(Easter)ပါစကားပွဲ ဆိုတာဘာလဲ။ နီလာရိုင်း Posted by Sr. Eugenie(SFX)
ပါစကားပွဲတော်ကြီး ဆိုတာ ...
> ယုံကြည်သူတိုင်းအတွက် သေပြီးရင် ရှင်ပြန်ကြမယ်ဆိုတဲ့အာမခံချက်ကိုပေးနေပါတယ်။
>သခင်ခရစ်တော်ဘုရားဟာသေခြင်းကိုအောင်မြင်သူ၊ ထာ၀ရအသက်ပေးနိုင်သူဖြစ်ကြောင်းသက်သေခံချက်ကိုလည်းပေးပါတယ်။
>ပါစကားပွဲတော်ကြီးက အပြစ်ဒုစရိုက်၌နစ်မွန်းနေတဲ့လူသားတွေကို ဖန်ဆင်းရှင် ဘုရားက လူ့ဇာတိကိုယူပြီး
ကယ်တင်ခဲ့တဲ့ကယ်တင်ခြင်းသမိုင်းကို ပြန်လည်သတိယစေသလို၊ ဖောက်ပြားတဲ့ လူသားတွေကို ခြောက်ခြားစရာငရဲဒဏ်မှ ဘုရားရှင်က ကယ်တင်ခဲ့တဲ့သမိုင်းကို ပြောပြနေပါတယ်။
>အမှားပင်လယ်မှာ နှစ်မျှောနေတဲ့ လူသားတွေကို ကားတံကျင်ပေါ်ကနေ အချစ်ဇောနဲ့ ကယ်တင်ခဲ့တဲ့ဘုရားရဲ့ အကြင်နာသမိုင်းပဲဖြစ်ပါတယ်။
>အပြစ်ကိုတွယ်တာ ဖက်တွယ်ထားလို့ ပျက်စီးသွားတော့မဲ့လူသားတွေကို အချစ်ခြင်းနဲ့ ကွယ်ကာအသက်ပေးသွားတဲ့ ဘုရားနဲ့လူသားတို့ရဲ့ သမိုင်းဖြစ်သလို၊ လူသားရဲ့မိုက်မှားတဲ့ အပြစ်ကြွေးကို ဘုရားရဲ့ အချစ်သွေးနဲ့ ဆေးပစ်ပေးခဲ့တဲ့ဘုရားနဲ့လူသားတို့ရဲ့ သမိုင်းလည်းဖြစ်ပါတယ်။
>သစ္စာမဲ့တဲ့လူသားတွေကို နေမဝင်အချစ်တွေနဲ့ သက်ဆုံးတိုင် ချစ်ရှာသွားခဲ့တဲ့ဘုရားနဲ့ လူသားတို့ရဲ့သမိုင်း၊ ဒီကယ်တင်ခြင်းသမိုင်းဟာ လွမ်းမော တသဖွယ်ရာတွေ၊ တရားသံဝေဂရစရာတွေ၊ အံ့ဩဆန်းပြားစရာတွေ၊ ကြည်နူးချမ်းမြေ့စရာတွေ၊ မျှော်လင့်ချက် အထွေထွေနဲ့ ပြည့်နှက်လို့နေပါတယ်။
>ပါစကားပွဲတော်ကြီးဟာ ဘုရားရဲ့ အနန္တမေတ္တာ ကြေငြာတဲ့ပွဲ၊ ဘုရားရဲ့အနှိုင်းမဲ့ တန်ခိုးတော်ကို သေချာစေတဲ့ပွဲ၊ အမှောင်နဲ့အလင်း စစ်ခင်းရင် အလင်းပဲနိုင်တယ်ဆိုတာကို သက်သေခံတယ်။
>အမှန်တရားဟာ(အမှား)မုသားကို အမြဲအောင်မြင်တယ်ဆိုတာကို သက်သေခံတယ်။ အပြစ်ထဲမှာ နေရင် အပြစ်ထဲမှာသေမယ်။ အချစ်မှာနေရင်အချစ်ထဲမှာသေမယ်ဆိုတာကိုသင်ပြတဲ့ပွဲဖြစ်တယ်။
>ဒုက္ခခံမှသုခစံရမယ်၊ ပေးဆပ်မှအကျိုးအမြတ်ကိုခံစားရမယ်။ ခရစ်တော်ရှင်ဟာ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်ဖြစ်တယ်ဆိုတာယုံကြည်စေတဲ့ပွဲပါပဲ။
>ခရစ်တော်၌ထိုက်ထိုက်တန်တန်အသေခံရင် ခရစ်တော်နဲ့အတူ ထိုက်ထိုက်တန်တန် ရှင်ပြန်နိုင်ကြမယ်။ ကောင်းကောင်းရှင်ပြန်ချင်ရင်ဒီလောကမှာကောင်းကောင်း ရှင်သန်ကြရမယ်။
>ဘုရားနဲ့အများအတွက် အသက်ရှင်သူတိုင်း ငရဲမလားနိုင်ဘူး။ ဘုရားကို ယုံကြည်သူအတွက် မျှော်လင့်ချက်အမြဲရှိတယ်။ ဘုရားကိုယုံကြည်သူဟာ စိန်စီတဲ့လမ်း လျှောက်ချင်မှလျှောက်ရမယ်။ ဒါပေမဲ့ကောင်းကင်လမ်းမပျောက်နိုင်ဘူး။ ယုံကြည်ခြင်းနဲ့ဆူးခင်းလမ်းကိုဖြတ်လျှောက်နိုင်တယ်။ ဘုရားဆိုတာမမြင်ရပေမဲ့အစဉ်ထာဝရတည်ရှိနေတယ်။
နိဗ္ဗာန်ဆိုတာဘုရားကိုစစ်မှန်တဲ့နှလုံးသားနဲ့ ကျင့်ကြံကိုးကွယ် သူတွေအတွက်ဖြစ်တယ်။
>ကောင်းကင်သွားတဲ့ခရီးဟာဈေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘဝနဲ့ရင်းနှီးရတယ်။ ဘဝမှာ စစ်မှန်တဲ့အလှရှာဖို့ အရေးကြီးပါတယ်။ ကောင်းကင်ကို ဝင်ချင်ရင် ကျဉ်းသောတံခါးက ဝင်ရမယ်။ စစ်မှန်တဲ့ တရားဟာလည်း ဘုရားရဲ့စကား ဓမ္မတရားမှာပဲရှိပါတယ်။
>ဒုက္ခတွေခံရမယ်၊ လုပ်သမျှလည်း မှန်ရပါမယ်။ တရားရှိပြီးဘုရားသိဖို့လိုတယ်။ ဒုစရိုက်တွေကို ခဝါချပြီး၊ သုစရိုက်ကုသိုလ်တွေကို အပါရအောင် ကြိုးစားရမယ်။
>ကောင်းကင်ဆိုတာ ဘုရားရှိတဲ့နေရာပါပဲ။
နှလုံးသားထဲမှာဘုရားရှိရင်ကောင်းကင်နိုင်ငံလိုပဲ ငြိမ်းချမ်းတယ်။ “ကောင်းကင်" ဆိုတဲ့ ခေါင်းစဉ်လေးကို စဉ်းစားရုံနဲ့၊ “ကောင်းကင်" ကို အကောင်းမြင်ရုံနဲ့ ကောင်းကင်မရောက်နိုင်။ ကောင်းကင်ရဲ့ဘုရားကို နှလုံးသားထဲမှာထားမှဘဝထဲမှာထားပြီးသူရဲ့တရားအတိုင်းနေထိုင်မှ ကောင်းကင်ရမှာပါ။
ပါးစပ်နဲ့ဘုရားကို ကိုးကွယ်ရုံနဲ့ ကောင်းကင်မရောက်နိုင်ပါ။ သူတို့သည် ငါ့ကိုပါးစပ်နဲ့ ကိုးကွယ်ကြ၏။ သို့သော် သူတို့၏ စိတ်နှလုံးသည် ငါနဲ့ဝေးကွာလျှက်ရှိ၏။"(မာတေဦး ၇၆)ဟု ကိုယ်တော် ပြောခဲ့တဲ့စကားမှတ်သားထားကြရပါမယ်။
>ငါ့ကိုသခင်၊ သခင်ဟုခေါ်သူတိုင်း ကောင်းကင်မရောက်နိုင်ပါ၊ ငါ၏ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သူများသာ ကောင်းကင်ရောက်လိမ့်မည်ဟုသတိပေးစကား အလေးထားကြရပါမယ်။ (မာတေဦး ၇း၁၂)။
>အကောင်းမြင်ပြီးတရားအတိုင်းကျင့်မှ ကောင်းကင်ကိုပိုင်ဆိုင်ကြရမယ်။ လူတွေကို အကောင်းမမြင်၊ အမြင်စောင်းနေရင် ကောင်းကင်ဆိုတာ အိပ်မက်ထဲမှာပဲရှိနေမှာပဲ။ ဘ၀ထဲမှာ ဘုရားမရှိရင်တော့ ကောင်ကင်အိမ်မက်တွေ နေ့စဉ်မက်လည်း အိပ်ပျက်ရုံပဲရှိလိမ့်မယ်။
>ဘုရားကို ဦးနှောက်အသိဉာဏ်နဲ့ အရင်သိအောင်ကြိုးစားပြီး နှလုံးသားထဲအထိ ယုံကြည်ခြင်းနဲ့သိအောင် ကြိုးစားကြရပါမယ်။ ခေါင်းထဲ၊ နှလုံးသားထဲက သိတဲ့ဘုရားကို အကျင့်တရားနှင့် ရှိခိုးကိုးကွယ်ကြရင် ကျွန်ုပ်တို့ လူသားတွေရဲ့ ဘဝထဲမှာ ဘုရားအမြဲရှိနေမှာပါ။
>ဘုရားရှိတဲ့နေရာဟာကောင်းကင်ဘုံပါပဲ။