ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသောစိတ်စွမ်းအား
အခန်း(၂)
Bro.Thang Ha,SJ(ဘာသာပြန်)
Posted by Sr. Eugenie(SFX)
လူတို့၏စိတ်နှလုံးထဲရှိအခြေခံစွမ်းအားသုံးခုအကြောင်း။
ကျွန်ုပ်တို့ တစ်စုံတစ်ခုကိုပြုလုပ်ဖို့ဆုံးဖြတ်ရာတွင် အကျိုးသက်ရောက်မှုရှိစေသည့် အခြေခံစွမ်းအား သုံးခုရှိသည်။ ၎င်းတို့မှာ ကျွန်ုပ်တို့၏ကိုယ်ပိုင်စွမ်းအား(ကိုယ်ပိုင်ဖြစ်တည်မှု)၊ ကောင်းသောစိတ် စွမ်းအားနှင့်မကောင်းသော စိတ်စွမ်းအား စသည်တို့ ဖြစ်ကြသည်။ ဤစွမ်းအား သုံးခုတို့သည် လူတစ်ဦး၏ စဉ်းစားဆင်ခြင်ပုံ၊ ဆုံးဖြတ်ချက်ချပုံနှင့် ပြုမူလှုပ်ရှားပုံတို့အပေါ် လွှမ်းမိုးထားသည်ကိုတွေ့ရသည်။
ကျွန်ုပ်တို့သည် လူသားချင်းတူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦး ကိုယ်ပိုင်စွမ်းအားမတူညီကြပေ။ ဥပမာအားဖြင့် မသီတာ၏ကိုယ်ပိုင်စွမ်းအား(အရည်အချင်း)မှာ တစ်ခုခုကိုအကျိုးအကြောင်း ဆီလျှော်အောင်(ယုတ္တိရှိရှိ) မတွေးခေါ်မမျှော်မြင်တတ်ခြင်းဖြစ်သည်။ ထုံထိုင်း၏။ သူမသည် ပြဿနာတစ်ခုအကြောင်းကို စဉ်းစားလျှင်လည်း ရှင်းရှင်းလင်းလင်းမတွေးနိုင်ဘဲ တစ်ဝဲလည်လည် ဖြစ်နေတတ်သည်။ တစ်ခုခုကို ဆုံးဖြတ်ရာတွင် အမြဲတမ်းမတိကျမသေချာ။
သို့သော် သူမ၏ သူငယ်ချင်း မနီလာမှာ ကိုယ်ပိုင်စွမ်းအားနှင့် တွေးခေါ်မှု ကောင်းသူဖြစ်သည်။ ထက်မြက်၏။ သူမသည် ပြဿနာတစ်ခုကို ဆန်းစစ်အဖြေရှာ ဆုံးဖြတ်ရာ၌လည်း ရှင်းလင်းပြတ်သားပြီး တိကျဆီလျှော်စွာ လုပ်ကိုင်တတ်၏။
မသီတာနှင့် မနီလာတို့နှစ်ဦး၌ မတူညီသည့် ကိုယ်ပိုင်စွမ်းအားနှင့် အလေ့အထတို့က သူတို့ကို လွှမ်းမိုးထားခြင်းကြောင့်ဖြစ်သည်။ လူတို့၏ အခြေခံ စွမ်းအားများဖြစ်ကြသည့် ကောင်းသော စိတ်စွမ်းအားနှင့် မကောင်းသော စိတ်စွမ်းအားတို့၏ သဘောတရားနှင့် စဉ်းစားပုံ၊ လူပ်ရှားပြုမူပုံစံတို့မှာ အမြဲဆက်စပ်လေ့မရှိချေ။ ထို့ကြောင့် မသီတာအနေဖြင့် ပြဿနာတစ်ခုအပေါ် ရှင်းလင်းစွာ မဖြေရှင်းတတ်ခြင်းကို မကောင်းသော စိတ်စွမ်းအားက လွှမ်းမိုးသည်ဟု မဆိုနိုင်သကဲ့သို့ မနီလာ၏ ပြဿနာ တစ်ခုအပေါ် သေချာဆုံးဖြတ် နိုင်သည်ကိုလည်း ကောင်းသောစိတ်စွမ်းအား၏ လွှမ်းမိုးမူ ခံရသည်ဟု မဆိုနိုင်ပါ။ သူတို့၏ အလေ့အထ၊ ဝိသေသလက္ခဏာနှင့် အခြားသော ကိုယ်ပိုင်စွမ်းအားတို့က သူတို့တစ်ဦးစီကို လွှမ်းမိုးထားခြင်းကြောင့် ဖြစ်သည်။
မကြည်ပြာသည် အမြဲအားငယ် တတ်သူတစ်ယောက်ဖြစ်သည်။ “ငါဘဝက အဓိပ္ပါယ်မဲ့ပြီး လုံခြုံမှုလည်း မပေးနိုင်ဘူး” ဟု၍သာ တွေးတောပြီး အားငယ်နေရှာသည်။ အလုပ်လည်း မလုပ်နိုင်။ ငယ်စဉ်ဘဝမှအစ သူမ၏ မိဘများကသာ သူမအတွက် လိုလေသေးမရှိ အရာအားလုံးကို ဖြည့်စည်းပေးကြ၏။ ထို့ကြောင့် သူမအရွယ်ရောက်လာသည့်အခါ သေးငယ်သည့် အရာကိုပင် မဆုံးဖြတ်တတ်ဘဲ အခြားသူများ အပေါ်သာ မှီခိုတတ်လာ၏။ သို့သော် မကြည်ပြာအနေဖြင့် သူမအတွက် သေးငယ်သည့်အရာ၌ပင် မဆုံးဖြတ်နိုင်ဘဲ အခက်အခဲကြုံတွေ့နေရသည်ကို မကောင်းသော စိတ်၏ လွှမ်းမိုးခြင်းခံရသည်ဟု မဆိုနိုင်ပေ။ သူမ၏ မိဘများကြောင့် မကြည်ပြာသည် ကိုယ်ပိုင်စွမ်းအားဘက်တွင် အားနည်းပြီး သူမ၏ ကိုယ်ပိုင်ဖြစ်တည်မှုကို လွှမ်းမိုးခြင်းကြောင့်ဖြစ်သည်။
မကြည်ပြာ၏ သူငယ်ချင်း ကိုတိုးနော်သည် စိတ်တိုလွယ်သူ တစ်ဦးဖြစ်၏။ သူငယ်ချင်းများ နောက် ပြောင်လျှင် စိတ်တိုပြီး ရန်တွေ့တတ်သည်။ အမှန်အားဖြင့် ကိုတိုးနော် စိတ်တိုလွယ်ခြင်းမှာ သည်းမခံ တတ်သည့် သူ၏အကျင့်ဆိုးမှ ဖြစ်လာရ၏။ ထို့ကြောင့် ကိုတိုးနော်အား မကောင်းသောစိတ်စွမ်းအားက လွှမ်းမိုးသည်ဟု မပြောနိုင်ပါ။ သို့သော်လည်း လူတစ်ဦး၏ အကျင့်စရိုက်မှတစ်ဆင့် ကောင်းသော စိတ်စွမ်းအားနှင့် မကောင်းသော စိတ်စွမ်းအားတို့ စတင်လွှမ်းမိုးနိုင်သည်ကို သတိထားသင့်ပေသည်။
လူတစ်ဦးရဲ့မွေးရာပါ_ကိုယ်ပိုင်စွမ်းအား (အရည်အချင်း)၊ စဉ်းစားသည့်ပုံစံ၊ အကျင့်စရိုက်နှင့် တွေ့ကြုံ ခံစားခဲ့ရသည့် စိတ်ဒဏ်ရာဒဏ်ချက်တို့သည် လူတစ်ဦးစီ၏ ဘဝအတွက် တစ်ခုခုကိုစဉ်းစား၊ ဆုံးဖြတ်၊ ရွေးချယ်လုပ်ဆောင်ရာတွင် များစွာအရေးပါ လွှမ်းမိုးမှုရှိကိုတွေ့ရသည်။ ကျွန်ုပ်တို့သည် လူတို့၌ ဖြစ်တတ်သည့် လူ့စိတ်၏ သဘောသဘာ၀ လှုပ်ရှားမှုများကို သေချာစွာခွဲခြားနားလည်တတ်ရန် လိုအပ်သည်။ သို့မှသာ လူတစ်ယောက်၏ မွေးရာပါကိုယ်ပိုင်စွမ်းအား(အရည်အချင်း)နှင့် အကျင့် စရိုက်များကိုသိရှိပြီး လူတစ်ဦး တစ်ခုခုဖြစ်လာလျှင် ထိုလူအားကောင်းသော စိတ်စွမ်းအား(သို့) မကောင်းသော စိတ်စွမ်းအားက လွှမ်းမိုးသည်စသည်ဖြင့် လက်လွှတ်စပယ် ဝေဖန်ဆုံးဖြတ်တော့မည် မဟုတ်ပေ။
ကောင်းသော စိတ်၏စွမ်းအားသည် လူတို့၏စဉ်းစားပုံ၊ ရွေးချယ်ဆုံးဖြတ်ပုံနှင့် လှုပ်ရှားမှုတို့တွင် အကျိုးသက်ရောက်စေသည်။ ကောင်းသော စိတ်စွမ်းအားသည် ဘုရားသခင်ကိုယ်တိုင်မှလာပြီး လူတို့အား ကုသိုလ်ကောင်းမှုများကို အမြဲပြုလုပ်ရန်၊ ဘုရားသခင်၏ နှုတ်ကပါဌ်တော်များကို နားထောင်ရန်နှင့် ဘုရားသခင်၏ အလိုတော်ကိုသာ ဆောင်ရွက်ရန်အားပေးသည်။ ဤကောင်းသော စိတ်စွမ်းအားသည် လူတစ်ယောက်အား ဘဝ၏အခက်အခဲများကို တက်တက်ကြွကြွ ရင်ဆိုင်ဖြေရှင်းရန်နှင့် ဘုရားသခင်ကိုလည်း ယုံကြည်မျော်လင့်ရန် အားပေးလေသည်။
ထို့အပြင် ကောင်းသော စိတ်စွမ်းအားသည် လူတစ်ယောက်အား အချင်းချင်း ငြိမ်းချမ်း သာယာမူ ကိုသာ လိုလားပြီး မိမိကိုယ်ကို ကောင်းမွန်စွာ ထိန်းသိမ်းကာ အမှားများအတွက် နောင်တရယူတတ် အောင် လှုံ့ဆော် အားပေးလေသည်။ ဤစိတ်စွမ်းအားကို နားထောင် လိုက်နာသူများ၏ ဘဝသည် ဘုရားသခင်နှင့် ပိုမိုနီးစပ်ကာ ပျော်ရွင် ငြိမ်းချမ်းခြင်းရှိ၏။
ဥပမာအားဖြင့် ကိုဂျော်နီသည် သူ၏အလုပ်၌ ဆုံးရူံးမှုများနှင့် ရင်ဆိုင်နေရသည်။ သူ၏ကြိုးစား အားထုတ်မှုများ ကျရူံးသည့်အပြင် သူ၏သူငယ်ချင်းများက သူ့ကိုမခေါ်ဘဲရှောင်ခွာသွားကြလေသည်။ သူသည် အလွန်စိတ်ဆင်းရဲနေရ၏။ ထိုအခြေအနေတွင် သူ၏စိတ်ထဲ၌ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသော စိတ်စွမ်းအားတို့အားပြိုင်လွန်ဆွဲနေကြသည်။ မကောင်းသောစိတ်စွမ်အားက အရာအားလုံးကို အရှုံးပေးချင်အောင် “အော် … ဆုံးရှုံးနေပြီပဲ မင်းဘာကြောင့် ဆက်ကြိုးစား ရုန်းကန်နေဦးမှာလဲ..” ဟူ၍ နှိုးဆော်လေသည်။ သို့သော် ကောင်းသောစိတ်စွမ်းအားက သူ၏စိတ်ထဲ၌ ပိုမိုတက်ကြွအောင် “ဘာတွေပဲဖြစ်နေပါစေ မင်းအမြဲကြိုးစားအားထုတ်ရမယ်။ ဘယ်လို အခြေအနေမျိုးပဲ ရောက်ရောက် ဘဝကိုလုံးဝအရှုံးမပေးနဲ့။ အရာအားလုံးကို မင်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းလိုက်စမ်းပါ..” ဟူ၍နှိုးဆော်အားပေးလေ၏။ ဤနောက်ဆုံး နှိုးဆော်သည့်အသံသည် ကောင်းသောစိတ်စွမ်းအား၏ နှိုးဆော်သံဖြစ်သည်ဟု ကိုဂျော်နီနားလည်ပြီး လက်ခံခဲ့သည့်အတွက် သူသည် အားနွဲ့အရှုံးပေးတတ်သူတစ်ယောက် ဖြစ်မလာသည့်အပြင် ပိုမိုတက်ကြွသူတစ်ဦးဖြစ်လာသည်။ တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် ကိုဂျော်နီသည် အခက်အခဲအားလုံးကိုဇွဲလုံ့လရှိရှိကျော်လွှားနိုင်ခဲ့သည်။ သူ၏ အတွင်းစိတ်တွင်လည်းငြိမ်းချမ်းကာ ခွန်အားနှင့်မိမိကိုယ်ကို ယုံကြည်မှုများလည်း ပြည့်ဝလာသည်။
ဒေါက်တာဟိန်းဇော်သည် သူ၏စိတ်ထဲရှိ ကောင်းသောစိတ်စွမ်းအား၏ လှုံ့ဆော်မူများက လူ့ကိုယ်ကျင့် သိက္ခာကို ကာကွယ်စောင့်ရှောက်နိုင်အောင် ခွန်အားများပေးသည်ဟု ခံစားရသည်။ သူတိုင်ကိုယ် ပြောပြသည်မှာ “ငါလေး…အဲဒီလိုကောင်းတဲ့ စိတ်စွမ်းအားရဲ့ လှုံ့ဆော်အားပေးမှုကြောင့်ပဲ ကိုယ်ဝန်ဖျက်ချတဲ့ အလုပ်ကို အပြီးအပိုင် တိုက်ဖျက်နိုင်ခဲ့တယ်။ မွေးကင်းစ ကလေးငယ်ကအစ လူသားတိုင်းကို ချစ်ခင်ထိုက်တယ်၊ ကာကွယ်ထိုက်တယ်ဆိုတာ အသိတရားရလာတယ်။ ဒါကြောင့် တာဝန်ယူမှုမရှိတဲ့ မိန်းကလေးနဲ့ သူမရဲ့မိဘတွေက ငွေအများကြီးပေးပြီး ငါကိုကိုယ်ဝန်ဖျက်ခိုင်းပေမဲ့ ငါဘယ်တော့မှ ဒါမျိုးအလုပ်တွေ မလုပ်တော့ဘူးလို့ ငြင်းလိုက်နိုင်တယ်။ လက်မခံပါဘူး။ ငါသူတို့ကို သတ္တိ ရှိရှိနဲ့ကလေးတွေရဲ့ အသက်ရှင်ပိုင်ခွင့်အကြာင်း အချိန်ယူပြီးရှင်းပြခဲ့ပါတယ်။ အဲဒီကလေးကို မလိုချင်ကြရင်တောင် ငါ့ကိုပေးလိုက်ပါလို့တောင် ပြောခဲ့သေးတယ်။ တစ်ခါတလေ ငါ့သူငယ်ချင်း အခြားဆရာဝန်တွေက ငါ့ကိုလှောင်ပြောင်ကြပေမယ့် ငါတော့ဂရုမစိုက်ပါဘူး။ မကြောက်ပါဘူး” ဟု ပြောပြခဲ့လေသည်။
လူတိုင်း၏ စိတ်နှလုံးသားထဲ၌ ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအား နှစ်ခုစလုံး အမြဲအတူ ရှိနေတတ်သည်။ ကောင်းသောစိတ်စွမ်းအားနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မကောင်းသော စိတ်စွမ်းအားသည် ကျွန်ုပ်တို့အားအကုသိုလ်များပြုလုပ်စေပြီး ကုသိုလ်ကောင်းမှုများကိုမပြုလုပ် နိုင်အောင် အမြဲကြိုးစားလှုံ့ဆော်တတ်ပါသည်။ ဤမကောင်းသော စိတ်စွမ်းအားမှာ လူတို့အား ဘုရားသခင်နှင့် တဖြည်းဖြည်း ဝေးကွာစေပြီး ဒုစရိုက်အလုပ်များကို လုပ်ဆောင်စေရန်နှင့် ကုသိုလ်ေ ကောင်းမှုများကို မလုပ်နိုင်အောင်လှုံ့ဆော်ပေး၏။ မကောင်းသောစိတ်စွမ်းအားက လူတို့အားစိတ်ကြီး ဝင်ခြင်း၊ အမုန်းတရားပွားများခြင်းနှင့် ခွဲခြားဆက်ဆံခြင်းစသည်တို့ကို လုပ်ဆောင်အောင်လှုံ့ဆော် အားပေးတတ်သည်။ ထိုစိတ်စွမ်းအားကို လိုက်လျှောက်သူများ၏ ဘဝသည် ဘုရားသခင်နှင့်ဝေးနေ ခြင်းကြောင့် ဝမ်းနည်းပူဆွေးမှုများနှင့်သာ ရင်ဆိုင်ကြရသည်။
ဥပမာအားဖြင့် မနှင်းနှင်းသည် လုံ့လဝီရိယရှိကာ ကူညီရိုင်းပင်းတတ်သည့် တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပြီး သူမ၏ဘဝအတွက် ရှင်းလင်းပြတ်သားသည့် အကြံအစည်ကောင်းများ ရှိသူဖြစ်ပါသည်။ တစ်နေ့တွင် သူမ၏အဖွဲ့သားများနှင့် တောင်တက်နေကြစဉ်တွင် သူငယ်ချင်းတစ်ယောက်သည် ချော်လဲကာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ထိုအချိန်တွင် မနှင်းနှင်း၏ စိတ်နှလုံးထဲမှ အားကောင်းသည့် လှုံ့ဆော်သံတစ်ခုပေါ်လာသည်မှာ “မင်းတက်နေတဲ့ တောင်ကို ဆက်မတက်တော့ဘဲ ဒဏ်ရာရနေတဲ့မင်း သူငယ်ချင်းကို ချက်ခြင်းအနီးဆုံး ဆေးရုံပို့ပေးလိုက်” ဟု၍ဖြစ်သည်။ သို့သော် အခြားလှုံ့ဆော်သံ တစ်ခုကလည်း “သူငယ်ချင်းကို ဆေးရုံပို့ဖို့ မလိုပါဘူး၊ ဒဏ်ရာရနေတဲ့ သူငယ်ချင်းကို အခြားသူငယ်ချင်းနဲ့ ကူညီခိုင်းပြီး မင်းတောင်ထိပ်ကိုအရောက် ဇွဲရှိရှိဆက်တက်လိုက်ပါ။ မဟုတ်ရင် တောင်တက်နိုင်တော့မှာ မဟုတ်ဘူး။ …မင်းက ဒီတောင်ထိပ် ရောက်တဲ့အထိ တက်ကိုတက်ရမယ်... သူ့ကို ထားခဲ့လိုက်...” ဟူ၍ ဖြစ်လေသည်။ ထိုဒုတိယအကြိမ် ဖြစ်ပေါ်လာသည့် လှုံ့ဆော်သံသည် ဒဏ်ရာရနေသော သူငယ်ချင်းအား မကူညီနိုင်အောင်၊ အတူလာခဲ့သည့် သူငယ်ချင်းအပေါ် တာဝန်မယူရဲအောင် လူံ့ဆော်အားပေးသည့် မကောင်းသောစိတ်စွမ်းအား၏ အသံဖြစ်သည်ကို မနှင်းနှင်းချက်ခြင်း သတိထားမိလေသည်။ မကောင်းသောစိတ်စွမ်းအားသည် သူမ၏ကောင်းသည့်ရည်ရွယ်ချက် အကြံအစည်များကို မလုပ်နိုင်အောင် ပြင်းထန်စွာဟန့်တား ပယ်ချနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူမ၏သူငယ်ချင်းကို ကူညီနိုင်ခဲ့သဖြင့် သူမ၏စိတ်ထဲ၌ တည်ငြိမ်အေးချမ်းမှုများ ဖြစ်ပေါ်ခံစားခဲ့ရသည်။
တရားသူကြီး တစ်ဦးဖြစ်သည့် ဦးအောင်ကျော်သည် သူတရားစီရင်နေစဉ် တွေ့ကြုံရသည့် မကောင်းသော စိတ်စွမ်းအား၏ နှောက်ယှက်မှုများ အကြောင်းကို ဤသို့ပြောပြသည် “တစ်နေ့ အဆင့်မြင့် ဝန်ထမ်းတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှုမှာ ငါတရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့တယ်။ တရားခံရဲ့ မိဘများတွေဘက်က ငါ့ကိုအကြိမ်ကြိမ် လာဘ်လာပေးကြတယ်။ အဲဒီအချိန် ငါ့ရဲ့သားသမီးတွေအတွက် အရမ်းငွေလိုအပ်နေတဲ့ အချိန်နဲ့လည်းတိုက်ဆိုင်နေပြန်တယ်။ သူတို့ပေးလာတဲ့ ငွေပမာဏကလည်း အများကြီးဆိုတော့ အဲဒီငွေတွေကို ငါယူမိတော့မလိုပဲ။ ငါ့စိတ်မလုံဘူးလေ။ ငါ့ရဲ့ စိတ်ထဲမှာ ဒါတွေကိုဘယ်သူမှ သိမှာမဟုတ်ဘူး ယူလိုက်စမ်းပါ လို့ပဲ လှုံ့ဆော်သံ ကြားခဲ့ပါတယ်။ ‘မင်းဟာမင်း သေချာကြည့်ပြီး နေထိုင်တတ်ရင် လူတွေရဲ့အမြင်မှာတော့ မျှမျှတတ တရားစီရင်တယ်လို့ထင်ကြမှာပဲလေ။ မင်းတကယ် ငွေလိုအပ်နေတဲ့ အချိန်ပဲ။ မင်းနေရာမှာ အခြားသူတွေ ဆိုရင်လည်း ဒီလိုပဲလုပ်ကြမှာပဲ။ လာဘ်ထိုးတဲ့ငွေတွေကို ယူလိုက်စမ်းပါ။ ဘာကြောက်နေရတာလဲ’ စသည့််ဖြင့် လှုံ့ဆော်သံများဖြစ်လာခဲ့တယ်။ ငါရဲ့အတွင်းစိတ်ထဲမှာလဲ လာဘ်ထိုးငွေတွေကို မယူမိစေဖို့ အခြားပို အားသန်တဲ့လူံ့ဆော်သံကြောင့် မယူဖြစ်ခဲ့ဘူး။ အဲဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ နောက်ဆုံးမှာတော့ လွတ်လပ်တဲ့ဆုံးဖြတ်ချက်နဲ့ မျှမျှတတငါတရားစီရင်နိုင်ခဲ့ပါတယ်…” ဟူ၍ ဖြစ်သည်။ သူသည့် မကောင်းသောစိတ်စွမ်းအား၏ လှုံ့ဆော်မှုကိုသာလိုက်ကာ လာဘ်ထိုးငွေများကို ယူမိပါက သူလွတ်လပ်စွာ တရားမစီရင်နိုင်ဘဲ သူ့ဘဝတွင်ငွေကြေးရှိသော်လည်း စိတ်ပျက်ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရမည်ကို သူကောင်းကောင်းသိနေသဖြင့် သူကောင်းမွန်စွာ လုပ်နိုင်ခဲ့ခြင်း အပေါ် ဝမ်းမြောက်ကာ ဘုရားသခင်ကို ကျေးဇူးတင်နေမိတော့သည်။
ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် အခြေခံစိတ်စွမ်းအား သုံးခုဖြစ်သည့် ကိုယ်ပိုင်စွမ်းအား(လူတို့၏ကိုယ်ပိုင် ဖြစ်တည်မှု)၊ ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအားတို့က ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်ပုံ၊ ဆုံးဖြတ်ချက်ချပုံနှင့် ပြုမူလှုပ်ရှားပုံတို့ကို လွှမ်းမိုးထားသည်။ တစ်နည်းအားဖြင့် မိမိ၏ မွေးရာပါ စိတ်စွမ်းအား(အရည်အချင်း)၊ ပြုမူပုံ(သို့)ပင်ကိုယ်စရိုက်များက ကျွန်ုပ်တို့လှုပ်ရှားမှုများကို လွှမ်းမိုးထားသည်။ ထို့အပြင် ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအား တို့ကလည်း ကြိုးစားလှုံ့ဆော်လွှမ်းမိုးကြသည်။ ကောင်းသောစိတ်စွမ်းအားသည် ကျွန်ုပ်တို့အား ကောင်းသည့် အရာများကိုလုပ်ဆောင်ရန် အားပေးပြီးဘုရားသခင်နှင့် ပိုနီးစပ်စေသည်။ မကောင်းသော စိတ်စွမ်းအားသည် မကောင်းသည့်အပြစ်ဒုစရိုက်များကို လုပ်ဆောင်ရန်အားပေးပြီး ဘုရားသခင်နှင့် ဝေးကွာစေသည်။ ထိုအခြေခံစိတ်စွမ်းအား သုံးခု၏လွန်ဆွဲမှု(သို့)ပြဿနာများက ကျွန်ုပ်တို့၏ အတွင်းစိတ်ကို လွှမ်းမိုးအရောင်ဆိုးကြသည်။
၁) သင်၏ အကျင့်စရိုက်၊ မွေးရာပါကိုယ်ပိုင်စွမ်းအား(အရည်အချင်း)၊ စဉ်းစားပုံတို့က သင်၏လှုပ်ရှား ဆုံးဖြတ်ပုံစံတို့ အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။
၂) သင့်ဘဝ၌ ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအားတို့၏ လွှမ်းမိုးကို တွေ့ကြုံဘူးပါသလား။ ထိုနှစ်ခုကို ပုံမှန်အားဖြင့် သင်မည်ကဲ့သို့ ခွဲခြားနိုင်ပါသနည်း။
၃) ကောင်းသော စိတ်စွမ်းအားနှင့် မကောင်းသော တ်စွမ်းအားတို့၏ လှုံ့ဆော်မှုတို့ လွန်ဆွဲနေချိန်တွင် သင်မည်သို့ ခံစားရပါသနည်း။ ဥပမာတစ်ခုပေးပါ။
၄) သင်ဘဝတွင် ကောင်းသော တ်စွမ်းအားနှင့် မကောင်းသော တ်စွမ်းအားတို့၏ လှုံ့ဆော်မှုနှစ်ခုထဲမှ မည်သည်လှုံ့ဆော်မှုဘက်သို့ လိုက်ရန် ပိုမိုလွယ်ကူပါသနည်း။ အဘယ်ကြောင့်နည်း။