ရဟန္တာဆိုသည်မှာ/ အခန်း(၃) ရဟန္တာတို့သည် ခွင့်လွှတ်တတ်သူများဖြစ်ကြသည်။ နီလာရိုင်း- ရေးသည်။ Posted by Sr. Eugenie(SFX)
ခွင့်လွှတ်ခြင်းသည် သီးခံခြင်းမည်၏။
အစော်ကားခံရသော်လည်း ကြေအေးခြင်းဖြစ်၏။
ဘုရား၏ခွင့်လွှတ်ခြင်းကို ကျေးဇူးတုန့်ပြန်ခြင်းဖြစ်၏။
ဘာသာရေးကျင့်စဉ်၌ အောင်မြင်ကြောင်း ဖေါ်ပြသော သက်သေဖြစ်၏။
ခရစ်ယာန်ပီသခြင်း၏ အထိမ်းအမှတ်ဖြစ်၏။
ခွင့်လွှတ်ခြင်းကြောင့် လူအချင်းချင်း အမုန်းစိတ်များအဆုံးသတ်စေ၏။
ခွင့်လွှတ်ခြင်းကြောင့် ရန်သူမှမိတ်ဆွေများဖြစ်လာနိုင်စေ၏။
ခွင့်လွှတ်ခြင်းကြောင့် အိမ်ထောင်စုများခိုင်မြဲ၏။
ခွင့်လွှတ်ခြင်းကြောင့် ပြဿနာများနည်းပါးလာ၏။
ခွင့်လွှတ်ခြင်းကြောင့် ဂလဲ့စားချေမှုများ၊ အကောက်ကြံခြင်းများကိုဖယ်ရှားနိုင်ခဲ့ကြ၏။
ခွင့်လွှတ်ခြင်းကြောင့် လူအချင်းချင်း မောင်ရင်းနှမသဖွယ်လက်တွဲရှင်သန်စေနိုင်၏။
ခွင့်လွှတ်ခြင်းကြောင့် အပြုံးပန်းများစွာ ပွင့်လန်းစေနိုင်၏။
ခွင့်လွှတ်နိုင်သောလူသားသည် ကမ္ဘာ့ငြိမ်းချမ်းရေးကိုတည်ဆောက်နေသူဖြစ်၏။
သို့သော် လူတိုင်းခွင့်မလွှတ်နိုင်ကြပါ။ နှလုံးသားကြီးကျယ်မြင့်မြတ်သောလူသားတို့သာ ခွင့်လွှတ်နိုင်ကြ၏။ ထိုနှလုံးသားမြင့်မြတ်သောလူသားတို့တွင် ရဟန္တာများ ရှေ့ဆုံးက ပါဝင်ခဲ့ကြ၏။
ရဟန္တာတို့သည် ခွင့်လွှတ်ခြင်းအရာ၌စံတင်လောက်သူများဖြစ်၏။ သံစတေဖါနူးသည် မိမိအားမတရားခဲနှင့်ပေါက်သတ်သူတို့အား သေခါနီးတွင် ခွင့်လွှတ်စကားပြောကြားရင်း ၎င်းတို့အတွက် ဆုတောင်းပေးသွားရှာသည်။
ရဟန္တာမ သံတာမာရီးယားဂေါ် ရက်တီသည်လည်းသူမ၏ဖြူစင်ခြင်းပါရမီကို ကာကွယ်ရင်း သူမအား ရက်စက်စွာဖြင့် အချက်ပေါင်းများစွာထိုးသတ်သောလူသတ်သမားကို သေခါနီးတွင် ခွင့်လွှတ်ခဲ့သည်။
ဆုတောင်းပေးခဲ့သည်။
အေဒီ (၉၅၉)ခု စပိန်များအုပ်စိုးစဉ် ရဟန္တာ St.Eulogio အား ကော်ဒိုဗာ(Codova) မြို့မှနေ၍
သတ်ရန်ဖမ်းဆီးသွားကြစဉ် ဘုရင်၏မိန်းမစိုး (Eunuch) တယောက်သည် ရဟန္တာ၏ပါးတဘက်အား ရိုက်လိုက်၏။ ရဟန္တာကထိုမိန်းမစိုးအား နောက်ပါးတဖက်ကိုပါရိုက်ရန်မျက်နှာကို လှည့်ပေး၏။ ထိုသူကလည်းနောက်ပါးတဖက်ကိုထပ်ရိုက်လိုက်ပြန်၏။ ရဟန္တာသည် စိတ်ရှည်စွာဖြင့် နောက်ထပ်ဆက်ရိုက်ရန်ခွင့်ပြု၏။ သို့သော်လူသတ်သမားတို့သည် ရဟန္တာအား လူသတ်ရာအရပ်သို့ အတင်းဆွဲခေါ်သွားကြသဖြင့် မိန်းမစိုးသည် ရဟန္တာ၏ပါးကို ဆက်ရိုက်ခွင့်မရတော့ပါ။ ရဟန္တာတို့၏ သီးခံခြင်းကား အံ့ဩလောက်ပါသည်တကား။
တနေ့တွင် ဂျူးလူမျိုးတစ်ဦး၏ကား အခိုးခံရ၏။ ထိုဂျူးလူမျိုးက မိမ်၏ကားကိုခိုးသူကို မိမိသိကြောင်းမိတ်ဆွေများအားပြော၏။ ၎င်း၏မိတ်ဆွေများကသူခိုးကိုသိလျှင် ရဲကိုတိုင်ပါလားဟု အကြံပေးကြ၏။ ထိုအခါ ၎င်းဂျူးလူမျိုးက “မိမိရဲကိုမတိုင်သေးပါ။ သီးခံနေပါသည်။” ဟုဆို၏။ မိတ်ဆွေများက ၎င်း၏သီးခံနိုင်စွမ်းကို ချီးကျူးကြ၏။ ၎င်းနောက် အဘယ်ကြောင့်ဤသို့သီးခံနေပါသနည်းဟုမေးကြရာ ဂျူးလူမျိုးက “ငါ့ရဲ့ ကားကို ဒီကောင်ခိုးတုန်းက ကားဘီးကမကောင်းတော့ဘူး၊ အလွန်ဟောင်းနေပြီ.. ဒါကြောင့် ကားဘီးအသစ်တပ်တာစောင့်နေတာ။ ကားဘီးအသစ်တပ်ပြီးတာနဲ့ ရဲကိုတိုင်မှာပါ ဟုဆို၏။ ထိုသီးခံခြင်းမျိုးသည် စစ်မှန်သောသီးခံခြင်းမျိုးမဟုတ်ပါ။
တကယ်ခွင်လွှတ်တတ်သူသည် ဟန်ဆောင်မှုကင်း၏။ ရင်ထဲအသဲထဲတွင်ခွင့်လွှတ်တတ်ကြ၏။ အချို့သည်ခွင့်လွှတ်ပါသည်ဟုပြောသော်လည်း ရင်ထဲကခွင့်မလွှတ်ကြပေ။ ထိုသို့ဟန်ဆောင်သူများသည် အငြိုးပိုကြီးတတ်ကြ၏။
တခါကရွာတစ်ရွာတွင် လူသုံးဦးရှိ၏။ ၎င်းသုံးဦးသည်တယောက်ကိုတယောက် အလွန်မုန်းကြ၏။ ထိုသူသုံးဦးသည် ဘုရားကိုတော့ နေ့စဉ်ရှိခိုးကြ၏။တစ်နေ့တွင် သိကြားတမန်တစ်ဦးသည် ၎င်းတို့သုံးဦးရှိသောနေ့၌ ၎င်းတို့သုံးဦးစလုံးကို ထင်ရှားပြပြီး လိုရာဆုတစ်ခုဆီကိုသာ တောင်းခွင့်ပေး၏။ပထမလူက ဒုတိယလူအား သေစေချင်ပါသည်ဟုဆုပန်၏။ ဒုတိယလူကလည်း မိမိအားသေစေချင်သော ပထမလူအား သေတာမြင်ချင်ပါသည်ဟု သိကြားမင်းအားပြန်လျှောက်၏။
တတိယလူအား အဘယ်ဆုကိုတောင်းလိုပါသနည်းဟုဆိုရာ.. တတိယလူက ကျွန်တော်မျိုးကတော့သူတို့လိုတစ်ယောက်ကိုတစ်ယောက် မုန်းတီးစိတ်မျိုးမရှိပါ။သူတို့ကိုသေစေချင်စိတ်လည်းမထားပါ။ ဘာမျှမတောင်းဆိုချင်ပါ။ သို့ရာတွင်၎င်းတို့နှစ်ဦးစိတ်ချမ်းသာအောင် သူတို့တောင်းသောဆုကို သိကြားမင်းပေးလိုက်စေလိုပါသည်ဟုဆို၏။
သာမန်အားဖြင့်ကြည့်လျှင် တတိယလူကား အမုန်းကင်းသူ၊ စိတ်ထားမြင့်မြတ်သူသဖွယ်ထင်သည်။ အမှန်တကယ်တွင်မူ တတိယလူသည် အမုန်းစိတ်ပိုပြင်းထန်သူဖြစ်သည်။ ပထမလူနှစ်ဦးအား သေစေချင်ပါသည်ဟု ဆုမတောင်းသော်လည်း ထိုသူတို့လိုချင်သောဆုများကို ပေးလိုက်ပါဟုပြောခြင်းအားဖြင့် ထိုလူနှစ်ယောက်လုံးအား သေအောင်ပြုခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ဟန်ဆောင်မှုပြည့်သောခွင့်လွှတ်မှုသည်အလွန်ဆိုးလှပါသည်။
ရဟန်းမင်းကြီးဂျွန်ပေါလ်သည် ၁၉၈၁ ခုနှစ်၊ မေလ (၁၃)ရက်နေ့တွင် ရောမမြို့၊ စိန်ပီတယ်ကွင်းပြင်၌သူ့အား လုပ်ကြံသော သေနတ်သမား မာမက်အလီအာကာ (Mehmet Ali Agca) ကိုခွင့်လွှတ်ကြောင်းအကျဉ်းထောင်သို့သွား၍ပြောကြားခဲ့သည်။
မစ္စစ်အကွီနိုသည် သမတ္တ ရာထူးရရှိပြီး ပထမဆုံးပြောကြားသောမိန့်ခွန်းတွင် ၎င်း၏လင်ယောက်ျားအကွီနိုကို လုပ်ကြံသတ်ဖြတ်ခဲ့သော လူသတ်သမားများအား ခွင့်လွှတ်ကြောင်းပြောကြားခဲ့သည်။
ထိုသူတို့သည် ရဟန္တာတို့၏ခွင့်လွှတ်ခြင်းတရားကို အတုယူကြသော သူများပင်ဖြစ်ပါသည်။
ကားလ်ဂျက်ပါး( Karl Jaspers) က လူတိုင်းသည် လူဖြစ်၍ ကန့်သတ်မှုများ၊ မပြည့်စုံမှုများ၊ အမှားများရှိသည်။ လူသည် အမှားများနှင့်ပြည့်ဝနေတတ်သည်။ ခြောက်ပြစ်ကင်း ပြည့်စုံသူမရှိပါ။ ဖြောင့်မတ်သောသူပင် တနေ့ခုနစ်ကြိမ် မှားတတ်၏။ (Prov. 24:16)
ထို့ကြောင့်ပင် သံပေါလ်လူးက လူသည် အပြစ်သား ဖြစ်သည် ဟု (ရောမ ၅:၁၂)တွင် သတိပေးထားသည်။
ရဟန္တာတို့သည် မိမိ၏မစုံလင်မှု၊ မှားတတ်မှု၊ အားနည်းမှုများကို နားလည်ဝန်ခံခဲ့ကြသည်။ လူသားတိုင်းသည် မှားတတ်သောသဘောကို နားလည်ကြ၍ ရဟန္တာများသည် အပြစ်သားများကို စာနာ ခွင့် လွှတ်တတ်ကြသည်။ တခါက ရသေ့ငယ်လေးတပါးသည် အပြစ်လုပ်မိသဖြင့် ထိုသူအားအပြစ်စီရင်ရန် ရသေ့ကြီးမိုးဇက်(Abba Moses) အား အကြီးအကဲများက ဖိတ်ခေါ်ကြသည်။ ရသေ့ကြီးမိုးဇက်သည် မသွားပဲနေ၏။ အကြီးအကဲမှ
အတင်းခေါ်သဖြင့် နာခံခြင်းနှင့်သွားခဲ့သည်။ တရားစီရင် မည့်နေရာသို့သွားရန် ခရီးတလျှောက်တွင် ခရားအပေါက် တလုံးကို ရေအပြည့်ထည့်ပြီး သယ်ဆောင်သွားသည်။ လမ်း တလျှောက်လုံးတွင် ခရားအိုးပေါက်မှရေများ ဖိတ်ကျန်ရစ် ခဲ့သည်။ အခြားတစ်ဦးက အဘယ်ကြောင့် ဤကဲ့သို့ ခရားအပေါက်ကြီးထဲ ရေထည့်ပြီး ယူလာရသလဲ ဟုမေးရာ ကရားအိုးပေါက်မှရေတွေလမ်းတလျှောက်လုံး ကျန်ရစ်ခဲ့သလို ကျွန်ုပ်ရဲ့အပြစ်တွေလည်း လမ်းတစ်လျှောက်လုံးကျကျန်နေခဲ့တာ ကျွန်ုပ်မမြင်ဘူး။ အခုတော့ သူများရဲ့အမှားကို ကျွန်ုပ်တရားစီရင်ရတော့မယ်။ ဟုစိတ်မကောင်းစွာဆိုသည်။ ထိုစကားကိုကြားလျှင် ရသေ့အကြီးအကဲ နှင့် ရသေ့များသည် အမှားလုပ်မိသော ရသေ့ငယ်အား ခွင့်လွှတ်လိုက်ကြသည်ဟုဆိုသည်။
အန်ထော်နီဒေမဲလို (Anthony De Mello) စာအုပ် ထဲမှပုံပြင်လေးတခုကို ပြန်သတိယမိသည်။ အပြစ်ရှိသောလူတစ်ယောက်သည်ဘုရားကျောင်းသို့သွားရာဘုရားတရား ကြည်ညိုသူတစ်စုက အပြစ်သားမဝင်ရဟု တားမြစ်မောင်းထုတ်လိုက်ကြသည်။ ထိုအခါ အပြစ်သားက ဝမ်းနဲစွာနှင့် ဘုရားအား အောက်ပါအတိုင်းပြောသည်။ ကိုယ်တော် တပည့်တော်ကိုသူတို့ဘုရားကျောင်းထဲ ဝင်ခွင့်မပေးကြပါဘူး။ နှင်ထုတ်ကြတယ်။ ထိုအခါ ဘုရားရှင်က မင်းဘာလို့စိတ်မကောင်းဖြစ်နေရတာလဲ။ ဒီလူတွေက မင်းကို ဘုရားကျောင်းထဲဝင်ခွင့်မပေးသလို ငါ့ကိုလည်း ဝင်ခွင့်မပေးပါဘူး လို့ ပြန်ပြောလိုက်ပါသတဲ့။
ဘာသာတရားတကယ်ကိုင်းရှိုင်းသူဟာ တကယ်နိမ့်ချပါသည်။ မိမိကိုယ်ကို အပြစ်သားအဖြစ် အမြဲဝန်ခံပြီး အခြားသူတွေရဲ့ အမှားကိုလည်း နားလည်ခွင့်လွှတ် တတ်ကြပါတယ်။
မည်မျှဘုရားရှိခိုးရှိခိုး.. ဘုရားကျောင်းသွားနေပါစေ... မိမိကိုယ်ကို မနိမ့်ချပဲ ငါဟာ အခြားသူတွေထက်သာသူ၊ မြင့်မြတ်သူ၊ သန့်ရှင်းသူဟု ယူဆခဲ့ပါလျှင် မာန်မာန၏သားကောင်ဖြစ်သွားနိုင်ပါသည်။ ကျွန်ုပ်တို့၏ကျင့်စဉ်များ၌ မေတ္တာတရားများပျောက်ကွယ်သွားနိုင်ပါသည်။ အမြစ်မပါသောသစ်ပင်သည် သေရမည်ဖြစ်သည်။ ထို့အတူ ချစ်ခြင်းမေတ္တာမပါသော ကျင့်စဉ်သည်လည်း ရှင်သန်ခြင်းမရှိနိုင်တော့ပါ။ ရဟန္တာများ၏ခွင့်လွှတ်စိတ်များမွေးမြူနိုင်ကြလျှင် ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီးကို လူသားတို့ ဖန်တီးတည်ဆောက်နိုင်ကြမည်သာဖြစ်သည်။