Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
ကောင်းသောစိတ်စွမ်းအားနှင့်မကောင်းသောစိတ်စွမ်းအားတို့၏လှုံ့ဆော်မှု။ အခန်း(၃) Bro.Thang Ha,SJ(ဘာသာပြန်) Posted by Sr. Eugenie(SFX)
အခြေခံစိတ်စွမ်းအားအမျိုးမျိုးကိုခွဲခြားနည်း။
ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအားတိုကို ခွဲခြားနည်းသည် အခြေခံစိတ်စွမ်းအားများ ခွဲခြားနည်းဖြစ်သဖြင့် ဝိညာဉ်ရေးလမ်းစဉ် စတင်သူများအတွက် အထူးသင့်လျော်ပါသည်။ ဘုရားသခင်နှင့်အထူး ထိတွေ့လိုသောသူများအတွက်နှင့် လမ်းစဉ်မှန်ဖြင့် ပြုပြင်ပြောင်းလဲ လိုသူများအတွက်လည်း အထူးသင့်လျော်၏။ အဘယ်ကြောင့်ဆိုသော် ယင်းအခြေခံစိတ်စွမ်းအား ကောင်းမကောင်း ခွဲခြားနည်းသည် အခြေခံစိတ်စွမ်းအား အကောင်းနှင့်အဆိုးတို့၏ လှုပ်ရှားမှုကိုရှင်းလင်းစွာ ခွဲခြားနိုင်မည်ဖြစ်သောကြောင့်တည်း။ ဝိညာဉ်ရေးကျင့်စဉ်တွင် ကျင့်သားရကာ ရင့်ကျက်ပြီးသူများကို မကောင်းသော စိတ်စွမ်းအားက နည်းပရိယာယ် မျိုးစုံသုံးကာ စတင်နှောင့်ယှက်သဖြင့် အကောင်းနှင့်အဆိုးခွဲခြားရန် ပိုမိုခက်ခဲလေသည်။ ထို့ကြောင့် လေးနက်သော ဆန်းစစ်မှုများ ပြုလုပ်ရန်လိုအပ်လေသည်။
 
၁။ကျွန်ုပ်တို့၏မူလအခြေအနေ
ကျွန်ုပ်တို့တွင်ရှိ အတွင်းစိတ်စွမ်းအားတို့၏ လှုပ်ရှားမှုများကိုမခွဲခြားသေးခင် ကျွန်ုပ်တို့၏စိတ်နှလုံးအခြေအနေကို သိရှိနားလည် ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်၏ စိတ်နှလုံး အခြေအနေအမှန်ကို နားလည်ရမည်။ ကျွန်ပ်တို့၏ ဝိညာဉ်ရေး၌ ဘုရားသခင်နှင့် ပိုမိုနီးကပ်နေခြင်း(သို့) ဝေးကွာနေခြင်း စသည့်ဖြင့် သိရှိရန်လိုအပ်သည်။ ယင်းအခြေအနေနှစ်ခုတွင် ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအားတို့၏ လွမ်းမိုးမှုများ ကွဲပြားမှုများစွာရှိတတ်၏။ ရဟန္တာအီဂနေးရှပ်စ်သည် လူတစ်ဦးအတွင်းရှိ ထက်သန်သော စိတ်စွမ်းအား၏ လှုပ်ရှားမူနှစ်ခုကို ခွဲခြားစွာသိနိုင်ခဲ့သည်။
၎င်းတို့မှာ

(၁)ဘုရားသခင်နှင့်ဝေးကွာနေခြင်း(သို့)အပြစ်ကြီးထဲသို့ နစ်သည်ထက် နစ်နေခြင်းနှင့်
(၂)အပြစ်များကို စိတ်အားထက်သန်စွာ ဆေးကြောနေခြင်း စသည်ဖြင့် စိတ်စွမ်းအားနှစ်ခု၏လှုပ်ရှားမှုကို သိရှိခဲ့သည်။ ဤအခြေအနေတွင် ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအား နှစ်ခုစလုံးက နည်းအမျိုးမျိုးဖြင့် ကြိုးစားလွှမ်းမိုးမှုရှိလေသည်။
 
(၁)ဘုရားသခင်နှင့်ဝေးကွာနေသူ
ဘုရားသခင်နှင့်ဝေးကွာနေသူ တစ်ဦးသည် ဘုရားကို တဖြည်းဖြည်းထားခဲ့ပြီး လောကအပျော်အပါးကို ပိုမိုနှစ်သက်ကာ သူ့ဘဝအတွက် ဘုရားသခင်ကို မေ့လျော့နေတတ်သည်။ ခရစ်ယာန် တစ်ဦးဖြစ်သော်လည်း မျှော်လင့်ချက် စတင်ပျောက်ဆုံးလျှက်ရှိပြီး ကောင်းမှုကုသိုလ်များကို မပြုလုပ်နိုင်သည့်အပြင် သူ၏ယုံကြည်ခြင်းသည်လည်း စတင်ခြောက်သွေ့လာသည်ကို ဂရုမစိုက်နိုင်တော့ပေ။
ဥပမာ- မောင်တိုနီသည် သူ့ဘဝ၏ယုံကြည်ခြင်းကို ဂရုစိုက်သူမဟုတ်။ သူသည် “ဘုရားကျောင်း ဘာလို့သွားရမှာလဲ ကျွန်တော့ဘဝအတွက် ပိုက်ဆံရတာလဲ မဟုတ်ဘူး” ဟုပြောဆို တတ်သည်။ တဖြည်းဖြည်း ဘုရားကျောင်း သွားချင်စိတ်လည်းမရှိ။ တိုနီသည် နေ့စဉ်နေ့တိုင်း ငွေများများမည်ကဲ့သို့ရှာဖွေ စုဆောင်း ရမည်ကိုသာ စဉ်းစားနေတော့သည်။ သူသည် အိမ်ထောင်ဦးစီး တစ်ဦးဖြစ်သော်လည်း သူ့ကလေးငယ်များကို ဂရုမစိုက်နိုင်။ သူ၏ကလေးများ မည်ကဲ့သို့ ဖြစ်နေကြသည်ကိုလည်း မမေးတော့ချေ။ သူ့အတွေး၌ ငွေများများရဖို့ အမြဲစဉ်းစား၏။ နောက်ဆုံးတွင် သူ့အတွက် ဘုရားထက် ငွေရဖို့တစ်ခုတည်းကိုသာ ကြိုးစားရှာဖွေနေတော့သည်။ ထို့ကြောင့် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားရှင်ကို အားကိုးရမည့်အစား ဖန်ဆင်းခံအရာများ၌သာ အာရုံစိုက်ရင်း ဘုရားသခင်နှင့်ဝေးကာ လမ်းပျောက်သွားခဲ့သည်။
 
(၂)အပြစ်များကိုစိတ်အားထက်သန်စွာဆေးကြောသန့်စင်သူ
အထက်တွင် ဖော်ပြသည့် ဘုရားသခင်နှင့်ဝေးနေသည့် မောင်တိုနီ၏ အဖြစ်အပျက်သည် မမိချယ်၏ အဖြစ်အပျက်နှင့် လုံးဝမတူပေ။ မမိချယ်သည် သူမ၏သူငယ်ချင်းများနှင့် ဘုရားသခင်တို့အကြား ဆက်ဆံရေးကို ဂရုစိုက်ပြုပြင်ခြင်းဖြင့် မိမိဘဝကို တဖြည်းဖြည်းပြန်လည်တည်ဆောက် လိုသူဖြစ်၏။ သူမသည် မကြာခဏ အာပတ်ဖြေတတ်၏။ ယခင်က သူမသည် ဦးတည်ရာမဲ့သည့်ဘဝတွင် ပျော်ပါးနေခဲ့သည်မှာ အလွန်ပင် ကြာခဲ့လေပြီ။ ထို့ကြောင့် ယခုသူမ၏ဘဝကို ဘုရားသခင်၏ အလိုတော်အတိုင်း ရှင်သန်ကာ ဘဝသစ်ကိုပြန်စခြင်း ဖြစ်သည်။ ယခင်ကလို သူမသည် မိမိအလိုဆန္ဒကိုသာ အမြဲတမ်းရှာဖွေမည့်အစား သူမ၏ သူငယ်ချင်းများကို ဦးစားပေးတတ်လာသည်။ ယုံကြည်ခြင်း အပြည့်ဖြင့် မိမိ၏ဘဝကို ကောင်းမွန်လေးနက်စွာ နေထိုင်၏။ အလုပ်အစီအစဉ်များ ရေးဆွဲရာတွင် ဘုရားသခင်ကိုချီးမွမ်း ဆုတောင်းရမည့်အချိန်ကို စနစ်တကျထားရှိ၏။ ထို့ကြောင့် မမိချယ်သည် ဘုရားသခင်နှင့် ပိုမိုထိတွေ့နိုင်သဖြင့်ဝမ်းမြောက် ပျော်ရွင်နေသူဖြစ်သည်။
 
၂။အဆိုးဘက်သို့ဦးတည်နေသောလူတစ်ဦး၏အခြေအနေ
ရဟန္တာ အီဂနေးရှပ်စ်၏ (Spiritual Exercises) ဝိညာဉ်ရေးကျင့်စဉ် လမ်းညွှန်စာအုပ်၊ အမှတ် (၃၁၄)၌ အဆိုးဘက်သို့ ဦးတည်နေသည့် လူတစ်ဦး၏ အခြေအနေကို ရှင်းပြထားသည်။ ဘုရားသခင်နှင့် ဝေးကွာနေသည့် မောင်တိုနီကဲ့သို့ပင် တစ်ကိုယ်ကောင်းဆန်မှုများ ပြုမူတတ်၏။ မိမိတို့၏ ပျော်ရွှင်မှု တစ်ခုတည်းအတွက်သာ ဦးစားပေး ပြုမူတတ်ကြ၏။ ယင်းအပြုအမူကြောင့် ဘာသာရေးအလုပ်၊ ဘုရားတရားအလုပ်နှင့် ဝေးကွာသွားခြင်းမှာ မထူးဆန်းတော့ပေ။ ထိုသူသည် အခြေခံအားဖြင့် ဘုရားသခင်ကို ယုံကြည်လက်ခံထားသော်လည်း သူတို့၏ဘဝတွင် ချမ်းသာကြွယ်ဝလိုသည့် လောဘစိတ်၊ အလုပ်တွင် စိုးရိမ် ပူပန်စိတ်နှင့် လောကဥစ္စာ ပစ္စည်းများအတွက် စိတ်ရှုပ်နေရသဖြင့် ဘာသာမဲ့တစ်ယောက်သဖွယ် ဖြစ်လာတတ်ကြသည်။ ထိုသူတို့၏အခြေအနေသည် တဖြည်းဖြည်းဘုရားသခင်နှင့် ဝေးကွာသွားပြီး နောက်ဆုံး သူတို့အမှားကို သိရှိလာသည့်အချိန်တွင် နောက်ကျသွားသဖြင့် အပြစ်ကြီးကို ကျူးလွန်သူထက်ပင် ဆိုးဝါးတတ်၏။
ထို့အပြင် အဆိုးတစ်ခုမှ နောက်ပိုဆိုးသည့် အရာတစ်ခုသို့၊ နောက်အပြစ်ကြီးတစ်ခုသို့ ရောက်သွားတတ်၏။ ဥပမာ၊ ပြည့်တန်ဆာအလုပ်ကိုလုပ်ရင်း ယင်းအလုပ်၌ ပျော်ပျော်ပါးပါးဖြင့် ပိုမိုလုပ်ဆောင်လာသူများ၊ သူခိုးအဆင့်မှ လူသတ်သည့် ဓားပြအဖြစ်သို့ ရောက်လာသူများ၊ မိမိကိုယ်ကို အဂတိလိုက်စားခြင်းမှ ရုန်းမထွက်လိုသူများ၊ ပြည်သူလုထုကို အမြဲခြိမ်းခြောက်သည့် အာဏာရှင်နှင့် အခြားသူများကို အလွန်မုန်းတီးတတ်သူ စသည်လူများဖြစ်လာသည်။
 
(က)မကောင်းသောစိတ်စွမ်းအား၏နည်းလမ်းများ
မကောင်းမှုများကို တစ်ခုပြီးတစ်ခု ကျူးလွန်သူများသည် ဘုရားသခင်နှင့် ဝေးကွာသည့် အလုပ်များကို ဆက်လက်ပြုလုပ်ကာ မကောင်းသောစိတ်စွမ်းအား၏ ဖြားယောင်းသည့် နူညံ့သောဆွဲအားကို မခုခံနိုင်ချေ။ အကြောင်းမှာ ထိုသူ၏မခုခံတတ်သည့် အခြေအနေနှင့် မကောင်းသော စိတ်စွမ်းအား၏ နည်းလမ်းများသည် တစ်ထပ်တည်းဖြစ်သောကြောင့်ဖြစ်၏။ ပုံမှန်အားဖြင့် မကောင်းသော စိတ်စွမ်းအားသည် ထိုသူကို သူ၏အဆိုးမှ ပိုမိုဆိုးဝါးသည့် လုပ်ဆောင်ချက်များ၌ ပျော်မွေ့အောင် ဆွဲဆောင်လေသည်။ စနစ်တကျ မနေတတ်သူကို ဖရိုဖရဲပိုဖြစ်လာအောင်၊ ဘုရားသခင်အကြောင်း မစဉ်းစားဖူးသူကို ဘုရားတရားအကြောင်း ပိုမိုစဉ်းစားခြင်း မရှိလေအောင် ဆွဲဆောင်၏။ ကာမဂုဏ်ရမ္မက်ကြီးပြီး ပုံမှန်မဟုတ်သည့် နည်းလမ်းဖြင့် ကာမဂုဏ် အာရုံခံစားမှုပြုလုပ်သူကို သူ၏အပြုအမူ၌ ပိုမိုနှစ်သက် စွဲလမ်းလာအောင် ဆွဲဆောင်တတ်သည်။ အပြစ် ဒုစရိုက်အမှုတွင် ပျော်တတ်သူကိုလည်း ထိုအမှု၌ ပိုမိုလုပ်ဆောင်အောင် ဆွဲဆောင်တတ်၏။
မောင်အောင်နီသည် ကာမဂုဏ်အပျော်အပါးလိုက်စားသည့် ကော်လိပ်ကျောင်းသား တစ်ဦးဖြစ်သည်။ သူ့စိတ်ထဲ၌ မည်ကဲ့သို့ ကာမဂုဏ်အပျော်အပါး လုပ်ဆောင်ရမည်ကိုသာ စဉ်းစားနေတတ်၏။ ထို့ကြောင့် ပြည့်တန်ဆာ မိန်းကလေးများ၏ နေအိမ်သို့ မကြာခဏ သွားရောက်လေ့ရှိသည့်အပြင် စိတ်ကြွဆေးများကိုပင် စွဲသောက်တတ်လာသည်။ ဤအခြေအနေမျိုးတွင် မောင်အောင်နီကို မကောင်းသော စိတ်စွမ်းအားက ကာမဂုဏ်အပျော်အပါး၌ ပိုမိုစွဲမက်လာပြီး နောက်ဆုံးတွင် မူးယစ်ဆေးဝါ သောက်သုံးသည့်အထိ တဖြည်းဖြည်း ဆွဲဆောင်ခြင်းဖြစ်သည်။ သူ၏ စိတ်ထဲ၌လည်း ထိုကာမဂုဏ်အပျော်အပါးတွင် ပျော်မွေ့လိုသည့် ဆန္ဒများသာ ပေါ်လာတတ်၏။ "အိုလောကမှာ လူ့ဘဝမှာဆိုတာ ခဏလေးပါ။ ဒီတစ်ခါပဲနေရမှာ၊ ဘာဖြစ်လို့ အပျော်အပါး မလိုက်စားရမှာလဲ၊ မပျော်ပါးလိုက်ရဘဲ သေသွားရင် နှမျောစရာပဲ မဟုတ်လား" စသည့်ဖြင့် မောင်အောင်နီ၏ စိတ်၌ ပေါ်လာတတ်၏။ ထိုပေါ်လာသည့် မကောင်းသော စိတ်စွမ်းအားကို မောင်အောင်နီ မခုခံသည့်အပြင် ထောက်ခံနေလိုက်သေး၏။ ထိုကြောင့် သူသည် မကောင်းမှုများကို အလွယ်အကူပြုလုပ်ပြီး ပိုမိုဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ဦးတင်မောင်သည် သူခိုးတစ်ယောက်မှ လူကောင်းအဖြစ် ပြောင်းလဲလာသူဖြစ်သည်။ ဦးတင်မောင်သည် ယခင်ကမည်ကဲ့သို့ ပိုမိုဆိုးရွားသွားပုံကို သူပြန်ပြောပြသည်မှာ "အစပိုင်းမှာတော့ ကျွန်တော် စားသောက်ဆိုင်က အစားအစာနဲ့ ပစ္စည်းအသေးအဖွဲ့လေးတွေပဲ ခိုးယူတတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ပစ္စည်းအကြီးစားတွေ ခိုးယူချင်စိတ် ပေါ်လာတယ်။ ဒါနဲ့ပဲ လျှပ်စစ်ဆိုင်ကြီးကနေ ပစ္စည်းတွေကို ခိုးယူခဲ့တယ်။ ဒါနဲ့တင် မကျေနပ် သေးဘူး။ “ဒါဘာမှ မဟုတ်သေးပါဘူး၊ ဒါတွေထက် ဈေးများတဲ့ ပစ္စည်းတွေ အများကြီး ရှိပါသေးတယ်။ အဲဒီပစ္စည်းတွေသာ ခိုးယူလိုက်ရင် တော်တော် အဆင်ပြေမှာဘဲ” လို့ကျွန်တော်စိတ်ထဲမှာ ပေါ်လာပြန်တယ်။ စိတ်ထိန်းလို့ မရတော့တဲ့အဆုံး ပစ္စည်းအကြီးတွေကို ခိုးယူလိုက်တယ်။ အပြစ်ရှိတယ်လို့ မခံစားရတဲ့အပြင် ကျွန်တော်အရမ်းပျော်ပြီး ဂုဏ်တောင်ယူလိုက်သေးတယ်။ နောက်ပိုင်း ဆိုးသထက် အဆိုးတွေပြုလုပ်ပြီး အသိစိတ်တွေ ပြန်ရတဲ့ချိန်မှာတော့ ကျွန်တော် တော်တော်လေး အခြေအနေဆိုးနေပြီလေ၊ မကောင်းသော စိတ်စွမ်းအားရဲ့ သွေးဆောင် ဖြားယောင်းမှုအောက်မှာ မှိုင်းမိနေခဲ့တာပေါ့။ အဲဒီချိန်မှာ ကျွန်တော်အဖမ်းခံရပြီးမှ အပြစ်ရှိတယ်လို့ ခံစားလာရတယ်။ နောင်တ တရားတွေ ကောင်းကောင်းကြီးကို ရနေပါပြီ။ လူကောင်းပြန်ဖြစ်ခွင့်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" ဟုပြောပြလေသည်။
 
(ခ)ကောင်းသောစိတ်စွမ်းအား၏နည်းလမ်းများ
ကောင်းသောစိတ်စွမ်းအားသည် မကောင်းသောစိတ်စွမ်းအား၏ နည်းလမ်းများနှင့်ဆန့်ကျင်ဘက် နည်းလမ်းများကို အသုံးပြုကာ ဘုရားသခင်နှင့် ပိုမိုနီးကပ်လာစေသည်။ ကောင်းသော စိတ်စွမ်းအားသည် လူတို့၏ အသိစိတ်မှတဆင့် အမှန်တရား(သို့)အတွေးမှန်ဘက်သို့ စဉ်းစားတွေးခေါ်လာအောင် ကြိုးစားကူညီပေး၏။ အမှန်တရားဘက်သို့ မလိုက်ဘဲ အမှားဘက်တွေးခေါ်ကာ မကောင်းပြောဆိုသူများကို ဆန့်ကျင်ပြီး လမ်းမှန်ဘက်သို့ ဆွဲဆောင်တတ်၏။ ပုံမှန်အားဖြင့် ကောင်းသော စိတ်စွမ်းအားသည် အမှားလုပ်သူများကို သူတို့၏ စိတ်နှလုံး၌ အပြစ်ရှိကြောင်းဝန်ခံစေပြီး လူ့ကိုယ်ကျင့်သိက္ခာနှင့်အညီ ပြန်လည်စဉ်းစားသုံးသပ်စေသည်။ မှန်ကန်သည့် ဘဝဖြင့်နေထိုင်ရန် တိုက်တွန်းအားပေးလေသည်။
ဥပမာ၊ အထက်တွင် ဖော်ပြထားသည့် ဦးတင်မောင်သည် အရင်ကခိုးယူရန် စဉ်းစားသည့်အခါတိုင်း ခိုးယူခြင်းသည် မကောင်းသည့် အပြုအမူဖြစ်ပြီး မိမိကိုယ်ကို ဖျက်ဆီးခြင်းသို့ ရောက်စေမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် လှုံ့ဆော်အားပေး၏။ ထိုအခြေအနေမျိုးတွင် ဦးတင်မောင်၏ စိတ်ထဲ၌ ကောင်းသောစိတ်စွမ်းအား၏ လှုံ့ဆော်မှုကို ခံစားရ၏။ သူခိုးယူလိုစိတ်ပေါ်လာသည့်အခါတွင် လိပ်ပြာမသန့်ဘဲ ကြောက်စိတ်နှင့်အတူ စိတ်မငြိမ်မသက် ဖြစ်ရလေသည်။ ထိုကဲ့သို့ ဦးတင်မောင် စိတ်မငြိမ်မသက် ဖြစ်ပြီးနောက် ခိုးယူခြင်းဖြင့် မိမိ၏ အကျင့်စာရိတ္တ ပျက်စီးသည့်အပြင် တစ်ပါးသူ၏ စီးပွားရေးကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း ကောင်းသော စိတ်စွမ်းအားက လှုံ့ဆော်အားပေးသည်။
ကောင်းသော စိတ်စွမ်းအားသည် မကောင်းမှုပြုလုပ်သူအား တစ်ဦးဦးကို လွမ်းဆွေးသည့်ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။ ထိုသို့လွမ်းဆွေးသည့် ခံစားချက်ဖြစ်ပေါ်လာခြင်းမှာ မကောင်းမှုပြုလုပ်သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို တမ်းတသည့်စိတ် ရှိနေခြင်းကြောင့်ဖြစ်သည်။
ဥပမာ၊ အိမ်ထောင်သည် ကလေးတစ်ယောက်၏အမေဖြစ်သူ မရီရီသည် ချစ်သူယောက်ျားလေး တစ်ယောက်နှင့် နောက်လိုက် ပြေးသွားခဲ့သည်။ သူမ၏ ချစ်သူအသစ်အိမ်၌နေစဉ် သူမယောက်ျားနှင့်အတူ ချန်ရစ်ခဲ့သည့် ကလေးငယ်ကို လွမ်းဆွေးတမ်းတရင်း စိတ်ပူလာစေအောင် ကောင်းသောစိတ်စွမ်းအားကလှုံ့ဆော်ပေး၏။ သူမကို သိပ်မချစ်သည့် သူမ၏ယောက်ျားအတွက် စိတ်ပျက်သော်လည်း ကလေးငယ်ကို ချစ်သည့်သံယောဇဉ်ကြောင့် စိတ်ပူပင်သောကရောက်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်လာစေသည်။ နောက်ဆုံးတွင် ကလေးငယ်ကို ချစ်သည့် သံယောဇဉ်ကြောင့် သူမ၏အိမ်သို့ ပြန်လာခဲ့လေသည်။
 
၃။ဘုရားသခင်နှင့်ပိုမိုနီးစပ်လာသူ
(က)။လူတစ်ဦး၏အခြေအနေ
ရဟန္တာ အီဂနေးရှပ်စ်၏ (Spiritual Exercises) ဝိညာဉ်ရေးကျင့်စဉ် လမ်းညွှန်စာအုပ်၊ အမှတ် (၃၁၅)၌ ဘုရားသခင်နှင့် နီုးစပ်နေသူ တစ်ဦး၏ အခြေအနေကို ဖော်ပြထားသည်။ ဘုရားသခင်နှင့် နီးစပ်သူသည် ဘုရားသခင်နှင့် တလုံးတဝတည်ဖြစ်ရန် အမြဲကြိုးစား နေသူဖြစ်၏။ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲကာ ဘုရားသခင်ကို ပထဦးဆုံးနေရာတွင် ထားလေ့ရှိသည်။ ထိုအပြင် မိမိအမှားများအတွက် နောင်တ တရားစွဲပြီး စိတ်သစ်၊ လူသစ်ဖြင့် ဘုရားသခင်အား အစေခံလိုသူဖြစ်သည်။
ကိုမိုက်ကယ်သည် ဘုရားသခင်နှင့် အမြဲနီးကပ်နိုင်အောင် ကြိုးစားအားထုတ်လေ့ရှိသည့် ကောင်းသောလူငယ်တစ်ဦး ဖြစ်သည်။ မိုက်ကယ်သည် မကြာသေးခင်က ဘွဲ့ရထားသူဖြစ်၏။ သို့သော် ကျောင်းဆရာလုပ်ချင်စိတ်နှင့် ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်လိုစိတ် နှစ်ခုတို့ကြားရွေးချယ် ရမည်ဖြစ်သည်။ သူသိရှိသမျှအသိဖြင့် ဘုရားသခင်၏ အလိုတော်အတိုင်း နေထိုင်နိုင်အောင် အမြဲကြိုးစား၏။ လူငယ်လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်သဖြင့် သူ၏သာသနာနယ်၌ လူငယ်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးကောက်ခြင်း ခံရလေသည်။ သူ၏ မိသားစုတွင်လည်း ညီအစ်ကို မောင်နှမများအတွက် လိုအပ်သည်များကို မိမိအသိစိတ်ဖြင့် လိုလေသေးမရှိအောင် လုပ်ဆောင်တတ်၏။ “လောကမှာ လူဖြစ်တုန်း အဓိပ္ပာယ်ရှိရှိ အသက်ရှင်ပြီး အခြားသူများကို အစေခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစား နေထိုင်ရမယ်”ဟု သူပြောဆိုလေ့ ရှိသည်။ မိုက်ကယ်သည် ဘုရားသခင်ကို ချီးမွမ်းရန်အမြဲအသင့်ရှိသူ ဖြစ်သည့်အပြင် သူဘဝ၌ ကျောင်းပညာကို အကောင်းဆုံး သင်ကြားရခြင်းနှင့် တိုးတက်ကောင်းမွန်သည့် အသက်တာကို ရှင်သန်ခွင့်ပေးသည့် ဘုရားသခင်ကို ကျေးဇူးတင် မဆုံးဖြစ်ရလေသည်။
 
(ခ)မကောင်းသောစိတ်စွမ်းအား၏နည်းလမ်းများ
ဘုရားသခင်နှင့်နီးကပ်အောင် အမြဲကြိုးစားနေသူ တစ်ဦးအား မကောင်းသော စိတ်စွမ်းအားက ထိပ်တိုက် လှည့်ဖျားခြင်းအားဖြင့် တိုက်ခိုက်ကာ ထောင်ချောက်ဆင် တတ်လေသည်။ ထိုသို့တိုက်ခိုက်ခြင်းအားဖြင့် ဘုရားသခင်နှင့် နီးကပ်နေသူကို အားနည်းစေရန်ဖြစ်သည်။
၁)။ ထိလွယ်ရှလွယ်သည့်သူကို ဆင်ခြေပေးခြင်းဖြင့်လည်းကောင်း၊ ခုခံတတ်သူကို ပေါ်လွင်သည့် အချက်များဖြင့် လည်းကောင်း တိုက်ခိုက်တတ်သည်။
၂)။ မကောင်းသော စိတ်စွမ်းအားသည် လူကောင်းတစ်ယောက်အား ကောင်းမှုကုသိုလ်များ မပြုလုပ်နိုင်ဘဲ အားနည်းတုန့်ဆိုင်း ရပ်တန့်သွားအောင် လုပ်ဆောင်တတ်၏။
၃)။ တစ်ခါတစ်ရံ လူတစ်ယောက်၏ အားနည်းချက်များကို အသုံးပြုကာ အားတက်သရော ကြိုးစားနေသူ၏စိတ်ကို တဖြည်းဖြည်းချင်း စိတ်ပျက်စေကာ၊ သိမ်ငယ်စိတ် ဝင်စေခြင်းနှင့် အခြားသော နည်းလမ်းများဖြင့် တိုက်ခိုက်တတ်သည်။
ဥပမာ၊ မောင်ညီထွေးသည် သူခိုးဘဝမှ မိမိကိုယ်ကို ပြန်လည် ပြုပြင်ကာ ပြောင်းလဲလာသူ ဖြစ်သည်။ သူ၏ ဘဝဟောင်းမှ မကောင်းသည့် အပြုအမူအားလုံးကို မေ့ပျောက်ပြီး ဘဝသစ်ပြန်စရန် စိတ်အားထက်သန်သူဖြစ်၏။ ထို့ကြောင့် သူခိုးဘဝမှ အပြုအမူများကို ပြန်သတိရသည့် အခါတိုင်း စိတ်အနှောက်အရှက် ဖြစ်ရလေသည်။ ထိုမကောင်းသော စိတ်စွမ်းအားက မောင်ညီထွေး၏ အလွယ်တကူ ပြုလုပ်ခဲ့သည့် အတွေ့အကြုံများကို အကောင်းဖြစ်အောင် ပြုပြင်ရန်အလွန်ခက်ခဲမည် ဟုပြောဆိုခြင်းအားဖြင့် လှုံ့ဆော်ပေးလေသည်။
မောင်ညီထွေးနှင့် ဘုန်းတော်ကြီး အငယ်ဖြစ်သည့် ဘိုနီတို့ အတွေ့အကြုံတို့ မတူညီကြပေ။ ဘုန်းဘုန်းဘိုနီသည် အကူအညီ လိုအပ်နေသူများကိုအမြဲတမ်း ကူညီရန်စိတ်အားထက်သန်သူဖြစ်လေ၏၊ ထိုကြောင့် သူတာဝန်ကျသည့် နေရာသို့သွားကာ လူအများတွေ့ကြုံနေရသည့် ပြဿနာများကို ကူညီဖြေရှင်းတတ်သည်။ အလိုအပ်ဆုံးသူများနှင့် တစ်ဦးကိုတစ်ဦး အစေခံခြင်းအားဖြင့်သာ သခင်ခရစ်တော်နောက်လိုက်အဖြစ် သက်သေခံနိုင်မည်ဟု ဘုန်းဘုန်းဘိုနီ ယုံကြည်ထားသည်။ သူ၏ သာသနာပြု လုပ်ငန်းအစတွင် အလွန်စိတ်အား ထက်သန်သည့် ဘုန်းဘုန်းဘိုနီသည် နောက်ပိုင်းတွင် သူလုပ်ဆောင်ရမည့် အခြားအလုပ်များကို မေ့တတ်လာသည်။ ၎င်းမှာ အခြားမဟုတ်၊ သူကိုယ်တိုင်၏ ဆုတောင်းရမည့်အချိန်ဖြစ်သည်။ ထို့အပြင် အခြားနေရာတွင်ရှိနေသူများကိုပင် ကူညီပေးရန် တဖြည်းဖြည်း မေ့တတ်လာ၏။ သူသည် အကူအညီ အလိုအပ်ဆုံး လူများကိုသာ အားစိုက်ကူညီရသဖြင့် အလွန်မောပန်းကာ အားနည်းပြီး စိတ်ဖိစီးခြင်းနှင့် စိတ်ပျက်ခြင်းများ တွေ့ကြုံလာရသည်။
မောင်တူးအောင်၏ အတွေ့အကြုံမှာလည်း အခြားသူများနှင့်မတူပေ။ မောင်တူးအောင်သည် သူကိုယ်တိုင်၏ အားနည်းခြင်းများကို ပြုပြင်လိုသူဖြစ်၏။ ၎င်းမှာ တကိုယ်ကောင်းဆန်သည့် စိတ်ထားဖြစ်သည်။ သူ့၏စိတ်ထဲမှ မကောင်းသော စိတ်စွမ်းအားက လူအများကို ကူညီပေးရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးတည်းအတွက်သာ စဉ်းစားလုပ်ဆောင်ရန် လှုံ့ဆော်နေခြင်းဖြစ်သည်။ သို့သော် သူ့စိတ်ရင်းအတိုင်း မဟုတ်ချေ။ သူဆုတောင်းရန် ကြိုးစားသည့်အခါတိုင်း မကောင်းသော စိတ်စွမ်းအားက သူ၏တန်ဖိုးရှိသည့် အချိန်များကိုသာ ဖြုန်းတီးရာရောက်မည်ဖြစ်ကာ ဆုတောင်းရန် မလိုကြောင်းလှုံ့ဆော်လေသည်။ "လူဘဝမှာ နေ့စဉ် စားဝတ်နေရေးအတွက် စီးပွားရေးကောင်းအောင် ရုန်းကန်ဖို့ဘဲ အရေးကြီးတယ် မဟုတ်လား။ မင်း ဆုတောင်းရင်တောင် သူတော်ကောင်းကြီးဆိုပြီး မင်းရဲ့သူငယ်ချင်းတွေက အထင်ကြီးနေအုန်းမယ်။ ရိုးရိုးသာမန်လူ အဖြစ်သာအသက်ရှင်တာ ကောင်းပါတယ်" စသည်ဖြင့် မကောင်းသော စိတ်စွမ်းအားက သူအကောင်းမလုပ်နိုင်အောင် နှောင့်ယှက်လေသည်။
 
(ဂ)ကောင်းသောစိတ်စွမ်းအား၏နည်းလမ်းများ
ကောင်းသော စိတ်စွမ်းအားသည် မကောင်းသော စိတ်စွမ်းအားနှင့် ဆန့်ကျင်ဘက် နည်းလမ်းများကို အသုံးပြုတတ်၏။ ကောင်းသော စိတ်စွမ်းအားသည် မကောင်းမှု တွေ့ကြုံပြီး အကောင်းဘက်သို့ ပြုပြင်လိုသူများကို စိတ်အားထက်သန်စေရန်နှင့် မကောင်းမှုများကို ရဲရင့်စွာခုခံစေရန် ခွန်အားများပေးသည်။ ဥပမာ၊ အထက်တွင် ဖော်ပြထားသည့် မောင်တူးအောင်တစ်ယောက် သူ့အားလူအများက သူတော်ကောင်းကြီး ထင်မှတ်မည်ကို စိုးရိမ်နေသည့်အခါ ကောင်းသော စိတ်စွမ်းအားက သူ၏ဘဝ၌ လူအများ သူတော်ကောင်းထင်မည်ကို ကြောက်စရာ မလိုကြောင်းနှင့် အကောင်းဆုံးကြိုးစားသွားရန် လှုံ့ဆော်အားပေးလေသည်။ ကောင်းသော စိတ်စွမ်းအားက ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် မျှော်လင့်ခြင်း အပြည့်ဖြင့် အသက်ရှင်နိုင်အောင် ခံစားသိရှိစေသည်။ ထိုအပြင် စိတ်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် စိတ်အား ထက်သန်ခြင်းအပြင် မိတ်ဆွေအပေါင်းအသင်းများ အပေါ်ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ရန် ကောင်းသော စိတ်စွမ်းအားက ကူညီပေးသည်။ မိမိကို ထိခိုက်သည့် လူများကို ခွင့်လွတ်တတ်ရန်နှင့် ဒုက္ခအခက်အခဲများ တွေ့ကြုံသည့်အခါ စိတ်နှိမ့်ချတတ်စေရန်၊ လူအများကို ရဲရင့်စွာ အစေခံတတ်စေရန်နှင့် ကောင်းမှုကုသိုလ် လုပ်ဆောင်မှုတိုင်းတွင် စိတ်အားထက်သန်စေရန်လည်း ကူညီပေးသည်။ ကောင်းသော စိတ်စွမ်းအားသည် အတားအဆီးများကို ကျော်လွှားပြီး လူတို့ကိုဘုရားသခင်နှင့် ပိုမိုနီးစပ်စေရန် ကူညီပေးသည်။
ဥပမာ၊ မစန္ဒာသည် သူမ၏ မိသားစု၌သာမက ပတ်ဝန်းကျင်၌ပါ အလွန်ကောင်းမွန်သူဖြစ်သည်။ သူမသည် သူမ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း သူမသိထားသမျှကို လေးလေးနက်နက် လက်တွေ့လေ့ကျင့်ရမည်ဟု ခံယူထား၏။ ထို့ကြောင့် သူမ၏မိသားစုဝင်များပြောသည့် စကားများကို ဂရုစိုက်နားထောင်ခြင်းဖြင့် မိသားစု ဆက်ဆံရေး ကောင်းမွန်အောင် အမြဲကြိုးစားလေသည်။ သူမ၏ မိသားစုမှ အမှားများ ပြုလုပ်လျှင် ခွင့်လွတ်တတ်၏။ အခက်အခဲများနှင့် တွေ့ကြုံရလာသည့်အခါတိုင်း ဘုရားရှင်၏ ကျေးဇူးတော်အားဖြင့် စိတ်ပျက်အားငယ်ခြင်းကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ထား၏။ ထိုယုံကြည်ချက်များသည် ဘုရားသခင် ပေးသည့် ကောင်းသော စိတ်စွမ်းအားမှ လာခြင်းဖြစ်ကြောင်း မစန္ဒာနားလည်ထားသည်။
စစ္စတာရ်လိုင်းလိုင်းသည် သူမကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းအားဖြင့် မည်ကဲ့သို စိတ်တည်ငြိမ်မှုနှင့် ပျော်ရွှင်မှုများ ရရှိပုံကိုပြောပြ၏။ "ကျွန်မနဲ့ အတူနေတဲ့ အခြားစစ္စတာရ်တွေကို ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ဆက်ဆံပြီး ကျွန်မတာဝန်ကျတဲ့ ဆေးရုံကလူနာတွေကို အကောင်းဆုံးကြိုးစားပြုစုလေ ကျွန်မစိတ်ပျော်ရွှင်မှုကို ရရှိလေဖြစ်တယ်။ အခြားသူတွေကို ပိုကူညီဖို့ အားအင်တွေလည်း ရရှိလာတယ်။ အဲဒီ စိတ်ပျော်ရွှင်မှုတွေက ကောင်းသော စိတ်စွမ်းအားကနေတဆင့် အခြားလူများကို အစေခံဖို့ ဘုရားသခင်ပေးထားတာဖြစ်တယ်။" ဟုပြောပြလေသည်။
 
၄။မကောင်းသောစိတ်စွမ်းအား၏လက္ခဏာ(၆)မျိုး
ဘုန်းတော်ကြီး ဘာလီအဲလယ် (Lodovic-Marie Barrielle) သည် ရဟန္တာ အီဂနေးရှပ်(စ်)၏ ဝိညာဉ်ရေးကျင့်စဉ် စာအုပ်(နံပါတ်၊ ၃၁၅) မှ မကောင်းသောစိတ်စွမ်းအား၏ လက္ခာဏာ(၆)မျိုးအကြောင်း အကျဉ်းချုပ် ဖော်ပြလေသည်။ ကောင်းမှုကုသိုလ် ပြုလုပ်သူများကို လွမ်းမိုးထားနိုင်ရန် မကောင်းသော စိတ်စွမ်းအားက ဤလက္ခဏာ(၆)မျိုးအားဖြင့် အဓိကထား နှောင့်ယှက် အသုံးပြုလေသည်။
 
၁။ဝမ်းနည်းခြင်း
မကောင်းမှုဟူသည် အဆုံးမရှိသော ဝမ်းနည်းခြင်းဖြစ်သည်။ ထို့ကြောင့် ဤဝမ်းနည်းခြင်းသည် ကျွန်ုပ်တို့နှင့် နီးကပ်နေမည်ဆိုပါက ဝမ်းနည်းခြင်းကူးစက်တတ်၏။ မကောင်းသော စိတ်စွမ်းအားသည် ကောင်းမွန်သည့်လူများကို ဝမ်းနည်းလာစေပြီး သူ့ဘဝတိုးတက်မှု မရှိအောင်လုပ်တတ်သည်။
ဥပမာ၊ အပြစ်များအတွက် နောင်တစွဲကာ အာပတ်ဖြေခြင်းကောင်းမွန်စွာ ပြုလုပ်ပြီးသူကို ဘုရားသခင်က သူ့အပြစ်များ အမှန်တကယ် ခွင့်မလွတ်မှာကိုစိုးရိမ်ကာ ဝမ်းနည်းစိတ်များ ဝင်လာစေခြင်းဖြစ်သည်။
 
၂။မသေချာသည့်သံသယစိတ်
ဘုန်းတော်ကြီး လာလဲမန့် (Fr. Louis Lallement) က “မကောင်းသည့် အခြေအနေ အားလုံးဟာ တစ်ဦးဦးရဲ့ ဘဝကို ရှုပ်ထွေးအောင် ပြုလုပ်တဲ့မကောင်းတဲ့စိတ်စွမ်းအားကနေ လာခြင်းဖြစ်တယ်” ဟုဆိုသည်။ မိမိ၏ ခေါ်တော်မှုခြင်းကို သံသယစိတ်ဝင်နေသည့် ရဟန်းဖြစ်သင်ကျောင်းသား တစ်ဦးသည် စိတ်မငြိမ်သက်သည့် အတွေးများ ဝင်နေတတ်၏။ ထိုအတွေးများသည် မကောင်းသောစိတ်စွမ်းအားမှ လာခြင်းဖြစ်သည်။ သို့သော် ကောင်းသော စိတ်စွမ်းအားကလည်း ရဟန်းဖြစ်သင်ကျောင်းသားကို ရှင်းလင်းပြတ်သားသည့် အတွေးနှင့် ဆုံးဖြတ်ခဲ့သဖြင့် သံသယစိတ်များပျောက်အောင် ကြိုးစားစိတ်များ ဖြစ်လာအောင် လှုံ့ဆော်ပေးသည်။
 
၃။အတားအဆီး
မကောင်းသော စိတ်စွမ်းအားသည် ကောင်းသည့် လူတစ်ယောက်အား ခက်ခဲသည့် အတားအဆီးများကို တွေ့ကြုံစေတတ်၏။ "ဒါတွေဟာ မင်းအတွက် ခက်ခဲလွန်းပါတယ်၊ ဖြစ်နိုင်မှာ မဟုတ်ပါဘူး၊ လုပ်မနေပါနဲ့တော့" စသည်ဖြင့် မကောင်းသော စိတ်စွမ်းအားက လှုံ့ဆော်တတ်သည်။ ဥပမာ၊ ကိုယ်ဝန်သည်ဖြစ်သည့် မကေတီအား "ဒီခေတ်ကြီးမှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာ တော်တော်ကိုမလွယ်ဘူးနော်။ မင်းဒီကလေးကို မွေးလိုက်ရင် မင်းအလုပ်ကနေ အနားယူနေရမယ့်အပြင် မင်းရဲ့စီးပွားရေးတွေ ကျဆင်းတော့မှာဘဲ။ ဒါကြောင့် အခုလွယ်ထားတဲ့ ကလေးကို ဖျက်လိုက်တာပဲကောင်းမယ်" စသည့်ဖြင့် မကောင်းသော စိတ်စွမ်းအားက အမြဲစွမ်းဆောင်တတ်သည်။ ထို့အပြင် မကောင်းသော စိတ်စွမ်းအားသည် အလွန်လေးလံ၊ ခက်ခဲမည့် အရာများကိုသာ အကြောင်းပြချက် အနည်းငယ်ပေး ညွှန်ပြပြီး အားတက်စေမည့်အရာ (သို့) ကောင်းသည့်အချက်များကို မမြင်အောင် တားဆီးလေ၏။
 
၄။ရှုပ်ထွေးမှု
ရှုပ်ထွေးမှု အားလုံးသည် မကောင်းသော စိတ်စွမ်းအားမှရောက်လာခြင်းဖြစ်သည် ဟု ရဟန္တာ ဘာ(ခ်ျ)မန်(စ်) (St. John Berchmans) ကပြောဆို ခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့၏ မိသားစုအတွင်း ရှုပ်ထွေးမှုများနှင့် ဒုက္ခအခက်ခဲများ တွေ့ကြုံရတတ်၏။ မိခင်ဖြစ်သူသည် ဖခင်ဖြစ်သူအပေါ် ယုံကြည်မှု ကင်းမဲ့လာသည်။ ဖခင်ဖြစ်သူက သူဇနီးနှင့်သားသမီးများကို အကြင်နာမဲ့စွာ ရိုက်နှိက်၏။ သားသမီးများမှာလည်း စကားများ၊ ရန်များကာ တစ်ဦးနှင့်တစ်ဦး ရန်ငြိုးထားတတ်လာသည်။ ဤအခြေအနေသည် မကောင်းသော စိတ်စွမ်းအား၏ လွမ်းမိုးမှုကြောင့် ဖြစ်ရလေ၏။
 
၅။မရှင်းလင်းသည့် အကြောင်းပြချက်
မကောင်းသော စိတ်စွမ်းအား၏ လက္ခဏာမှာ မရှင်းလင်းသည့် အကြောင်းပြချက်များကို ပေးတတ်ခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဝေးကွာစေသည့် မရှင်းလင်းသည့် သီအိုရီနှင့် ပြောဆိုချက်များ အားလုံးကို သတိကြီးစွာ ဆန်းစစ်၊ သုံးသပ်ရမည်ဖြစ်သည်။
ဥပမာ၊ မိမိတို့၏ သားသမီးများကို ကက်သလစ်အသင်းတော်၏ ယုံကြည်ရာ သွန်သင်ချက်များနှင့်အညီ မပြုစုဘဲ၊ တာဝန်မယူလိုသည့် မိဘများက "ကလေးတွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ် မဟုတ်လား၊ ကလေးတွေ ကြီးလာမှ သူတို့ကိုးကွယ်မဲ့ သူတို့ဟာ သူတို့ပဲ ရွေးပါလေစေ၊ ငါတို့ မိဘတွေက သူတို့ကို အတင်းဘာသာထဲ ဝင်ခိုင်းစရာ မလိုဘူး" စသည့်ဖြင့် ပြောဆိုတတ်သည်။ ထိုအကြောင်းပြချက်များသည် မှန်သည်ဟု ထင်ရသော်လည်း မရှင်းလင်းသည့် အကြောင်းပြချက်များသာဖြစ်သည်။ အကြောင်းမှာ မိဘတို့၏ လမ်းညွန်မှုကို မရဘဲ မည်သည့်ကလေးမျှ မိမိတို့အတွက်လွတ်လပ်စွာ ရွေးချယ်နိုင်မည်မဖြစ်နိုင်ချေ။ သားသမီးများကို တာဝန်အပြည့်ဖြင့် မပြုစုလိုသည့် မိဘများသာဖြစ်ပြီး ဘုရားသခင်ပေးထားသည့် သားသမီး ရတနာများ ကောင်းစားလာစေရန် လက်ထပ်စဉ်က မိဘတို့ပြုခဲ့သည့် ကတိများကို ဖောက်ဖျက်ခြင်းဖြစ်သည်။
ငယ်ရွယ်နုပျိုးပြီး စိတ်အားထက်သန်သည့် စစ္စတာရ်အားမီက မရှင်းလင်းသည့် အကြောင်းပြချက်များနှင့် သူမတွေ့ကြုံ ခဲ့ရပုံကို ပြောပြလေသည်။ "ကျွန်မ တက္ကသိုလ်တက်နေတဲ့အချိန်မှာ အတန်းတူတဲ့ ကောင်လေး တစ်ယောက်နဲ့ ချစ်ကြိုက်သွားကြတယ်။ သူနဲ့နေ့တိုင်း ချိန်းတွေ့ပြီး စစ္စတာရ်ကျောင်းကိုပြန်ရင် သူများယုံအောင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ လိမ်ပြောခဲ့တယ်။ စစ္စတာရ်တွေ စုပေါင်းဆွေးနွေးတဲ့အခါ ငါတို့စစ္စတာရ်တွေဟာ ဘုရားသခင်ရဲ့ အလိုတော်ကို လူတွေအားလုံးအတွက် ဟောပြောသက်သေခံရတာကြောင့် ကွန်ဗင့်ကျောင်းမှာဘဲ ဆုတောင်းနေလို့ မပြီးဘူး၊ တမန်တော်ကြီးတွေလို အခြားနေရာအထိ အချိန်ပေးသွားပြီး အခြားသူတွေကို အစေခံဖို့ အရေးကြီးတယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် ကျွန်မ အကြီးအကဲကလည်း အခြားသူတွေနဲ့အတူ အစီစဉ်တွေဆွဲပြီး အတူလုပ်ဆောင်ဖို့ ခွင့်ပေးခဲ့တယ်။ အဲဒီ အစီအစဉ်ကြောင့်ပဲ ကျွန်မ ချစ်သူနဲ့နေ့တိုင်း တွေ့နိုင်တာပေါ့။ အဲဒီလို အကြာကြီးပျော်နေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ တစ်နေ့ ဥပုဒ်စောင့်နေတဲ့အချိန် ဦးဆောင်သူရဲ့ သတိပေးချက်ကြောင့် ကျွန်မအသိပြန်ဝင်လာတယ်။ အဲဒီ ဥပုဒ်ကနေ ပြန်လာပြီးတဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့အကြီးအကဲကို အကြောင်းစုံပြောပြခဲ့တယ်။ ကျွန်မရဲ့ ချစ်သူကိုလည်း အပြတ်ပြောပြီး ရှောင်နေလိုက်တယ်" ဟု ပြောပြလေသည်။
#၆။ကြောက်ရွံ့စိတ်
ကြောက်ရွံ့စိတ်သည် မကောင်းသောစိတ်စွမ်းအားမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် ကြောက်စိတ်ရှိသူများသည် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန်ပင် ကြောက်နေတတ်၏။ တစ်မျိုးအားဖြင့် ကြောက်ရွံ့စိတ်ကို ဖြစ်ပေါ်စေသည့် တွန်းအားကြောင့် အကောင်းကိုလုပ်ဆောင်ရန် ကြောက်နေခြင်းဖြစ်သည်။ ဦးပီတာသည် တရားမျှတမှုကို မြတ်နိုးသူဖြစ်ပြီး အားနည်းသူများကို မတရားလုပ်လာသူရှိပါက ခုခံကာကွယ်ပေးတတ်၏။ သူသည်မတရားမှုကို ခုခံတိုက်ဖျက်ခြင်းသည် ဘုရားသခင်အလိုရှိသော အရာဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် လုပ်အားခကိုကောင်းစွာမပေးသည့် အလုပ်ရှင်နှင့်တွေ့ဆုံညှိနှိုင်းကာ အလုပ်သမားများအတွက် တရားမျှတအောင် လုပ်ဆောင်ပေးလေ၏။ ထိုအလုပ်များကို မလုပ်ခင် သူ၏စိတ်ထဲ၌ ကြောက်ရွံ့စိတ်ကြီးမား ခဲ့သော်လည်း ထိုကြောက်စိတ်သည် မကောင်းသောစိတ်စွမ်းအားမှ လာခြင်းဖြစ်ကြောင်း သူနားလည်ကာ မိမိ၏ ကြောက်စိတ်ကိုခုခံပြီး အရဲစွန့်လုပ်ဆောင်ခြင်းဖြစ်သည်။
 
လူတစ်ဦး၌ အဓိကအခြေခံ စိတ်စွမ်းအားနှစ်ခုရှိလေသည်။
(၁)ဘုရားသခင်နှင့်ပိုမိုနီးစပ်လာသူ(သို့) ဘုရားသခင်၏ အလိုတော်ကိုလုပ်ဆောင်သူနှင့်
(၂)ဘုရားသခင်နှင့်ဝေးကွာနေသူ(သို့) ဘုရားသခင်၏ အလိုတော်ကို မလုပ်ဆောင်သူတို့ ဖြစ်ကြသည်။
ဘုရာသခင်နှင့် ပိုမိုနီးစပ်နေသူသည် ဘုရားသခင်ကို ယုံကြည်အားကိုးပြီး မိမိကိုယ်ကို စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲသူဖြစ်သည်။ ဘုရားသခင်နှင့် ဝေးကွာနေသူသည် တဖြည်းဖြည်း ဘုရားသခင်နှင့် ဝေးသွားအောင် နေထိုင်သူ (သို့) အပြစ်ကြီး တစ်ခုမှ နောက်အပြစ်ကြီး တစ်ခုသို့ ကျရောက်သွားသူဖြစ်သည်။
ဘုရားသခင်နှင့် ပိုမိုနီးစပ်လာသူကို ကောင်းသောစိတ်စွမ်းအားက ကောင်းမှုကုသိုလ် ပိုမိုလုပ်ဆောင်နိုင်အောင် စိတ်ကူးကောင်းများ၊ ခွန်အားများ၊ စိတ်ပျော်ရွှင်ခြင်းများနှင့် စိတ်ငြိမ်းသက်ခြင်းများရအောင် လှုံ့ဆော်အားပေး လေ၏။ အခြားတဖက်၌ ဘုရားသခင်နှင့်နီးစပ်သူကို မကောင်းသောစိတ်စွမ်းအားက ရှုပ်ထွေးမှုများ၊ မရှင်းလင်းသည့် အကြောင်းပြချက်များဖြင့် ဘုရားသခင်နှင့်ဝေးကွာအောင် တားဆီးဖျက်ဆီးရန် ကြိုးစားလေ၏။
ဘုရားသခင်နှင့် ဝေးကွာနေသူကို မကောင်းသောစိတ်စွမ်းအားက မကောင်းမှုကို ဆက်လုပ်ဆောင်စေရန် မစစ်မှန်သည့် စိတ်ပျော်ရွင်မှုများ၊ လောက၏ ပျော်ရွင်မှုများ၌ စိတ်စွဲလန်းလာအောင် လူံ့ဆော်အားပေး သကဲ့သို့ အခြားတဖက်တွင်လည်း ကောင်းသောစိတ်စွမ်းအားက ထိုလူ၏ သြတ္တပ္ပစိတ်ကို အသုံးပြုကာ အမှားအမှန် ဆန်းစစ်ပြီး အမှန်တရားကိုသာ ရွေးချယ်လုပ်ဆောင်စေရန် လှုံ့ဆော်အားပေးလေသည်။
 
၆။မေးခွန်းများ
(၁)။ သင့်ဘဝ၌ မကောင်းသော စိတ်စွမ်းအားနှင့် ကောင်းသော စိတ်စွမ်းတို့ အားပြိုင်ရင်း ပဋိပက္ခဖြစ်သည်ကို တွေ့ကြုံဖူးပါသလား။ မည်ကဲ့သို့သော ပဋိပက္ခဖြစ်သနည်း။ ဥပမာပေးပါ။
(၂)။ မကောင်းသော စိတ်စွမ်းအား၏ နည်းလမ်းလိုက်ပြီး မကောင်းမှု ပြုလုပ်သူကို ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ပြောဆိုသံကို ကြားဖူးပါသလား။ ထိုစကားကို သင်မှန်သည်ဟု ထင်မှတ်ပါသလား။
(၃)။ ကောင်းသော စိတ်စွမ်းအားနှင့် မကောင်းသော စိတ်စွမ်းအားတို့က ကျွန်ုပ်တို့အား လွှမ်းမိုးသည့် နည်းလမ်းများ တူညီပါသလား။ ထိုနှစ်ခု၏ မတူညီသည့် နည်းလမ်းများကို ရှင်းပြပါ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး သင့်ဘဝ၏ အတွေ့အကြုံကို ဥပမာပေးပါ။
(၄)။ သင့်ဘဝ၏ အတွေ့အကြုံအရ ကောင်းသောစိတ်စွမ်းအားနှင့် မကောင်းသောစိတ်စွမ်းအားတို့၏ လှုံ့ဆော်မှုများကို အလွယ်တကူ ခွဲခြားနိုင်ပါသလား။ ရှင်းပြပါ။
(၅)။ သီလရှင်အာနား၏ အဖြစ်အပျက်။ ။ သက်ငယ် သီလရှင်ဖြစ်သည့် သီလရှင်အာနားသည် တက္ကသိုလ်တစ်ခု၌ အင်္ဂလိပ်စာ သင်ယူရန် တာဝန်ပေးခြင်းခံရသည်။ သူမသည် အလွန်စိတ်အား ထက်သန်သည့် ချစ်ခင်သူများသည့် ကျောင်းသူတစ်ဦးဖြစ်၏။ တက္ကသိုလ် ကျောင်းစာအပြင် အခြားနေရာများသို့ မိုးချုပ်သည်အထိ သင်ယူရသည့် အချိန်လည်းရှိ၏။ ထို့ကြောင့် သူမနေထိုင်သည့် သီလရှင်အဖွဲ့အစည်းနှင့် အတူလုပ်ဆောင် ရမည့်အချိန် နည်းပါးလာသည်။ မနက်ပိုင်းတွင် အခြားသီလရှင်များနှင့်အတူ မစ္ဆားတရား တက်ရောက် ဆုတောင်းသည့်အချိန်မှလွဲ၍ မိမိတစ်ဦးတည်း ဆုတောင်းချိန် မရှိတော့ချေ။ သီလရှင်အာနား၏ စိတ်ထဲ၌ မိမိတစ်ဦးတည်း ဆုတောင်းချိန်နှင့် အခြားသီလရှင်များနှင့်အတူ အတွေ့အကြုံဝေငှရန် ဆန္ဒရှိသော်လည်း လက်တွေ့ မလုပ်ဆောင်နိုင်ခဲ့ပေ။ သူမနေသည့် အဖွဲ့အစည်းရှိ သီလရှင်များနှင့် တဖြည်းဖြည်း ဝေးသွားသည်ဟု သီလရှင်အာနား ခံစားမိသည်။သူမ၏ သီလရှင်အကြီးအကဲက သူမအဖွဲ့အစည်းနှင့် ဝေးနေကြောင်း သတိပေးသောအခါ တက္ကသိုလ်ကျောင်းမှ သင်ခန်းစာများကို ဦးစားပေးနေရကြောင်း ပြန်ရှင်းပြခဲ့သည်။ ထိုအခြေအနေ၌ သူမအား အမြဲအားပေးတတ်သည့် တက္ကသိုလ်ကျောင်းသား တစ်ဦးကို မသိမသာ သူမချစ်ကြိုက်လေ၏။ အစပိုင်း၌ သူမ၏ခံစားချက်ကို ဖုံးကွယ်ထားသော်လည်း နောက်ပိုင်း၌ သူမ၏စိတ်ကို မထိန်းနိုင်တော့ချေ။ ထိုကောင်လေးကို မမြင်ရလျှင် မနေနိုင်။ အချစ်မရှိသည့် ကမ္ဘာတစ်ခုသို့ ရောက်နေသည့်အလား သူမခံစားရသည်။
တစ်နေ့တွင် သူမနှင့်အတူနေသည့် သီလရှင်မာလာအား ကျောင်းသူတစ်ဦးက သီလရှင်အာနားသည် ကျောင်းသားတစ်ဦးနှင့် အလွန်နီးကပ်နေကြောင်း ပြောပြလေ၏။ သီလရှင်အာနားကို သူမနေသည့်ကျောင်းရှိ အခြားသီလရှင်များက အလွန်ရိုသေလေးစား ကြသောကြောင့် သီလရှင်မာလာသည် သူမကြားရသည့်သတင်းကို မယုံကြည်ချေ။ ထိုအကြောင်းကို ကြားသိရသော သီလရှင်အကြီးအကဲသည် သီလရှင်အာနားကို ခေါ်တွေ့ကာ သူမဖြစ်ခဲ့သမျှကို တာဝန်ယူစေ၏။ သီလရှင်အာနားသည် သူမ၏ကိုယ်ရေးကိုယ်တာ ကိစ္စကို အခြားသူများ ဝင်ရောက်စွက်ဘက်သည့်ဟု ခံယူထားပြီး မကျေမနပ်ဖြစ်ခဲ့သည်။ စိတ်ပျက်နေသည့် သီလရှင်အာနားသည် မိမိ၏ သီလရှင်အကြီးအကဲကို ထပ်မံတွေ့ဆုံကာ သီလရှင်ဘဝမှ ထွက်လိုကြောင်း ပြောပြခဲ့သည်။ သူမသည် အခြားသီလရှင်များက သူမအား အမြဲစောင့်ကြည့်နေသည့်ဟုသာ ခံစားရပြီး သီလရှင်ကျောင်းနေရသည်မှာ ပျော်ရွင်မှုမရှိတော့ပေ။
မေးခွန်းများ
၁။ သီလရှင်အာနား၌ မည်သည့် စိတ်ခံစားချက်များ ဖြစ်နေသနည်း။
၂။ သီလရှင်အာနား၏ ဘဝတွင် ကောင်းသော စိတ်စွမ်းအားနှင့် မကောင်းသော စိတ်စွမ်းအား မည်သို့ အားပြိုင်နေကြသနည်း။
၃။ သီလရှင်အာနားတွင် မှန်ကန်သည့် အချက်များကို ဖော်ပြပါ။
၄။ သီလရှင်အာနားတွင် မှားယွင်းနေသည့် အချက်များကို ဖော်ပြပါ။
၅။ အခြားသီလရှင်များမှ သီလရှင်အာနားကို ပြုမှုပုံများသည် သင့်လျော်မှန်ကန်သည်ဟု ဆိုနိုင်ပါမည်လော။
၆။ သင်သည် သီလရှင်အာနား၏ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့လျှင် မည်သည့် အကြံအဉာဏ် ပေးမည်နည်း။
၇။ သီလရှင်အာနား၏ နောက်ဆုံး ဆုံးဖြတ်ချက်သည် မှန်သည်ဟု ထင်ပါသလား။ အဘယ်ကြောင့်နည်း။
Bro. Thang Ha,SJ(ဘာသာပြန်)
ဘာသာျပန္မ်ား