အဝေးမှာရှိနေကြသော မိဘ၊ဆရာသမားတို့အား ရည်စူး၍ ကန်တော့ပါရစေ။ချစ်ခြင်းအစဖြစ်တော်မူသော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအား ဦးစွာရှိခိုးချီးမွမ်းပါ၏။ မာတာပီတုအနန္တဂိုဏ်းဝင် မိဘများအား ရည်မှန်း၍ အာစရိယဆရာသမားများအားလည်း ရှိခိုးကန်တော့ပါ၏။လဇူလိုင်၂၆ ရက်သည် အသင်းတော်ကြီးမှာကညာစင်မိခင်မယ်တော်မာရီးယာ၏ မိခင်ဖခင်ဖြစ်သော စိန့်ဂျော်ကင်း နှင့် စိန့်အဲန်း တို့ပွဲနေ့ဟူ၍ သတ်မှတ်ထားသလို ကျွန်ုပ်တို့မှီတင်းနေထိုင်သော ပြည်မြန်မာမှာ မိဘများ၏ ပွဲနေ့ဟူ၍ တမူထူးခြားစွာဖြင့် သတ်မှတ်ထားပါသည်။ ဤကဲ့သို့ နေ့ထူးနေ့မြတ်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ သတ်မှတ်ချက်ရှိသည်ဖြစ်စေ၊ မသတ်မှတ်ထားသည်ဖြစ်စေ၊ ကျွန်ုပ်တို့တစ်ဦးစီအား မွေးဖွားသန့်စင်ပေးခဲ့ကြသော မိဘတို့၏ကျေးဇူးကို အနှိုင်းမဲ့လွန်းလှကြောင်း ကျွန်ုပ်တို့ အသိပင်ဖြစ်သလို မြင့်မြတ်လွန်းလှပေကြောင်း ဧကန်အမှန်ပင်ဖြစ်သည်။ ဘုရားသခင်ပေးထားသော စတုတ္ထပညတ်တော်ဖြစ်၍ ကျွန်ုပ်တို့ တန်ဖိုးထားရမှာမိဘတို့၏ မေတ္တာ၊စေတနာ၊ အနစ်နာ၊ အနွံတာတို့ကို မည်သည့်အရာနှင့်မျှ ပြန်ဆပ်၍ မကုန်နိုင်ပါ။ ဖန်ဆင်းရှင်အဖဘုရားသည် ဖန်ဆင်းခံများကိုကြည့်ရှု စောင့်ရှောက်သည့်ပမာ သားသမီးတို့သည်လည်း မိဘတို့၏ ကြည့်ရှုစောင့်ရှောက်မှုကိုခံကြရပါသည်။ မိသားစု စား၊ဝတ်၊နေရေးအတွက် နေပူမိုးရွာမရှောင်ပင်ပန်းခြင်းကြီးစွာ ရှာဖွေလုပ်ကိုင်ပေးသောအဖေ့၏ ချွေးတစ်စက် နှင့် သားသမီးအသက်ရှင်ကြီးထွားမှုရရှိဖို့ရန် မိမိ၏ အသွေးကို အားအင်ဖြစ်စေသည့်နို့ရည်ကြည် အဖြစ်ပြောင်းလဲတိုက်ကျွေးပေးသော မိခင်၏နို့ရည် တစ်စက်သည်ပင် အင်မတန်မှတန်ဖိုးကြီးကြောင်း ပြန်လည်အသိအမှတ်ရင်း မိဘတို့အား ရိုသေဂါရဝပြုကန်တော့ပါ၏။“မိဘကျေးဇူး မြင့်မိုရ်မက၊ အတာကြူးမို့ စာဖွဲ့လို့မကုန်၊ ဘေးရန်ကင်းကွာ၊ နတ်ဆိုးရန်စွယ်၊ အန္တရာယ်လွတ်မြောက်ကင်းစေကြဖို့ ကောင်းစားသားသမီး၊ လူလားမြောက်အောင်၊ ပြုစုပျိုးထောင်၊ မားမားမတ်မတ်ရပ်တည်ပေးလျှက် အချက်ပြမီးလို၊ မီးပြတိုက်ပမာ ကျေးဇူးကြီးလှမိနှင့်ဖပါ။ဆရာဟူသည်၊မေတ္တာပြည့်၍ နှလုံးလှ၏..ဆရာဟူသည်၊အနစ်နာခံ၍ပေးဆပ်တတ်၏.....ဆရာဟူသည်၊ မေတ္တာပြလျှက် တွဲခေါ်တတ်၏..'သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဟူ၍ရှိပေရာ ကဏ္ဍသုံးခု၌ မလွတ်ရအောင် ကျွန်ုပ်တို့ကို ပညာပေးလမ်းညွှန်၊ကူညီဖေးမပေးလျှက် ချစ်လှစွာသော အာစရိယ ဆရာတော်များ၊ ရဟန်းတော်များ၊ စစ္စတာရ်များ၊ ဘရာသာရ်များ ဆရာသမားများအားလုံး ကိုရိုသေဂါရဝပြု ကန်တော့ပါ၏။ အရောင်အသွေးစုံသော ပန်းပွင့်တို့အားထိန်းသိမ်းစောင့်ရှောက် မေတ္တာပြလျက် ချစ်ခင်ကြင်နာကရုဏာစိတ်ဖြင့် အစွမ်းကုန်ပွင့်လန်း နန်းထိုက်စေဖို့ ကျရာကဏ္ဍအစွမ်းကုန်ကြိုးစားပေးသော ကျေးဇူးရှင်ဥယျာဉ်မှူးများတို့အား လက်ဆယ်ဖြာစုံမိုး၍ ရှိခိုးကန်တော့ပါ၏….. ။
ဒက်ဇူးမယ်,ISR
Posted by Sr.Benedetta Myat Hnin Nwe,ISR