Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသာစိတ်စွမ်းအား ဘာသာပြန် - ဘရာသာရ်ထန်းဟာ (SJ) Posted by Sr. Eugenie(SFX)
ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသာစိတ်စွမ်းအား
လူတို့၏ စိတ်အတွင်း၌ ယှဉ်ပြိုင်လွနှ်ဆွဲနေကြသည့် ကောင်းသော စိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအား အကြောင်းကို စိန့်အီဂနေးရှပ်(စ်)၏ ဝိညာဉ်ရေးကျင့်စဉ်လမ်းညွန် (Spiritual Exercises of St. Ignatius of Loyola) စာအုပ်တွင် အကျယ်တဝင့်ရှင်းလင်းစွာ ဖော်ပြထားသည်။ အောက်တွင် ဖော်ပြထားသည့် အခန်းသည် စိန်အီဂနေးရှပ်(စ်)၏ ဝိညာဉ်ရေး ကျင့်စဉ်လမ်းညွန် စာအုပ်ကို အခြေခံကာ၊ ပါမောက္ခတစ်ဦးဖြစ်သည့်အပြင် ဥပုသ်စောင့်ခြင်းနှင့် ဝိညာဉ်ရေး ဆိုင်ရာများကို ရေးသား၊ ဟောပြောရာတွင် နာမည်ကြီးသည့် ဂျက်ဇွစ်ဘုန်းတော်ကြီး Fr. Paul Suparno, SJ ရေးသားထားသည့် “Roh Baik dan Roh Jahat” Praktek Pembedaan Roh dan Pemilihan Menurut Latihan Rohani St. Ignatius" အင်ဒိုနီးရှား ဘာသာစကားမှ ဘာသာပြန် ထားခြင်းဖြစ်ပါသည်။
အဓိကအားဖြင့် အတွင်းစိတ်၏ လှုံ့ဆော်မှု နှစ်မျိုးရှိသည်။ ကောင်းသောအရာများကို လုပ်ဆောင်အောင်လှုံ့ဆော်သော အတွင်းစိတ်နှင့် မကောင်းသောအရာများကို လုပ်ဆောင်အောင် လှုံ့ဆော်သော အတွင်းစိတ်တို့ ဖြစ်ကြသည်။ ကောင်းသောအရာများကို လုပ်ဆောင်အောင်လှုံ့ဆော်သည့် အတွင်းစိတ်ကို “ကောင်းသောစိတ်စွမ်းအား” ဟုခေါ်သည်။ မကောင်းသောအရာများကိုလုပ်ဆောင်အောင်လှုံ့ဆော်သည့်အတွင်းစိတ်ကို “မကောင်းသောစိတ်စွမ်းအား” ဟုခေါ်သည်။ လူတိုင်း၏ စိတ်အတွင်း၌ ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအားနှစ်ခုတို့အမြဲ ယှဉ်ပြိုင်လွန်ဆွဲလေ့ရှိနေကြသဖြင့် ထိုနှစ်ခုတို့၏ လုပ်ဆောင်မှုအကြောင်းကို လူတိုင်းသိရှိထားရန် အလွန်ပင် အရေးကြီးလေသည်။ သို့မှသာ ကောင်းသောစိတ်စွမ်းအား၏ လှုံ့ဆော်မှုနောက်လိုက်ကာ ဘုရားသခင်နှင့် တစ်နေ့တခြား ပိုမိုနီးကပ်လာပြီး မကောင်းသောစိတ်စွမ်းအား၏ လှုံ့ဆော်မှုများကိုသိရှိကာ နှောက်ယှက်ခြင်းများကို သတိဝိရိယကြီးစွာ ကာကွယ်ရှောင်ရှားနိုင်မည်ဖြစ်သည်။
ဤအခန်း(၁)တွင် ကျွန်ုပ်တို့အတွင်း၌ လွန်ဆွဲနေသော ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအား အကြောင်းကိုဖော်ပြသွားမည်ဖြစ်သည်။ ဤစာအုပ်သည် လူကြီး၊ လူငယ်မရွေး အတွင်းစိတ် လှုံ့ဆော်မှုများကိုသိရှိနားလည်လိုလူတိုင်းဖတ်ရှု လေ့လာသင့်သော စာအုပ်ဖြစ်သည်။
ထို့အပြင် မိမိကိုယ်ကို ပိုမိုးကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲလိုသူများ၊ ဥပုသ်စောင့်သူများ၊ သူတော်စင် ရဟန်း သီလရှင်လောင်းများနှင့် လူအများကိုဦးဆောင်နေကြသည့် ဘာသာရေးခေါင်းဆောင်များအတွက်အထူသင့်လျော်သည်။ လူတို့၏စိတ်အတွင်း လက်တွေ့နေ့စဉ် ဖြစ်ပျက်နေသည့် အကြောင်းရှင်းပြသည့်အပြင် အတွင်းစိတ်၌ လှုပ်ဆော်မှု နှစ်မျိုးကို ခွဲခြားတတ်စေရန် နေ့စဉ်အဖြစ်အပျက်၊ အတွေ့အကြုံများနှင့် ယှဉ်တွဲကာ ရိုရှင်းစွာဖော်ပြထားသဖြင့် အလွယ်တကူ နားလည်နိုင်မည်ဖြစ်သည်။ ထို့အပြင် အခန်းတိုင်းတွင် ဖော်ပြထားသည့် နေ့စဉ်အဖြစ်အပျက် ဥပမာများ၊ စာဖတ်သူ(တစ်ဦးချင်းစီ (သို့) အဖွဲ့အစည်း)တွင် နေ့စဉ်အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ကာ မိမိကိုယ်ကို ပြန်လည်သုံးသပ်၊ ဆန်းစစ်နိုင်စေရန်မေးခွန်များကို ဖော်ပြပေထားသည်။
ကျွန်ုပ်တို့ထဲအတွင်း၌ လွန်ဆွဲနေသော ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသောစိတ်စွမ်းအားကို ရဲနီက သူဆုတောင်းချိန်၌ ဖြစ်ပျက်သော အတွေ့အကြုံကို ဤသို့ပြောပြလေသည်။
“ကျွန်တော် အာရုံစိုက်ပြီး ဆုတောင်းဖို့ မျက်စိ မှိတ်လိုက်ရင် ဆုတောင်းခြင်းနဲ့ မသက်ဆိုင်တဲ့ စိတ်ကူးတွေ အမျိုးမျိုး ပေါ်လာပြီး စိတ်တိုလာတယ်။ ကျွန်တော် သခင်ယေဇူး သွန်သင်တဲ့ မေတ္တာတရားအကြောင်း ထောက်ရှုချင်တယ်။ ဒါပေမဲ့ ပေါ်လာတဲ့ စိတ်ကူးတွေက ကျွန်တော်ချစ်သူနဲ့ အတူနေချင်တာ၊ အားလပ်ရက်အတွက် အစီအစဉ်အနေနဲ့ ကုန်တိုက်ကြီးတွေမှာ ဈေးဝယ်သွားဖို့ စတဲ့အရာတွေဖြစ်နေတယ်။ ကျွန်တော် စိတ်ရူပ်ထွေးလာတယ်။ ဘာကြောင့်ဒါတွေ ဖြစ်နေရတာလဲမသိပါဘူး။”
ဦးဝင်းဝင်းကလည်း သူ့အလုပ်ထဲ၌ အမြဲစိတ်ပဋိပက္ခများနှင့် ကြုံရသည့်အကြောင်းကို ပြောပြလေသည်။ တစ်ကယ်တော့ သူ့၏ ရုံးခန်း တိုတက်ကောင်းမွန်အောင် သူအမြဲ အလုပ်ကြိုးစား ချင်စိတ်ရှိသည်။ သို့သော် အလုပ်အများကြီး ကြိုးစားစရာ မလိုကြောင်း သူ့သူငယ်ချင်းများက လှောင်ပြောင်လေ့ရှိသည်။ ထို့အပြင် သူ့ဇနီးအပေါ် အမြဲသစ္စာရှိလိုသော်လည်း တစ်ခါတစ်ရံ သူ၏ သူငယ်ချင်းများက အခြားမကောင်းသည့် မိန်းကလေးတွေဆီလိုက်ရန်ဆွဲဆောင်ကြလေသည်။ ထိုအရာများက သူ့အား စိတ်အနှောက်အယှက်ဖြစ်စေသည်။ ကျွန်ုပ်တို့၏ မျက်စိကို တခဏမျှ မှိတ်လိုက်မည် ဆိုပါက ကျွန်တော်တို့စိတ်တွင် စိတ်ကူးအမျိုးမျိုး ပေါ်လာတတ်သည်။ ကောင်းသော အရာများကိုပြုလုပ်ရန် စဉ်းစားပါက တစ်ခါတစ်ရံ ဆွဲဆောင်အားကောင်းသည့် အခြားစိတ်ကူးများ ပေါ်လာသဖြင့် ကောင်းသော အရာများကို မပြုလုပ်နိုင်ဘဲ ဖြစ်ရတတ်သည်။ ကျွန်ုပ်တို့ အတွင်း၌ မကောင်းသော အရာများကို ပြုလုပ်ချင်စိတ်ပေါ်လာ သောအခါ၌လည်း အခြားအားသန်သည့် စိတ်ကူးများက မလုပ်နိုင်အောင် တားဆီး ကြလေသည်။ ဤမတူညီသော စိတ်ကူး အမျိုးမျိုးများကြောင့် ကျွန်ုပ်တို့မကြာခဏ စိတ်ရှုပ်ထွေးမူများနှင့် ကြုံတွေ့ ရတတ်သည်။ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတွင် လူတစ်ဦးချင်းစီ၏ အသက်တာနှင့်ဆုတောင်းခြင်း အသက်တာ နှစ်ခုလုံးသာမက၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် အသင်းအဖွဲ့ တို့ဖြင့်နေသည့်အသက်တာ စသည့်တို့တွင်လည်း ကျွန်ုပ်တို့မကြာခဏ ဆိုသလို အတွင်းစိတ်၌ ပဋိမက္ခ ကြုံတွေ့ ရလေသည်။ ကျွန်ုပ်တို့၏ အထဲတွင် အပြိုင်အဆိုင် လွန်ဆွဲမူများ ရှိနေသည်။ ကျွန်ုပ်တို့ကို မကောင်းမှုပြုလုပ်ရန် နိူးဆော်သော စိတ်လူပ်ရှားမူနှင့်ကောင်းမူကိုသာ ပြုလုပ်ရန်နိူးဆော်သော စိတ်လူပ်ရှားမူတို့အကြား အပြိုင်အဆိုင်လွန်ဆွဲ နေကြခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ထဲ၌ အကောင်းအင်အားနှင့် အဆိုးအင်အား၊ ဘုရားသခင်၏ လွှမ်းမိုးမူနှင့်နတ်ဆိုး၏ လွှမ်းမိုးမူတို့အကြား ပြိုင်ဆိုင် လွန်ဆွဲ တိုက်ခိုက် နေကြသည်။ ထိုကြီးမားသော လွန်ဆွဲ တိုက်ခိုက်မှုများကြောင့် တစ်ခါတစ်ရံ ကျွန်ုပ်တို့ မည်သည့် စိတ်လူပ်ရှား နှိုးဆော်မှုဘက်သို့ လိုက်ရမည်ကို အသေအချာ မရွေးချယ်နိုင်ဘဲ စိတ်ရှုပ်ထွေးမှုများ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် အကောင်းဘက်ကိုသာ ရွေးချယ်နိုင်ရန်နှင့် အဆိုး၏ လမ်းလွဲဦးဆောင်မူ အောက်မကျရောက်စေရန် ၎င်းတို့၏ လူပ်ရှားမူများကို သေချာနားလည်ရန် အရေးကြီးလေသည်။
သမ္မာကျမ်းစာထဲ၌ တွေ့ရသော အကောင်းနှင့် အဆိုးတို့ ပြိုင်ဆိုင်လွန်ဆွဲခြင်း။ 
သမ္မာကျမ်းစာထဲတွင် အကောင်းနှင့်အဆိုးတို့ ပြိုင်ဆိုင် လွန်ဆွဲခြင်း အကြောင်းကို ပုံစံအမျိုးမျိုးဖြင့် ပုံဖော် ရေးသား ထားသည်ကို တွေ့ရသည်။
ဥပမာ၊ ရှင်ပေါလု ဖော်ပြထားသည့် ကာမဂုဏ် အာရုံအင်အားစုနှင့် ဝိညာဉ်ရေးဆိုင်ရာ အင်အားစုတို့အကြား ပြိုင်ဆိုင်လွန်ဆွဲမူ မျိုးဖြစ်ပါသည်။ ကာမဂုဏ်အာရုံအင်အားစုက လူတို့အား နတ်ဆိုးမှ တဆင့်ကာမဂုဏ်အာရုံ၏ လုပ်ဆောင်မူများဖြစ်ကြသည်။ ကာမဂုဏ် လိုက်စားခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ မောက်မာခြင်း၊ လောဘကြီးခြင်းနှင့် လုယက်သတ်ဖြတ်ခြင်း စသည်တို့ကိုပြုလုပ်အောင် ဆွဲဆောင်တတ်သည်။ ထိုနည်းတူစွာ ဝိညာဉ်ရေးဆိုင်ရာ အင်အားက လူတို့အား ဘုရားသခင်၏ အလိုတော်နှင့်အညီ ကောင်းမွန်သည့်အသက်တာတွင် ကြိုးစားနေထိုင်လျှက် ကာမဂုဏ်အင်အားစုကို တိုက်ခိုက်တွန်းလှန်ရန် တွန်းအားပေသည်။ ဤပဋိပက္ခကို အလင်းနှင့်အမှောင်တို့အကြား လွန်ဆွဲခြင်းအဖြစ်ဖော်ပြလေသည်။
“အမှောင် စွမ်းအားဖြင့် နတ်ဆိုးက လူတို့အား ဘရားသခင်ထံမှ တဖြည်းဖြည်းချင်း ဝေးကွာသွားအောင် ခေါ်ဆောင်လေသည်။” ထိုနည်းတူစွာ “အလင်းစွမ်းအားသည် ဘုရားသခင်၏ စွမ်းအားဖြစ်ပြီး လူတို့အား မိမိကိုယ်ကို ဘုရားသခင်၏ အလိုတော်၌ ပူဇော်အပ်နှံနိုင်အောင် နှိုးဆော်သည်။”
လူတို့ထဲတွင် ထိုလွန်ဆွဲ တိုက်ပွဲနှစ်ရပ်မှာ အလွန်ထင်ဟပ်လျှက်ရှိကြောင်းကို ရှင်ပေါလုက၊ “ကျွန်ုပ်သည် ကောင်းမူများကိုသာ ပြုလုပ်လိုသော်လည်း မကောင်းမူများကိုသာ ကျွန်ုပ်ပြုနေမိသည်” ဟုဖော်ပြထားသည်။ သခင်ယေဇူး မိန့်ကြားသည်မှာ “အလင်းသည် ဤကမ္ဘာသို့လာသည်၊ သို့သော်ကမ္ဘာကြီးက လက်မခံပါ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် အမှောင်ထဲတွင်ရှင်သန်နေခြင်းကြောင့်ဖြစ်၏” ဟူ၍ဖြစ်သည်။ အလင်းနှင့် အမှောင်တို့အကြားတွင် လွန်ဆွဲတိုက်ပွဲမှာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
သမ္မာကျမ်းစာ၌ လယ်ကွင်းတစ်ခုအတွင်း ဂျုံပင်နှင့်မြက်ပင်တို့အား အတူကြီးထွားစေကြောင်း ဖော်ပြထားသည်။ အကောင်းနှင့်အဆိုးတို့သည် ယခုအချိန်သာမက ကမ္ဘာကြီးတည်ရှိနေသ၍ အတူရှိနေကြမည်ဖြစ်ပြီး နောက်ဆုံး တရားစီရင်သောနေ့တွင် ၎င်းတို့အားထာဝရခွဲခြားခံရမည်ဖြစ်သည်။ အကောင်းစွမ်းအားနှင့် အဆိုးစွမ်းအားတို့သည် လူသားတို့စတင်တည်ရှိစဉ်ကတည်းကပင်ရှိနေခဲ့ပြီး ပထမဦးဆုံး လူသားဖြစ်သည့် အာဒံနှင့်ဧဝတို့အား နှောက်ယှက်ခြင်းအဖြစ်ဖော်ပြထားလေသည်။
ထို့ကြောင့် လူသားတို့အစအဦးကတည်းကပင် ဘုရားသခင်၏စွမ်းအားနှင့် နတ်ဆိုး၏စွမ်းအားတို့သည် အာဒံနှင့်ဧဝတို့အား ကြိုးစားလွမ်းမိုးကြသည်ကို တွေ့ရလေသည်။ ထိုအရာများကို နားလည်ခြင်းအားဖြင့် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အသက်ရှင်နေသမျှ ကာလပတ်လုံးမိမိကိုယ်ကို မကောင်းသောစွမ်းအားများလက်သို့ မကျရောက်အောင် ပညာ၊ သတိ၊ ဝီရိယ အပြည့်ဖြင့်သေချာစွာ ထိန်းသိမ်းကြရမည်ဖြစ်သည်။
ဝိညာဉ်ရေးကျင့်စဉ်အကြောင်းကို လိုယိုလာမြို့မှစိန့်အီဂနေးရှပ်(စ်)(St. Ignatius of Loyola) က အခြားနည်းလမ်းများဖြင့် ရှင်းလင်းစွာဖော်ပြထားသည်။
ဥပမာ၊ သခင်ယေဇူး၏ အောင်လံတံခွန်နှင့် နတ်ဆိုးခေါင်းဆောင်လူစီဖဲ၏အလံဟူ၍ အလံနှစ်မျိုးတို့သည် မကောင်းသောစိတ်စွမ်းအားနှင့်ကောင်းသောစိတ်စွမ်းအားတို့အကြား၊ အလင်းစွမ်းအားနှင့် အမှောင်စွမ်းအားတို့အကြား တည်ရှိကြောင်း အီဂနေးရှပ်(စ်)က ဖော်ပြလေသည်။ သခင်ယေဇူး၏ အောင်လံတံခွန်နှင့်လူစီဖဲ၏အလံတို့သည် ထောက်ရှုဆုတောင်းရာ၌ အထက်တွင်ဖော်ပြထားသည့် နည်းဗျုဟာနှစ်ခုလုံးက လူသားတို့အပေါ်မည်ကဲ့သို့ လွှမ်းမိုးမှုရှိသည်ကို သတိကြီးစွာထောက်ရှုရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ထားသည်။ သခင်ယေဇူး၏ အောင်လံတံခွန်က သခင်ယေဇူး၏နှိမ့်ချတော်မူခြင်းကိုလိုက်ကျင့်ခြင်းအားဖြင့် လူတို့အားဘုရားသခင်နှင့်ပိုမိုနီးစပ်စေသည်။ လူတို့အား မိမိ၏ စိတ်ပျော်ရွင်မူကိုသာ ရှာဖွေတတ်သည့် အတ္တစိတ်ကိုပယ်ဖျက်နိုင်အောင် ခွန်အားပေးလေသည်။
ထို့အတူ လူစီဖဲ၏အလံကလည်း စည်းစိမ်ချမ်းသာ၊ ဂုဏ်ပကာသန၊ မာနထောင်လွှားမူများ အားလုံးရှိခြင်းဖြင့် လူတို့အား အပြစ်ထဲသို့ကျရောက်စေရန်လုပ်ဆောင်လေသည်။ ယေဘုယျအားဖြင့် လူဘဝ၌ လူတို့၏ စိတ်နှလုံးထဲတွင် ကောင်းသောစိတ်နှင့်မကောင်းသောစိတ်တို့အကြား တိုက်ပွဲဆိုသည်မှာ အစဉ်အမြဲရှိနေမည်သာဖြစ်သည်။ လွန်ဆွဲနေသည့် ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသောစိတ်စွမ်းအားတို့ နှစ်ခုသည် လူတို့အား အမြဲလွှမ်းမိုးနေကြသဖြင့် ၎င်းတို့၏သွင်ပြင်လက္ခဏာနှင့်နည်းလမ်းများကိုကျွန်ုပ်တို့ သေချာနားလည်ထားရန် လိုအပ်ပါသည်။
ထို့အပြင် ၎င်းတို့အကြောင်းကို လေးနက်စွာနားလည်ခြင်းဖြင့် ဘုရားသခင်မှလာသည့်ကောင်းသော စိတ်စွမ်းအားကို ကျွန်ုပ်တို့ဘဝတွင် အောင်မြင်စွာရရှိနိုင်ကြမည်ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ စိတ်ထဲ၌ လွှမ်းမိုးမူနှစ်ခုတို့ယှဉ်ပြိုင်လွန်ဆွဲနေကြသည်။ ၎င်းတို့မှာ မကောင်းသော စိတ်စွမ်းအားနှင့်ကောင်းသောစိတ်စွမ်းအားတို့၏ လွှမ်းမိုးမှုဖြစ်သည်။ ကောင်းသောစိတ်စွမ်းအားက ကျွန်ုပ်တို့အား ကောင်းမှုကုသိုလ်များကိုပြုလုပ်စေရန် လှုံ့ဆော်လွှမ်းမိုးသကဲ့သို့ မကောင်းသောစိတ်စွမ်းအားကလည်း မကောင်းသော ဒုစရိုက်အလုပ်များကိုပြုလုပ်ကာ ဘုရားသခင်နှင့်ဝေးကွာသွားအောင် လှုံ့ဆော်လွှမ်းမိုးလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့အတွင်း၌ ကောင်းသောစိတ်စွမ်းအား၏လွှမ်းမိုးမှုအောက်တွင် ရွေးချယ်နေထိုင်နိုင်ရန် အထက်ပါ လွှမ်းမိုးမှုနှစ်ခုတို့၏လူပ်ရှားမှုများကို ပညာ၊ သတိ၊ ဝီရိယကြီးစွာ သတိထားနိုင်ရန်လိုအပ်ပါသည်။
၁) သင့်ဘဝတွင် ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသော စိတ်စွမ်းအားတို့ပြိုင်ဆိုင် လွန်ဆွဲနေသည်ကို တွေ့ကြုံခံစားဘူးပါသလား။ သင်၏ အတွေ့အကြုံအချို့ဥပမာပေးပါ။
၂) ဒီကမ္ဘာပေါ်တွင်အကောင်းစွမ်းအားနှင့် အဆိုးစွမ်းအားတို့ကျယ်ပြန့်စွာ လွန်ဆွဲနေကြသည်ကို တွေ့ဘူးပါသလား။ ဥပမာအချို့ကိုပေးပါ။
၃) ထိုစွမ်းအားနှစ်ခုကိုပုံမှန်အားဖြင့် သင့်ဘဝတွင်မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။ ရှင်းပြပါ။
၄) သင်၏ နေ့စဉ်လက်တွေ့ဘဝတွင် ၎င်းလူပ်ရှားမှုနှစ်မျိုးအား အလွယ်တကူခွဲခြားသိနိုင်ပါသလား။ အဘယ်ကြောင့်နည်း။
Bro.Thang Ha,SJ
ဘာသာျပန္မ်ား