
(စ)သင်တို့၏ဘဏ္ဍာကို ကောင်းကင်ဘုံ၌ စုထားကြလော့ (မာတေဦး ၆:၂၀-၂၁)
“ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနနှင့် ကင်းလွတ် ၍ မမြဲသောစည်းစိမ်ကိုမကိုးစားပဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကို ပေးသနားတော်မူသော ဘုရားသခင်အား ကိုးစားရမည့်အကြောင်းနှင့် သူတပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်ကန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ကောင်း သောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းပူးမည့်အကြောင်း ပညတ်ထား၏။” (တိမောသေသြဝါဒ ဒု-စာစောင် ၆း၁၇)။
တခါက ပြင်သစ်ပြည်၌ ကပ်စေးနှဲသောသူဌေးတစ်ဦးသည် ၊ ဝှက်တံခါးပြုလုပ်၍ မိမိ၏အိမ်မြေအောက်ခန်းတစ်ခုတွင် ရွှေ၊ ရတနာများကို မည်သူမျှမသိအောင် ဝှက်ထားသည်။ ထိုဥစ္စာပစ္စည်း များကို လူမသိအောင် လျှို့ဝှက်တံခါးအဖုံးဖွင့်၍ မြေအောက်ခန်းကို သွားစစ်ဆေးလေ့ရှိသည်။ တစ်နေ့တွင် လျှို့ဝှက်တံခါးမှတစ်ဆင့် မြေအောက်သို့ဆင်းရာတွင် မတော်တဆလျှို့ဝှက်တံခါးမှာပိတ်သွားပြီး ပြန်ဖွင့်၍မရတော့ချေ။ အိမ်သားတစ်ယောက်မှ မြေအောက်ခန်းရှိသည်ကို မသိကြသဖြင့် သူဌေးကြီးကို မည်သူမျှ ရှာမတွေ့ကြပေ။
အချိန်အတော်ကြာသွားသောအခါ သူဌေးကြီး၏မိသားစုသည် အိမ်ကိုရောင်း၍ အခြားသို့ပြောင်းသွားကြပါသည်။ အိမ်ရှင်အသစ် များရောက်လာ၍ အိမ်ကိုပြင်၍ အဆောင်သစ်များဆောက်ရန် ပြုလုပ်ကြစဉ် မမျှော်လင့်ပဲ မြေအောက်ခန်းကို တွေ့ရှိသွားကြသည်။ မြေအောက်ခန်းသို့သွား၍ တံခါးကိုဖွင့်ကြည့်ရာ သူဌေးကြီးသည် ထိုင်ရက်အနေအထားနှင့် စားပွဲကိုမှီပြီးသေနေသည်ကိုတွေ့ကြရသည်။ စားပွဲပေါ်တွင် ရွှေ၊ ငွေ၊ ရတနာများက အရောင်တဖိတ်ဖိတ်တောက်ပနေသည်။ သူဌေးကြီးသည် မြေအောက်ခန်းတွင် ပိတ်မိနေစဉ် အလွန်ဆာလောင်၍ ဖရောင်းတိုင်တစ်တိုင်ကို ကိုက်စားထားသည်ကို တွေ့ကြရသည်။ (M.Nassan)
မည်မျှချမ်းသာသော်လည်း ချမ်းသာခြင်း၏အကျိုးကို မသွားရပေ။ သူပိုင်သော ဥစ္စာ၊ ရွှေ၊ ငွေများဖြင့်လည်း ကုသိုလ်မလုပ်ခဲ့သဖြင့် နောင်ဘဝအတွက် အကျိုးမရှိနိုင်ဟု ဆိုရပေမည်။
(Pompei) ပွန်ပေမြို့ဟောင်းအပျက်အစီးများထဲမှ ကျောက်ရုပ် ဖြစ်နေသော အမျိုးသမီးတစ်ဦးကို ရှာဖွေတွေ့ရှိကြသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ပွန်ပေမြို့သူမြို့သားများ ထွက်ပြေးကြစဉ် ထို အမျိုးသမီးမှာ မထွက်ပြေးနိုင်ပဲ၊ မိမိ၏လက်ဝတ်ရတနာများကို ရှာဖွေ သိမ်းဆည်းနေသဖြင့် အသက်ရှုံးသွားကြခြင်းဖြစ်မည်ဟု ခန့်မှန်းကြ၏။
ပွန်ပေမြို့ပျက်ကြီးအတွင်းရှိ အိမ်တစ်အိမ်ထဲတွင်လည်း လူတစ် ဦး၏အရိုးစုများကို ရှာဖွေတွေ့ရှိရ၏။ ထိုအရိုးစုများတွင် ငွေဒင်္ဂါး အပြား (၂၀)၊ ပန်းကန်အပြားငယ် (၁)ခု နှင့် ငွေနှင့်ပြုလုပ်ထားသော လဘက်ရည်အောက်ခံပန်းကန်ပြားတစ်ခုကို တွေ့ရသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ချော်ရည်များတစ်မြို့လုံး ဖုံးလွှမ်းချိန်တွင် ထွက်မပြေးပဲ ထိုပစ္စည်းလေးများကိုယူနေ၍ အချိန်နောက်ကျပြီး သေဆုံးသွားရသည်ဟု ခန့်မှန်းကြ၏။ (Anon)
“သင်၏ဥစ္စာရှိသောနေရာ၌ သင်၏စိတ်နှလုံးသည်လည်းရှိ၏” (မာတေဦး ၆:၂၁)။
မိမိ၏စည်းစိမ်ဥစ္စာကို အလွန်အကျွံတွယ်တာမက်မောသူတို့သည် ဥစ္စာပစ္စည်း၏နှောင်ကြိုးရစ်ပတ်ထားခြင်းကို ခံနေကြရသည်။ ဥစ္စာပစ္စည်းသည် လူအတွက်ကောင်းမွန်စွာ အသုံးချရန်ဖြစ်သည်။ လူ၏ရှင်သန်ရေးအတွက် ဖြစ်ရပေမည်။ ဥစ္စာပစ္စည်းအတွက် လူ၏အသက်ကိုပေးရလျှင်အကျိုးမရှိပါ။ ဘာသာရေးရှုထောင့်ကနေကြည့်လျှင်လည်း လောကီဥစ္စာသည် နောင်ဘဝသုခချမ်းသာအတွက် အထောက်အကူပြုသောအရာသာဖြစ်ရပါမည်။
ဥစ္စာပစ္စည်းအပေါ်တွင် တွယ်တာတပ်မက်မှုကြီးသူများသည် ထာဝရသုခချမ်းသာသွားရာလမ်းကို ဖြောင့်တန်းစွာ မသွားနိုင်ကြပေ။
သင်သည် သင်၏နောက်ဆုံးအချိန်ကို သတိယခြင်းဖြင့် အပြစ်များကို ရှောင်နိုင်မည် (Sirach 7:52-59)။ သေသည်နှင့် လူသည် ဘုရားရှင်၏စီရင်စစ်ကြောခြင်းကို ခံရ မည် (ဒေသနာကျမ်း ၃း၁၆-၁၇)။
မိမိတို့၏ဤလောကတွင်လုပ်ဆောင်ခဲ့သောကောင်းမှု၊ မကောင်းမှုအတိုင်း အပြစ်စီရင်ခြင်းခံကြရမည်။ ကောင်းကင်နှင့်ငရဲတစ်မျိုး မျိုးကို ပိုင်ဆိုင်ကြရမည်။
လူတစ်ယောက်က ပညာရှိသူတော်စင်တစ်ဦးအား အောက်ပါအတိုင်းမေးသည်။
"ဆရာကြီးခင်ဗျား သေခါနီးလူအတွက် အလေးဆုံးဝန်ထုပ်ဝန်ပိုး ဟာ ဘာပါလဲ၊ သိပါရစေ"
ထိုအခါ ပညာရှိကြီးက “သေခါနီးလူတစ်ဦးအတွက် နောင်ဘဝအတွက်သယ်သွားဘို့ ဘာမှမပါရှိပါလား” ဆိုတဲ့အသိဟာ သူ့အတွက် အလေးဆုံးဝန်ထုပ်ပါပဲတဲ့။
ဘာမှမပါသွားတာ ဘာကြောင့်အလေးဆုံးဖြစ်ရပါ့မလဲ၊ အပေါ့ဆုံးဖြစ်ရမှာပေါ့လို့ တွေးမိကောင်းတွေး မိကြပါလိမ့်မည်။
သေမည့်သူသယ်သွားဖို့ ဥစ္စာပစ္စည်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ကုသိုလ်ကောင်းမှု၊ သီလ၊ ပါရမီများကို ဆိုလိုခြင်းဖြစ်ပါသည်။ ရေဗူးနှင့်ဖိနပ်မပါ နွေခါမှသိ၊ သီလနဲ့ဒါနမပါ သေခါမှသိ ဆိုသော စကားပုံလေးကို ပြန်သတိယသင့်ပါသည်။
သေခါနီးအချိန်တွင် ဘဝတစ်လျှောက်လုံး၌ တရားကျင့်၍ ကုသိုလ်ပါရမီများကို အားစိုက် လုပ်ဆောင်သောရဟန္တာတို့ပင် သေပြီးသည့်နောက် ရင်ဆိုင်ရမည့် ဘုရား၏စီရင်စစ်ကြောခြင်းကို စိုးရိမ် မိကြသည်။
စိန့်ဟေလာရီအွန် (St.Hilarion) (d.371) တရားအလွန်ကျင့် ခဲ့သောပုဂ္ဂိုလ်ဖြစ်သည်။ သေခါနီးအချိန်၌ သေပြီးသည့်နောက် ဘုရား၏ရှေ့တွင် မိမိလုပ်ဆောင်ခဲ့သော ကောင်းမှု၊ မကောင်းမှု များအတိုင်း စီရင်ခံရမည့်အချက်ကို တွေးမိသောအခါ အလွန်စိုးရိမ်ပူပန်မိခဲ့သည်။ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ခံစားရမိသည်။ သို့သော် သူသည် ဘဝတစ်လျှောက်လုံး ဘုရားအလိုတော်အတိုင်း တရားကျင့်ခဲ့သူဖြစ်၍ သူ့ကိုအောက်ပါအတိုင်း ပြန်အားပေးခဲ့ပါသည်။ ငါ၏ဝိဉာဉ် သင်သည်ဘုရားသခင်အတွက် နှစ်ပေါင်း (၇၀)လုံးလုံး ကန္တာရထဲတွင် ဆက်ကပ်တရားကျင့်ခဲ့သည်မဟုတ်လော။
ဒါကြောင့် ဘာကြောင့် စိုးရိမ်ကြောက်လန့်နေရပါသလဲ။
ဘုရားအလိုတော်အတိုင်း အသက်ရှင်ခဲ့သူများပင် သေခါနီးအချိန်၌ စိုးရိမ်မိကြလျှင် အပြစ်ဒုစရိုက်၌ ကျင်လည်ခဲ့သူတို့အတွက် ဆိုဖွယ်ရာမရှိပြီ။
မနက်ဖန်ကို မပိုင်ကြပါ။
၁၉၇၃ ခုနှစ်တွင် လေယာဉ်တစ်စင်းသည် ဗီယင်နာမြို့မှ ဗင်းနစ်မြို့သို့အသွား ပျက်ကျသွားရာခရီးသည်များသေဆုံးခဲ့သည်။ ၎င်းခရီး သည်များတွင် စာရေးဆရာလူငယ်တစ်ဦးလည်းပါဝင်သည်။ လေယာဉ်ပျက်ကျပြီးနောက် ထိုလူငယ်မှာ ဒါဏ်ရာအကြီးအကျယ်ရပြီး သေဆုံးသွားခဲ့သည်။ သူသည် ဘယ်လင်မြို့မှ ဗီယင်နာမြို့သို့ ခရီး ထွက်လာပြီး ခဏနား၍ ဗင်းနစ်မြို့သို့ထွက်ခွာလာ ခြင်းဖြစ်သည်။ ဗင်ယင်နာမြို့တွင်ရပ်နားစဉ်က မိတ်ဆွေတစ်ဦးနှင့် နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်တွင် သွားရောက်စားသောက်ခဲ့ပါသည်။ ထိုသို့ စားသောက်နေချိန်တွင် လူငယ်စာရေးဆရာက သိပ္ပံပညာ၏ တိုး တက်နေပုံကို စိတ်ဝင်စားအောင် မိတ်ဆွေကိုပြောပြခဲ့သည်။
၎င်းက ဒီမနက် ကျွန်တော်ဂျာမနီနိုင်ငံ၊ ဘယ်လင်မြို့မှာ အဆာ ပြေစားခဲ့တယ်။ ဒီနေ့လည်း ဒီဗင်ယင်နာမြို့မှာ နေ့လည်စာ စားသောက်တယ်။ ဒီည ကျွန်တော် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ စားသောက်ဆိုင်တစ်ခုမှာ ညစာစားခွင့်ကြုံမည်ဟု ဆိုသည်။ သို့သော် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့အသွား လေယာဉ်ပျက်ရာတွင် သေဆုံးခဲ့ရသည်။ ထိုလူငယ်သည် ထိုကဲ့သို့သေရလိမ့်မည်ဟု မည်သို့မျှ မျှော်လင့်ခဲ့မည်မဟုတ်ပေ။ မနက်ဖန်ကို မည်သူမျှ မပိုင် ဆိုင်ကြပါတကား။
သမိုင်းပညာရှင် ပလူးတပ် (Plutarch) သည် (Thebes) ခေါင်းဆောင်တစ်ဦး၏အကြောင်း ရေးသားထားသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ အာခီအော့စ် (Archias) ဆိုသောခေါင်းဆောင် ဦးသည် အသောက်အစားအပျော်အပါး အလွန်ဝါသနာပါသည်။ တစ်ညတွင် စားသောက်ပွဲ ကျင်းပနေခိုက် သူ၏ဘက်တော်သားတစ် ဦးက (Pelopidas) ပေလိုပီဒါစ် ဆိုသောရန်သူသည် သူ့အားလုပ်ကြံ သတ်ဖြတ်မည့်သတင်းကို အတိအကျလာပေးခဲ့သည်။ သို့သော် အာခီအော့စ်သည် အလေးမထားခဲ့၊ သောက်စားမူးယစ် ပျော်ပါး၍နေခဲ့သည်။ သတင်ပေးသူအား “ကျွန်ုပ်မနက်ဖြန်မှ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမည်” ဟု ဆိုခဲ့သည်။
သို့သော် ထိုည၌ပင်ပြင်ဆင်မှုမရှိပဲ မူးယစ်ပျော်ပါးနေသောသူကို ရန်သူများသည် လာရောက်လုပ်ကြံသတ်ဖြတ်သွားသည်ဟု ဆိုသည်။
လူတို့သည် မကောင်းမှုအပျော်အပါးတို့၌ ယစ်မူးနေစဉ် ယနေ့လုပ်ရမည့်ကောင်းမှုများကို ထိုခေါင်းဆောင်ကဲ့သို့ အချိန်ဆွဲတတ် ကြပါသည်။
ခရစ်ယာန်တို့အတွက် မနက်ဖန်သည် မသေချာပါ။ မနက်ဖြန်ကို မပိုင်စိုးကြပါ။ မနက်ဖန်အချိန်ရှိပါသေးသည်ဟူသောအတွေးသည် မှားယွင်းနေပါသည်။
လုပ်သင့်သောအလုပ်ကို လုပ်ဆောင်ရန်အချိန်မရွှေ့ဆိုင်းသင့်ပါ။ သေမည့်အချိန်ကို မည်သူမျှမသိပါ။ “ကောင်းမြတ်သောအလုပ်ကိုလုပ်ရန် အကောင်းဆုံးအချိန်သည် ယခုပင်ဖြစ်သည်”ဟု စိန့်ကက်သရင်း (Gt. Katharine of Signa)ကဆို၏။
တခါက အပြစ်သားတစ်ဦးသည် ရဟန္တာအီညာဆီဦးထံလာ၍ နောက်အပတ်တွင် အာပတ်လာဖြေမည်ဟုဆိုရာ ရဟန္တာက သင်နောက်တစ်ပတ်ထိ ကျိန်းသေအသက်ရှင်နေရဦးမယ်လို့ ပြောနိုင်ပါသလား ဟု ပြန်မေးခဲ့ပါသည်။
သင်ကော မနက်ဖန်ကို ကျိန်းသေပိုင်ပါသလား။
မနက်ဖန်ကို သင်မပိုင်လျှင် ယနေ့လုပ်နိုင်သော ကောင်းမှုများကို ကောင်းကင်နိုင်ငံတော်အတွက် အကောင်းဆုံးလုပ်ဆောင်ရန်သာ လိုတော့သည်။
မိုက်ကယ် အန်ဂျေလိုသည် ခေတ်တိုင်းတွင် အကြီးကျယ်ဆုံး အနုပညာရှင်ကြီး တစ်ဦးဖြစ်သည်။
တစ်နေ့တွင် ရဟန်းမင်းကြီးက သူ့အား စစ်စတင်း (Gistine Chapel) ဘုရားကျောင်းတော်ကြီး၌ ၎င်းဆွဲလိုသောပန်းချီကို ပုံစံပြော၍ဆွဲခိုင်းရာ အနုပညာရှင်ကြီးက လက်ခံလိုက်သည်။ သူသည် ပုံအကြမ်းကို သေချာစွာရေးခြစ်ပြီး အပေါ်သို့တက်၍ ဘုရားကျောင်း
အောက်ခံအမိုးတွင် ထိုပန်းချီကားကို စိတ်ရှည်စွာ ရေးဆွဲတော့သည်။ အချိန်လည်း ကြာညောင်းသွားခဲ့သည်။ ထိုအခါ ရဟန်းမင်းကြီးသည် မိုက်ကယ်အန်ဂျေလိုပန်းချီဆွဲနေသော အောက်မှနေ၍ အပေါ်သို့မော့ပြီး ဤကဲ့သို့ လှမ်းပြောလိုက်သည် “မိုက်ကယ်အန်ဂျေလို သင်ဒီအလုပ်ကို ဘယ်တော့ပြီးမှာလဲ” “တပည့်တော်ပြီးနိုင်တဲ့အချိန်ပေါ့” ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ ရဟန်းမင်းကြီးက “ဒီအလုပ်ကိုသင်လုပ်ခဲ့တာကြာပြီ။ ဒါပေမဲ့ ကြည့်ရတာ သင်မစသေးဘူးလို့တောင် ထင်ရတယ်”ဟုဆိုရာ မိုက်ကယ်အန်ဂျေလိုက “ကိုယ်တော်ရယ်.. တပည့်တော် အလုပ်လုပ်တဲ့အခါ တဒင်္ဂအတွက်မဟုတ်ပါဘူး၊ ထာဝရအတွက်ပါ။ ဒါကြောင့် ကောင်းကောင်းလုပ်နေပါတယ်” ဟု ပြန်ဖြေလိုက်ပါ သည်။ ကျွန်ုပ်တို့ခရစ်ယာန်များသည်လည်း မည်သည့်အလုပ်ကိုမဆို ထာဝရအတွက် ရည်ရွယ်၍ အကောင်းဆုံးလုပ်ဆောင်သင့်သည်ကို မိုက်ကယ်အန်ဂျေလို၏စကားက နှိုးဆော်နေပါသည်။
ကျေးဇူးတင်ပါသည်။