Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
“အနာဂတ်လူငယ်အစေခံခေါင်းဆောင်”

လူတိုင်းမှာ အနာဂတ်ဆိုတာ ရှိတယ်။လူကြီးတွေမှာ အနာဂတ်ရှိသလို လူငယ်နှင့်ကလေးတွေမှာလည်း အနာဂတ်ဆိုတာ ရှိတယ်။စာရေးဆရာတစ်ယောက်ကပြောတယ် “လူကြီးတွေအနာဂတ်ကောင်းစားဖို့လူငယ်တွေရဲ့ လက်ထဲမှာ ရှိသလို လူငယ်တွေရဲ့ အနာဂတ်ကောင်းစားဖို့အတွက်လည်း လူကြီးတွေလက်ထဲမှာ ရှိတယ်။” ဆိုလိုသည်မှာ လူငယ်တွေက လူကြီးတွေထမ်းဆောင်သောတာဝန်များကို ပုခုံးထမ်း လွှဲယူရမည့် သူတွေ ဖြစ်တဲ့အတွက်နောင်တစ်ချိန်တွင်ခေါင်းဆောင်နေရာ တာဝန်ယူရမည့် လူငယ်များကို လူကြီးတွေကကောင်းမွန်စွာဦးဆောင်လမ်းညွှန် ပဲ့ပြင်ဆုံးမပြီး လိုအပ်သော အရည်အချင်းများကို ကောင်းမွန်မှန်ကန်စွာ ပြင်ဆင်ပေးထားမှသာလျှင် အနာဂတ်မှာ ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းတွေရှိမှ လူကြီးတွေလည်း ကောင်းမွန်စွာ အနားယူသွားနိုင်မှာ ဖြစ်သလိုအနာဂတ်ကြယ်ပွင့်ကလေးများရဲ့ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ လူမှုရေးအခွင့်အလမ်းများလည်းပိုမိုတိုးတက်လာနိုင်မှာ ဖြစ်တယ်။ ထို့အတူတိုင်းပြည်ဒေသများလည်းခေတ်မှီဖွံ့ဖြိုးလာမှာ မလွဲဧကန်အမှန်ပါ။တိုင်းပြည်တိုးတက်ဖို့၊အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ခေါင်းဆောင်ကောင်းတွေများစွာလိုအပ်တယ်။ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက်လည်း အရည်အချင်းတွေများစွာလိုအပ်တယ်။
ခေါင်းဆောင်ကောင်း တစ်ယောက်မှာရှိသင့်ရှိထိုက်သည့် အရည်အချင်းများ

(၁)မိမိကိုယ်ကို သိရှိခြင်း
“မိမိကိုယ်သိပညာရှိ” ဆိုသလိုပေါ့။ ခေါင်းဆောင်ကောင်းဟာ မိမိကိုယ်ကိုသိရှိပြီးနာလည်လက်ခံနိုင်စွမ်း ရှိပြီဆိုရင် ကိုယ့်ကိုယ်ကို ချစ်လာမယ်၊အခြားသူကိုလည်းသိလာမယ်၊နားလည်ပေးတတ်သူ ဖြစ်လာပြီး ဘာမဆို လက်ခံပေးနိုင်ကာမေတ္တာထားနိုင်မှာ ဖြစ်ပါတယ်။
(၂)တရားမျှတစွာ ဆက်ဆံတတ်ခြင်း
ခေါင်းဆောင်ကောင်းတစ်ဦးဟာတရားမျှတစွာဖြင့် အားလုံးအပေါ်မှာ လူမျိုးဘာသာ၊အဆင့်အတန်း၊ အသားအရောင်မခွဲခြားဘဲတန်းတူညီမျှ ဆက်ဆံတတ်မှ မိမိဦးဆောင်သောအဖွဲ့အစည်းကို စည်းလုံးညီညွှတ်စွာဦးဆောင်နိုင်မှာ ဖြစ်တယ်။
(၃)ကိုယ်ကျင့်သိက္ခာရှိခြင်း
ခေါင်းဆောင်ကောင်းတစ်ဦးဟာကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားကျင့်စောင့်တည်သူဖြစ်မှသာလျှင်ဂုဏ်သိက္ခာ ပျက်ပြားစေမယ့် စကားအပြောအဆို၊ အပြုအမူကိုရှောင်ကျဉ်ကာ လူအများအတွက်စံပြတစ်ဦး ဖြစ်လာမှာ ဖြစ်တယ်။
(၄)စည်းကမ်းရှိခြင်း
ခေါင်းဆောင်ကောင်းတစ်ဦးဟာစည်းကမ်းရှိသူ ဖြစ်ပြီး တာဝန်ယူ တာဝန်ခံတတ်သူတစ်ဦးဖြစ်တဲ့အတွက် အများကိုဦးဆောင်ဦးရွက်ပြုတဲ့ နေရာမှာလည်း စည်းစနစ်ကျစွာလမ်းပြဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၅)အကောင်းမြင်တတ်ခြင်း
ခေါင်းဆောင်ကောင်းတစ်ဦးဟာ အမြဲတမ်း အကောင်းမြင်တတ်၊ပြောတတ်ပြီးအပြုသဘောဆောင်သူဖြစ်မှသာလျှင်နောက်လိုက်တွေကိုလည်းအပြုသဘောဆောင်သောအရာများနှင့် လွှမ်းမိုးနိုင်စွမ်းရှိသလို အပြုသဘောဆောင်တဲ့မေးခွန်းတွေနဲ့ ဆွေးနွေးတိုင်ပင်ကာအကြံကောင်းများကို အမျှော်အမြင်ရှိရှိ ရယူတတ်သူ ဖြစ်လာမှာ ဖြစ်တယ်။
(၆)ရိုးသားပွင့်လင်းမှု ရှိခြင်း
သူဟာအမြဲရိုးသားပွင့်လင်းပြီး ဝိညာဉ်ရေးဆိုင်ရာ အသိပညာများကိုလည်း ချန်မထားဘဲဘုရားအကြောင်းတရားအကြောင်းကို လေ့လာရှာဖွေရန် ဆန္ဒရှိသူ တစ်ယောက်ဖြစ်တယ်။ တကယ်တမ်းလည်းဘုရားတရား ကိုင်းရှိုင်းသူ ဖြစ်ရပါမယ်။
(၇)သင်ယူလိုစိတ် ရှိခြင်း
သင်ယူခြင်းခရီးစဉ်ဆိုတာသူ့အတွက် အဆုံးမရှိ၊ အမြဲရှာဖွေ လေ့လာနေသူဖြစ်သလို သူ့မှာရှိတဲ့စွမ်းရည်တွေကိုလည်းပျောက်ကွယ်မသွားအောင် အဆက်မပြတ် အမြဲအားဖြည့်နေတတ်တဲ့ပညာရှိဖြစ်ပါတယ်။
(၈)ဆက်ဆံရေးကောင်းခြင်း
သူဟာအဖွဲ့သားနောက်လိုက်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ပြီး ဖော်ဖော်ရွေရွေဟာသလေးတွေနှောပြီး ပျော်ရွှင်စွာနေတတ်သူဖြစ်သလို ပိုမိုကောင်းမွန်တဲ့အရာတွေ၊အကျိုးရှိစေတဲ့ အရာတွေကိုရှာဖွေပေးတတ်ပါတယ်။
(၉)ကိုယ်ကျိုးမရှာတတ်ခြင်း
သူဟာကိုယ်ကျိုးမရှာတတ်သလို ခေါင်းဆောင်ဆိုပြီးတော့လည်း ခေါင်းမမော့ပါဘူး။ စီမံခန့်ခွဲမှုကိုကျွမ်းကျင်သလို နောက်လိုက်တွေမှာ ဘာအစွမ်းအစ ရှိတယ်၊ ဘာကျွမ်းကျင်တယ်ဆိုတာကိုလည်းသိပြီး အဲ့ဒီအရာတွေ ပိုမိုတိုးတက်လာအောင် ကူညီပံ့ပိုးပေးတတ်တယ်။ နေရာပေးတတ်ရုံတင်မက သူတို့တွေရဲ့ အောင်မြင်မှုအပေါ် အသိအမှတ်ပြုချီးမွမ်းစကားပြောဆိုပေးတတ်တယ်။
(၁၀)တစ်ပါးသူအပေါ် ယုံကြည်ပေးတတ်မှုရှိခြင်း
သူဟာ နောက်လိုက်တွေကို အမြဲယုံကြည်တယ်။သူတို့ရဲ့ယုံကြည်မှုကိုလည်း ရရှိထားသလိုနောက်လိုက်တွေကို အမြဲနားလည်ပေးတတ်သူဖြစ်တယ်။ နိမ့်ချတဲ့စိတ်နှလုံးသားနှင့် အမြဲအစေခံအနစ်နာခံသူ ဖြစ်ပါတယ်။ ရှေ့ကဦးဆောင်လမ်းပြပြီး အမြဲအတူရှိနေတတ်ကာ အားပေးစကားများပြောဆိုပေးတတ်ပြီး အနောက်ကနေလည်း အကာအကွယ် ပေးတတ်သူ ဖြစ်ပါတယ်။
(၁၁)ဗဟုသုတ ကြွယ်ဝခြင်း
သူဟာဉာဏ်ပညာ၊ ဗဟုသုတ ကြွယ်ဝသူ ဖြစ်တဲ့အတွက် ထုထောင်း၊ ဝေဖန်ကဲ့ရဲ့၊အပြစ်တင်ပြောဆိုမှုတွေကနေ ပိုမိုရင့်ကျက် တည်ငြိမ်တဲ့ ဘဝကို ရရှိကာ အမြဲကိုယ်ချင်းစာနာစိတ်နဲ့ ဆက်ကပ်သူဖြစ်ပါတယ်။
(၁၂)စူးစမ်းလေ့လာလိုစိတ်ရှိခြင်း
သူဟာကမ္ဘာမှာ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းမှာဘာတွေဖြစ်ပျက်နေတယ် ဆိုတာကိုအမြဲစူးစမ်းလေ့လာသိရှိနေတတ်တယ်။ အမြဲလည်း Updateလုပ်တတ် တယ်။ ဆရာစားမချန်ဝေငှလိုစိတ်ရှိတယ်။ လူငယ်များဟာအနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်တယ်ဆိုပေမယ့် တကယ်ပြင်ဆင်ထားတဲ့သူများသာလျှင်ပိုင်ဆိုင်ကြတာဖြစ်တယ်။ ခေါင်းဆောင်ဆိုတာမွေးရာပါမဟုတ်ပါ။ သင်ယူလို့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့လူငယ်တွေမှာ အောင်မြင်ချင်သောစိတ်ဆန္ဒရှိကြသောလည်းဘယ်လိုကြိုးစားယူရမလဲဆိုတာ သူတို့မသိကြဘူး။ ဆန္ဒသာရှိပြီး လက်တွေ့ အကောင်အထည်မဖော်တတ်၊နည်းလမ်းမသိ၊ ရေလိုက်ငါးလိုက်ဘဝနဲ့အချိန်ကုန်သွားကြသူများ ရှိတတ်သလိုအချို့ကတော့လည်း ဘယ်လောက်ဘဲ ကြိုးစားကြိုးစား နဂိုနေရာမှာဘဲ ရှိနေပြီးတိုးတက်မလာတာကို တွေ့ရတယ်။ကြိုးစားပြီးမအောင်မြင်ဘူးဆိုတာနည်းလမ်းမမှန်ကန်တာကြောင့် ဖြစ်နိုင်သလို ရည်ရွယ်ချက်မမှန်ကန်တာကြောင့်လည်းဖြစ်နိုင်တယ်။အချို့ကတော့အရမ်းကို အမျှော်အမြင်ကြီးစွာနဲ့ နည်းလမ်းမှန်မှန်၊ရည်ရွယ်ချက်မှန်မှန်နဲ့ ကြိုးစားတဲ့ အခါ အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားကြောင်းတွေ့ရတယ်။အောင်မြင်မှုဆိုတာဟာ ကြိုးစားအားထုတ်မှုရဲ့ရလဒ်ဖြစ်သလို အသီးအပွင့်လည်းဖြစ်ပါတယ်။အောင်မြင်မှုအတွက်ကြိုးစားတဲ့အခါမှာ ဦးတည်ချက်ပန်းတိုင်ကို ဦးစွာထားရှိရပါမည်။ ထိုပန်းတိုင်ကိုရောက်ပြီးအောင်မြင်မှုရဖို့ဆိုရင် မှန်ကန်တဲ့ နည်းလမ်းကိုရွေးချယ်ပြီး ရှေ့ဆက်လျှောက်လမ်းရမှာဖြစ်တယ်။ ရိုးသားတဲ့ စိတ်ဓါတ်ကိုတော့ဆက်လက်ထိန်းသိမ်းထားဖို့ လိုမယ်နော်။အောင်မြင်မှုအတွက်ကြိုးစားတဲ့အခါမှာလှဲကျမှာ၊ ကျရှုံးမှာ၊မှားမှာကိုမကြောက်ပါနဲ့။ အမှားတွေ ကျရှုံးမှုတွေ၊လှဲကျမှုတွေကနေ သင်ခန်းစာ၊အတွေ့အကြုံတွေယူရမှာဖြစ်ပါတယ်။ အမှားအမှန်ဆိုတာသွားရင်းလာရင်းအလုပ်ကနေသင်ယူရတာပါ။ အမှားမလုပ်ဖူးဘူးလို့ ပြောတဲ့သူဟာလိမ်တာပါဘဲ။ မဟုတ်ရင်အလုပ်မလုပ်တဲ့ သူဘဲ ဖြစ်ပါတယ်။ ယနေ့ အောင်မြင်နေတဲ့ လူတွေဟာအမှားပေါင်းတစ်ထောင်နဲ့ တက်လာတဲ့ သူတွေပါ။ အခုတော့ အမှားမလုပ် ကြတော့ဘူးလား။ လုပ်မိနေအုံးမှာဘဲ အမှားနဲ့ကင်းတဲ့သူဆိုတာမရှိပါဘူး။“မမှားသောရှေ့နေမသေသောဆေးဆရာ”ဆိုတာ မရှိပါဘူး။ ယနေ့ ရဟန္တာတွေဟာ တစ်ချိန်က အပြစ်သားပါ။ မျှော်လင့်ချက်လည်းမမဲ့ပါနဲ့။ မျှော်လင့်ချက် မဲ့တာဟာဘဝမဲ့တာနဲ့ အတူတူပါ။ ဒါ့ကြောင့် အိမ်မက်မက်ပါ။ အကောင်အထည့်ဖော် လက်တွေ့ လုပ်ဆောင်ပါ။ အခွင့်အရေးကို လက်မလွှတ်ပါနဲ့။ကိုယ်တိုင်လုပ်မှ ရမယ်နော်။တစ်ခြားလူလုပ်ပေးမှာကို ထိုင်စောင့်နေရင် လည်ပင်းသာရှည်ထွက်သွားမယ်။အောင်မြင်မှုက သင့်ရှေ့မှာအလိုအလျောက် ရလာမှာတော့မဟုတ်ပါဘူး။ဘဝမှာအောင်မြင်မှုအတွက်ကြိုးစားလုပ်ဆောင်တဲ့နေရာမှာ တစ်ယောက်တည်းတော့မသွားပါနဲ့။ဘုရားကိုအဖော်ခေါ်သွားပါ။ တစ်ယောက်တည်းဆိုအထီးကျန်မှာ စိုးလို့ပါ။ အထီးကျန်ခြင်းဟာအသက်တိုစေပါတယ်။ တိုင်းပြည်နိုင်ငံ၊ အဖွဲ့အစည်း၊ မိသားစုတွေကို ကောင်းစွာဦးဆောင်ပေးနိုင်သော ခေါင်းဆောင်ကောင်းများနှင့် ဘဝမှာ အောင်မြင်ခြင်းများကို ရယူပိုင်ဆိုင်နိုင်ပြီးသာယာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မျှော်လင့် အားကိုးရင်း စေတနာဖြင့်အားပေးဝေငှပေး လိုက်ပါတယ်။သမ္မာကျမ်းစာ(ရှင်မာတေဦး ၁၆ : ၂၆)“လူသည်ကား ဤစကြာဝဠာတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ် ဆုံးရှုံးလျင်အဘယ်အကျိုးရှိမည်နည်း။”

Sister Justina Rai Lum(LWST) - ခက်ဆုံနွယ်
Edit & Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဆောင်းပါးများ