ အချိန်ကုန်သင့်ကြောင်းပြောလေသည်။ ထို့အပြင်ငါ့ကို အခြားမည်သည့်အရာကမှ စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ဘဲ ကျန်နေသောမိနစ်အနည်းငယ်အတွင်း ဘုရားသခင်တစ်ဦးတည်း၏အကြောင်းကိုသာ စဉ်းစားရင်းသူနှင့်အတူရှိနေသင့်ပေသည်။”

ကလော့ဒ်သည်ကက်သလစ်ယုံကြည်ခြင်းကိုလက်ခံပြီးကွပ်မျက်ဖို့စီစဉ်ထားခြင်း

ကလော့ဒ်ကို ကက်သလစ်ဘာသာဝင်အဖြစ် လက်ခံပြီးလျှင် ကွပ်မျက်ဖို့အစီအစဉ်ရှိလေသည်။
ရက်သတ္တပတ်များကုန်လွန်လာသည်နှင့်အမျှ ကက်သလစ်ဘာသာရေးညွှန်ကြားချက်များကို အဆုံးသတ်လိုက်ပြီး ကလော့ဒ်နှင့်အခြား အကျဉ်းသားများကို ဆေးကြောခြင်းပေးကာ ကက်သလစ်ဘာသာထဲကိုလက်ခံလိုက်သည်။ စိန့်မေရီသာသာငယ်အတွင်း၊ ၁၉၄၄ ခုနှစ်ဇန်နဝါရီလ ၁၆ ရက်တွင်သူ၏ဆေးကြောခြင်းခံယူခြင်းကို မှတ်တမ်းတင် ထားသည်။ ဖာသာရ်အိုလီရီသည် ဆေးကြောခြင်းပေးခဲ့ပြီး၊ သီလရှင်ငယ်လေး Sr. Bena Henken သည် ဆေးကြောခြင်းမိခင်အဖြစ် ပါဝင်အမှုဆောင်ခဲ့သည်။

မကြာခင်တွင် ကလော့ဒ်ကိုကွပ်မျက်ဖို့ အချိန်ရောက် လာခဲ့သည်။ သူသည် ၁၉၄၄၊ ဇန်နဝါရီလ ၂၀ ရက်နေ့ည ၁၂ နာရီထိုးပြီးငါးမိနစ်အကြာတွင် ကွပ်မျက်ခြင်းခံရမည်။
ဝီလျံဆန်အမည်ရှိရဲအရာရှိက “ကလော့ဒ်၊ မင်းရဲ့ နောက်ဆုံးအခွင့်ထူးတစ်ခုကိုရရှိထားပါတယ်။ မင်းဘာကိုအလိုရှိသလဲ” ဟုမေးခဲ့သည်။
ကလော့ဒ်က “ကောင်းပြီ။ ကျနော့်သူငယ်ချင်းတွေ အားလုံးလည်းခါတိုင်းလိုပါပဲ။ ထောင်မှူးလည်း ခါတိုင်းလိုပါပဲ။ ဒါကိုမင်းနားလည်မှာမဟုတ်ဘူး။ မကြာခင် ဒီခန္ဓာကိုယ်က သေတော့မယ်။ ဒါပေမဲ့ ငါမသေဘူး။ ငါသူမနှင့်အတူရှိမယ်။ ဒါကြောင့် ငါပါတီပွဲတစ်ခုတက်ချင်တယ်။”

“မင်းဘာကိုဆိုလိုတာလဲ?” ဟု ရဲအရာရှိမေးလိုက်သည်။
ကလော့ဒ်က “ပါတီပွဲတစ်ခုလေ”

“ဖာသာရ်အိုလီရီကိုကိတ်မုန့်တွေ၊ ရေခဲမုန့်တွေ ယူလာခွင့်ပေးမှာလား။ နောက်ပြီး ဒုတိယထပ်မှာ ရှိတဲ့အကျဉ်းသားတွေကို ငါတို့အခန်းထဲမှာအတူတူ ပါတီပွဲတစ်ခုကျင်းပနိုင်အောင်ခွင့်ပြုမလား။”
“တစ်ယောက်ယောက်က ဖာသာရ်ကိုတိုက်ခိုက် လာနိုင်လိမ့်မယ်” ဟုကြီးကြပ်သူမှသတိပေးခဲ့သည်။
ကလော့ဒ်သည်အနားမှာရပ်နေသောလူတို့အား လှည့်ကြည့်ကာ “အိုးမဟုတ်ဘူး၊ ဟုတ်တယ် မဟုတ်ဘူးလား?"
ကြည်းကြပ်မှူးကသဘောတူပြီးပါတီအတွက် နောက်ထပ်အစောင့်များချခဲ့သည်။ ဒီတော့ FR. O'Leary က သူ၏သာသနာအတွင်းရှိ ချမ်းသာကြွယ်သူများမှ ရေခဲ့မုန့်နှင့်ကိတ်မုန့်ကို ရက်ရောစွာထောက်ပံ့ခဲ့သည်။ လူတိုင်း လည်းပါတီတွင်ပျော်မွေ့ခဲ့ကြသည်။

ထို့နောက်ကလော့ဒ်ကတောင်းဆိုသောကြောင့် သူတို့သည်အထူးသဖြင့် ကလော့ဒ်နှင့်သူတို့၏ စိတ်ဝိညာဉ်များအားလုံးအတွက် ဆုတောင်းပေး ခဲ့ကြသည်။ Fr. O'Leary သည် ဘုရားရှိခိုး ကျောင်းမှ ဆုတောင်းစာအုပ်များယူဆောင်လာပြီး ခရူးစူးကားတိုင်လှည့်ခြင်းများနှင့်အတူ သန့်ရှင်းသောကိုယ်တော်မြတ်ဖူးခြင်းတစ်နာရီကို ကိုယ်တော်မြတ်မပါပဲပြုလုပ်ခဲ့ကြသည်။
ကလော့ဒ်ကိုကွပ်မျက်ရန်အချိန်နီးကပ်လာသည်ဖြစ်၍ အမျိုးသားများသည်သူတို့၏ အကျဉ်းခန်းများ သို့ပြန်ပို့ခံခဲ့ရသည်။ ထို့နောက်ဘုန်းတော်ကြီးသည် ကိုယ်တော်မြတ်စက္ကမင်တူးမင်္ဂလာကို ကလော့ဒ် သည်ရယူရန်အတွက် ဘုရားရှိခိုးကျောင်းသို့သွားကာ ကိုယ်တော်မြတ်ကို ပင့်ဆောင်လာကာ ကလော့ဒ်အား ပေးခဲ့သည်။
ပြီးနောက်ဖာသာရ်အိုလီရီကကလော့ဒ်ရဲ့အခန်းကိုပြန်လာခဲ့သည်။ ကလော့ဒ်သည် ဘားတစ်ဖက်တွင် ဒူးထောက်ပြီး ဖာသာရ်အိုလီရီသည် အခြား တစ်ဖက်တွင်ဒူးထောက်ကာ နောက်ဆုံးနာရီ လက်တံမှအသံကိုနားစွင့်ရင်း ဆုတောင်းနေကြသည်။

နှစ်ပတ်ကြာသေဒဏ်ပေးခြင်းကိုဆိုင်းငံ့ထားခြင်း


ကွပ်မျက်ခြင်းစတင်ရန် မတိုင်မီ ၁၅ မိနစ်တွင်၊ ရဲအရာရှိဝီလျံဆန်က လှေကားထစ်များတွင် ပြေးတက်ကာ အော်ဟစ်လိုက်သည်။ “ဆိုင်းငံ့ရပြီ။ ဆိုင်းငံ့ရပြီ။ အုပ်ချုပ်ရေးမှူးက ရက်သတ္တပတ်နှစ်ပတ် ဆိုင်းငံ့ခွင့်ပေးထားပြီ။”

ရဲအရာရှိနှင့်ခရိုင်ရှေ့နေများက ကလော့ဒ်၏ အသက်ကိုကယ်တင်ရန်နှင့် ကွပ်မျက်ခြင်း မဆက်လုပ်ရန် ကြိုးစားနေသည်ကို ကလော့ဒ်သည်သတိမပြုမိပါ။ သို့သော်လည်း ကလော့ဒ်သိသွားသောအခါ မျက်ရည်ကျလေသည်။ သူသည်ကွပ်မျက်ခံရခြင်းမှ ဆိုင်းငံ့ခံရခြင်းသည် သူ၏ဝမ်းမြောက်စိတ်ဖြင့် တုံ့ပြန်သည့်အတွက် ကြောင့်ပေလောဟု ရဟန်းတော်နှင့်ရဲအရာရှိတို့က ယူဆကြလေသည်။
သို့သော်ကလော့ဒ်က “ဒါပေမယ့်မင်းနားမလည်နိုင်ဘူး။ သူမမျက်နှာကိုမြင်ပြီး သူမရဲ့မျက်လုံးကိုကြည့်မိလျှင် နောက်တစ်နေ့အထိ နေချင်တော့မှာမဟုတ်ဘူး။”
ထို့နောက်ကလော့ဒ်ကဆက်ပြောသည် “ငါ့အိမ်တော်ကိုပြန်ဖို့ကိုဘုရားသခင်ဘာကြောင့်ငြင်းဆန်ခဲ့သလဲ။ ဒီလွန်ခဲ့တဲ့အပတ်က ငါဘာအမှား လုပ်မိသလဲ။”
ထို့နောက် ဖာသာရ်အိုလီရီးယန်းက “ကလော့ဒ်သည် စိတ်ကြေကွဲသကဲ့သို့ ငိုကြွေးနေလေတော့သည်။” ဟုပြောသည်။
စိတ်ရှုပ်ထွေးအံ့ဩခြင်းနှင့် ရဲအရာရှိသည် အခန်းထဲကထွက်လာခဲ့သည်။ ရဟန်းတော်နှင့် Claude တို့မှာငြိမ်ဝပ်တိတ်ဆိတ်သွားလေသည်။ ထို့နောက် Fr. O'Leary သည် Claude အား ကိုယ်တော်မြတ်ကို ပေးလေ၏။ ကလော့ဒ်က “အဘယ့်ကြောင့်နည်း။ ကျွန်ုပ်သည်ဤတွင် နှစ်ပါတ် ဆက်နေရန်လိုအပ်သနည်း။”

ကလော့ဒ်သည်အကျဉ်းသားချင်းတစ်ဦးအတွက်မိမိကိုယ်ကိုရက်ရောစွာစွန့်လွှတ်ခြင်း

ဖာသာရ် O'Leary သည် ကလော့ဒ်အား ရုတ်တရက်တစ်စုံတစ်ရာကိုတိုက်တွန်းလှုံ့ဆော်ခဲ့သည်။ ကလော့ဒ်နှင့်အတူ အကျဉ်းထောင်ထဲတွင် အကျဉ်းကျနေသည့် လူဖြူအကျဉ်းသား၊ ကလော့ဒ်ကို မုန်းတီးနေသည့် James Hughs သည်ဆိုးဆိုး ရွားရွား အကျင့်ယိုယွင်းမှုဖြင့်နေထိုင်ခဲ့သည်။ ကလော့ဒ်ကဲ့သို့ပင် သူသည်လည်းလူသတ်မှုဖြင့် ကွပ်မျက်ခြင်းခံခဲ့ရသည်။ ဂျိမ်းစ်သည် ကက်သလစ်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာ သူဖြစ်သော်လည်း ယခုသူသည်ဘုရားသခင်ကို သာမက ခရစ်ယာန်အားလုံးကို မုန်းတီးပြီးငြင်း ပယ်ခဲ့သည်။
ဖာသာရ်အိုလီရီက “ငါတို့၏မြတ်သောမိခင်က ထိုသူကိုပြောင်းလဲရန်အတွက် သင်ဟာ သူမနှင့် အတူရှိနေခြင်းကို ငြင်းပယ်ဖို့နှင့် သင့်ရဲ့ကိုယ်ကို ပူဇော်ဖို့တောင်းဆိုတာဖြစ်လိမ့်မယ်။”
တဖန်ဖာသာရ်က “ဤအကျဉ်းသားအတွက် သင်၏ကောင်းကင်မိခင်နှင့် ခဏတာခွဲခွာရသည့် အချိန်တိုင်းကို ဘာ့ကြောင့်ဘုရားသခင်အား မပူဇော်လိုပါသနည်း။ သည့်အတွက်ကြောင့် သူသည်ဘုရားသခင်နှင့် ထာဝရကာလပတ်လုံး ဝေးကွာသွားတော့မည်မဟုတ်။” ဟုပြောလိုက်ရာ ကလော့ဒ်သည် ခဏစဉ်းစားပြီးနောက် သူသဘောတူခဲ့လေသည်။

သူသည်ဖာသာရ်အိုလီရီကို သူ့အားယဇ်ပူဇော်ရန် စကားလုံးများကိုသင်ကြားပေးရန်တောင်းဆိုခဲ့သည်။ ဖာသာရ်သည်နောက်ပိုင်းတွင် ဤပုဂ္ဂိုလ်ရေးရာ ပူဇော်သက္ကာကိုသိသော ကမ္ဘာပေါ်ရှိလူနှစ်ဦးသည် ကလော့ဒ်နှင့်မိမိကိုယ်တိုင်ဖြစ်ကြောင်း သက်သေခံခဲ့သည်။ အကြောင်းမှာ ၎င်းသည်ဘုရားသခင်နှင့် မင်္ဂလာရှိသောမိခင်၊ ကလော့ဒ်နှင့်သူကိုယ်တိုင်အကြား ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သောကြောင့်ဖြစ်သည်။

နာရီအနည်းငယ်အကြာတွင် (သေဒဏ်ပေးခံရခြင်းမှ ဆိုင်းငံ့ခွင့်ရပြီးနောက်မနက်တွင်အထိ) Fr. O'Leary က ကလော့ဒ်ထံသို့လာလည်ပတ်စဉ် ကလော့ဒ်က ဘုန်းတော်ကြီးကိုပြောလေသည်။
“ဂျိမ်းစ်က အရင်ကငါ့ကိုမုန်းတယ်။ ဒါပေမယ့်ကိုယ်တော်ရယ်၊ သူကငါ့ကိုအခုထိမုန်းနေ သေးတယ်။”
(ဂျိမ်းစ်သည် Claude ရဲ့သေဒဏ်ပေးခံရခြင်းမှ ဆိုင်းငံ့ခွင့်ရသောပြန်ကြားချက်ကိုကြားပြီး မနာလိုဖြစ်နေခြင်းဖြစ်သည်။) ထို့နောက်ရဟန်းတော်က “ကောင်းပြီ၊ ဒါကကောင်းတဲ့ လက္ခဏာပဲ” ဟု အားပေးလိုက်သည်။

ကလော့ဒ်၏ကွပ်မျက်ခံရခြင်း။
ရက်သတ္တပတ်နှစ်ပတ်အကြာတွင်ကလော့ဒ်သည် သူ၏အကျဉ်းသားချင်းဖြစ်သည့်ဂျိမ်းဟူးစ်အတွက် သူ၏ယဇ်ပူဇော်ခြင်းနှင့်ဆုတောင်းခြင်းများကိုရက်ရက်ရောရောဆက်ကပ်ခဲ့သည်။ နှစ်ပတ်အကြာတွင် ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီ (၄) ရက်တွင်လျှပ်စစ်ကုလားထိုင်မှ ကလော့ဒ်ကိုနောက်ဆုံးတွင် ကွပ်မျက်လိုက်သည်။
Claude ၏သန့်ရှင်းသောသေခြင်းနှင့်စပ်လျဉ်း၍ ဖာသာရ်အိုလီယာက “ဘယ်သူ့ကိုမှသူ့သေဆုံးခြင်းလို ပျော်ရွှင်စွာနဲ့ပြီးဆုံးတာမတွေ့ဖူးဘူး။”
တရားဝင်မျက်မြင်သက်သေများနှင့်သတင်းစာသမား၊ သတင်းထောက်များပင်အံ့အားသင့်ခဲ့ရသည်။ “ဘယ်သူမဆိုလျှပ်စစ်ကုလားထိုင်ပေါ်မှာထိုင်ပြီး ဘယ်လောက်ပျော်နိုင်မှာလဲဆိုတာကို နားမလည်နိုင်ကြဘူး။” ဟုသူတို့ကဆိုပါတယ်။

၁၉၄၄ ခုနှစ်ဖေဖော်ဝါရီ ၄ ရက်တွင်ကွပ်မျက်ခံရ သည့်နေ့၌ ကလော့ဒ်၏သေဒဏ်စီရင်မှုကို Vicksburg Evening News တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဖာသာရ်အိုလီရီအား သူ၏နောက်ဆုံးစကားများမှာ “ကိုယ်တော်၊ သင့်ကိုအမြဲမှတ်မိနေပါ့မယ်။ သင်တောင်းဆိုစရာ တစ်ခုခုရှိရင်ငါ့ကိုပြောပါ။ ပြီးတော့ငါ သူမကိုတောင်းပေးပါ့မယ်။”

အကျဉ်းသားJamesHughs၏အံ့ဖွယ်နည်းဖြင့်ပြောင်းလဲခြင်းနှင့်ကွပ်မျက်ခံရခြင်း။

သုံးလကြာပြီးနောက် ၁၉၄၄၊ မေလ ၁၉ ရက်နေ့တွင် ကလော့ဒ်သည် သူ့အတွက် ပူဇော်၊ ဆုတောင်း၊ ဆပ်ဖြေပေးခဲ့သည့် ဂျိမ်းစ်ဟွခ်ဆိုသောလူဖြူကို ကွပ်မျက်ခဲ့လေသည်။ ဖာသာရ်အိုလီယာက “ဤသူကား အစဉ်အမြဲညစ်ညူး။ အကျင့်ပျက်သော သူဖြစ်၏။ ဘုရားသခင်နှင့်ဝိညာဉ်ရေးရာများကို သူမုန်းတီးခဲ့သည်။”
သူသည်သူ၏အခန်းသို့ ရဟန်းဘုန်းတော်ကြီးများ တစ်ဦးကိုမျှဝင်ခွင့်မပြုပါ။ သူမသေဆုံးခင်တွင် ခရိုင်ဆရာဝန်သည်သူနှင့်အနည်းဆုံးဒူးထောက်ပြီး “ကောင်းကင်ဘုံ၌ငါတို့၏အဘ”ဟု ဆိုရန် ရဲအရာရှိကတောင်းပန်ခဲ့သည်။ အကျဉ်းသားသည် ဆရာဝန်၏မျက်နှာ၌တံတွေးထွေးလေ၏။


သူသည်လျှပ်စစ်ကုလားထိုင်ထဲသို့ချည်နှောင်ခံရသောအခါရဲအရာရှိက “မင်းပြောစရာရှိရင် အခုပြောလိုက်ပါ” ဟုဆိုရာ အပြစ်သားသည် စတင်ကြိမ်ဆဲလေတော့သည်။ ထို့နောက် ရုတ်တရက် သူသည် စကားမပြောတော့ပဲ သူ၏မျက်စိသည် အခန်း၏နံရံထောင့်အပေါ်မှာရပ်လျက်၊ သူ၏မျက်နှာ သည်အလွန်အမင်း ထိတ်လန့်နေလေသည်။ ရုတ်တရက်သူသည်ကြောက်လန့်တကြားအော်ဟစ် လိုက်သည်။
ရဲအရာရှိကိုလှည့်ပြီးသူက “ရဲအရာရှိ၊ ငါ့ကိုရဟန်း တော်တစ်ပါးအမြန်ခေါ်ပေးပါ” ဟုပြောလိုက်သည်။

ကွပ်မျက်သတ်ဖြတ်မှုတွင် ရဟန်းတော်တစ်ပါးရှိနေရန် ဥပဒေကတောင်းဆိုထားသည့်အတွက် ယခုဖာသာရ် အိုလီရီသည် တဖက်အခန်းထဲတွင်ရှိနေသည်။ အပြစ်ဒဏ်ခံရသူသည် ရဟန်းတစ်ပါးကိုမျှ မခေါ်ပေးပါက ဘုရားသခင်ကိုကျိန်ဆဲမည်ဟု ခြိမ်းခြောက်သောကြောင့် ဖာသာရ်အိုလီရီသည် ပြစ်ဒဏ်စီရင်ခံရသောလူထံ ချက်ချင်းသွားခဲ့သည်။ အခန်းကိုအခြားလူများဖယ်ထုတ်ပြီးမှထိုသူ၏ အပြစ်ဝန်ခံခြင်းကို ဘုန်းတော်ကြီးကကြားနာပေး၏။ ထိုသူကသူသည်ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်သည်ဟုဆိုသော်လည်း သူသည်အသက် ၁၈ နှစ်အရွယ်တွင်သူ၏အကျင့်ပျက်ဘဝကြောင့် ဘာသာရေးကိုစွန့်လွှတ်ခဲ့သည်။

လူတိုင်းအခန်းထဲသို့ပြန်ရောက်လာသောအခါ ရဲအရာရှိက ဘာအကြောင်းကြောင့် သူ့ကိုစိတ်ပြောင်း စေသလဲဟု ဘုန်းတော်ကြီးကိုမေးခဲ့တယ်။ Fr. O'Leary က “ငါမသိဘူး။ ငါသူ့ကိုမမေးခဲ့ဘူး” ဟုပြောသည်။ ရဲအရာရှိက “ကောင်းပြီ၊ ငါမှမမေးရရင် ငါဘယ်တော့မှမအိပ်ပျော်မှာမဟုတ်ဘူး” ဟုပြောခဲ့သည်။

ရဲအရာရှိသည် ထိုသူ့ထံလှည့်ပြီး “သား၊ မင်းဘာဖြစ်လို့ စိတ်ပြောင်းသွားတာလဲ” ဟုမေးခဲ့သည်။

အကျဉ်းသားက “ကောင်းပြီ။ လူမည်း Claude ဆိုတဲ့သူကိုငါအရမ်းမုန်းတယ်ဆိုမှတ်မိလား။ သူအခန်းကထောင့်မှာရှိနေတယ်။ သူရပ်နေတယ်။ နောက်ပြီး သူ့ပခုံးတစ်ဖက်စီအနောက်မှာ မယ်တော်သခင်မ ရှိနေတယ်။ ပြီးတော့ ကလော့ဒ်က ငါ့ကိုပြောတယ်။ သင်ရဲ့ကယ်တင်ခြင်းအတွက် ခရစ်တော်ရှင်ရဲ့လက်ဝါးကပ်တိုင်မှာအသေခံခြင်းနဲ့ ပေါင်းစပ်ပြီး ကျွန်ုပ်ရဲ့သေခြင်းကိုပူဇော်ခဲ့တယ်။ သင်နောင်တမရပါက ငရဲထဲတွင်သင်၏နေရာကို တွေ့မြင်နိုင်ရန် သူမသည်သင့်အတွက် ဤဆုကျေးဇူး ကို ရရှိစေသည်ဟုဆိုသည်။ ငါ၏နေရာကို ငရဲမှာထားရှိသည်ကိုငါ့ကိုပြခဲ့သည်။ ထို့ကြောင့် ငါသည်ကြောက်လှန့်စွာအော်ဟစ်နေခြင်းဖြစ်သည်။”

ဂျိမ်းစ်ကိုစီစဉ်ထားသည့်အတိုင်းကွပ်မျက်ခဲ့သည်။ သို့ရာတွင် Claude Newman နှင့်အတူအမိ မယ်တော်၏ တောက်ပသောကောင်းကင် အသွင်အပြင်နှင့် ငရဲတို့၏ရူပါရုံတို့သည် သူ့ဘဝ အသက်တာ၏စိတ်ဝိညာဉ်အတွက် နောက်ဆုံးအချိန် လေးကို ချက်ချင်းပြောင်းလဲစေခဲ့သည်။
ဖာသာရ်အိုလီရီသည် မင်္ဂလာရှိသောအပျိုကညာ မာရီးယား၏အကူအညီဖြင့် ကလော့ဒ်၏ဆင်းရဲ ဝေဒနာများကို ယေဇူးခရစ်တော်ရှင်အား ပူဇော်ဆက်ကပ်လိုက်ခြင်းအားဖြင့် သခင်ယေဇူး၏ ဆင်းရဲဒုက္ခများနှင့်အတူတကွ ပေါင်းစပ်စေရန် ကလော့ဒ်ကိုသွန်သင်ခဲ့သည်။

ငါတို့ရှိသမျှသည်အခြားသူများအတွက်လုပ်ပေးသကဲ့သို့ပင် ကလော့ဒ်၏ဆင်းရဲဒုက္ခသည်လည်းဂျိမ်းစ်၏ ထူးခြားသည့် နောက်ဆုံးသောပြောင်းလဲခြင်းနှင့် နောင်တအတွက်ပေးဆပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခခံခြင်းတန်ဖိုးကို ယေဇူးခရစ်တော်၏ဒုက္ခစရိယာတန်ဖိုးနှင့်ပေါင်းစပ် လျှက်၊ ကောင်းကင်ဘုံမှမြတ်မယ်တော်၏ ချစ်ခြင်းမေတ္တာဖြင့်ကြားဝင်ဖြန်ဖြေခြင်းတန်ခိုးတော်တို့ကို ကျွန်ုပ်တို့ဘယ်တော့မှ တိုင်းတာ၊ ခန့်မှန်းတွက်ချက်၍မရနိုင်ပေ။

အပြစ်မဲ့သန္ဓေယူသောသခင်မ၊ သခင်မထံခိုလှုံသူတို့အဖို့ငှါဆုတောင်းပေးတော်မူပါ။

By: Glenn Dallaireby John Vennari, from the March 2001 issue of “Catholic Family News.”

Story Source

#Petronilla (SFX)

ဘာသာျပန္မ်ား