ကိုယ်ကျင့်သိက္ခာ.. အခန်း(၂)တတိယပိုင်း ဘဝအသက်ရှင်မှု၏ပြသနာ။ #၄။အသက်ရှင်ခြင်းပြသနာ၏အဖြေမှန်။
ဘဝအသက်ရှင်မှုကိုအလေးဂရုမပြု မစဉ်းစားသောသူများသည် ဘဝအအသက်ရှင်မှုပြဿနာ၏ အဖြေကို မိမိထင်ရာတစ်မျိးတစ်ဖုံစီပေးကြကုန်သည်။ ဤပြသနာ၏အဖြေကို နှစ်နည်းနှစ်လမ်းဖြင့် ဘော်ပြနိုင်လေသည်။ အချို့မှာဘဝခရီးတွင်ရှေ့ဆောင်မှုကိုပေးနိုင်သော ဥပဒေသဘောတရားများများမပါ၊ ခိုင်ခံ့ဖွဲ့စည်းခြင်းလည်းမရှိကြ။ အချို့တို့ကား ဘဝခရီး၏သဘောတရားနှင့်အညီ ဖွဲ့စည်းထားလေသည်။
ထို့ကြောင့်ပထမအုပ်စုတွင် ပါဝင်သောသူတို့၏ ပြုသမျှအပြုအမူအမျိုးမျိုးသည် ရည်ရွယ်ချက်မရှိ၊ အဓိပ္ပါယ်မရှိ၊ ဆက်စပ်ခြင်းသဘောတရားမပါ၊ စည်းလုံးခြင်းလည်းမရှိကြ။ ၎င်းတို့သည် ဘဝခရီးတွင် သမုဒ္ဒရာအလည်၌ သင်္ဘောပျက်သဖြင့် ရေစီးကြောင်းနှင့်လှိုင်းလေနှင့်ယူဆောင်ရာ သေမင်း၏ခံတွင်း၌တကွဲတပြားစီ မျှောပါနေသော အလောင်းကောင်များနှင့်သာ တူလေသည်။ လှိုင်းလေထန်သော ခရီးကြမ်းတွင် မလျှော့သောဇွဲလုံ့လ၊ သန်မာသော ခွန်အားဖြင့် လိုရာကိုပဲ့ကိုင်ကာသွားလာနေသော သင်္ဘောသားများနှင့်လုံးဝခြားနားကြပေသည်။
ဒုတိယအစုမှာ ၎င်းတို့၏ဘဝအသက်ရှင်မှုကို မူသေသဘောတရား(၃)ခုအားဖြင့် ဖွဲ့စည်းလျက်ရှိလေသည်။
#(က)တစ်မျိုးမှာ ၎င်းတို့၏ဘဝအသက်ရှင်မှုကို အပြင်ဘမ်းသဘောတရားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ထိုသူတို့သည် စည်းစိမ်၊ ဂုဏ်သိမ်၊ ဥစ္စာကြေးငွေတို့ကို ဘဝအသက်ရှင်မှု၏ အဓိကအချက်များဟု နှလုံးသွင်းထားကြကုန်သည်။
၎င်းတို့သည် ဘဝအသက်ရှင်မှုကို မှန်ကန်လမ်းစဉ်ဖြင့် ဖြေရှင်းကြသည်မဟုတ်။ စည်းစိမ်ဥစ္စာနှင့်ဂုဏ်ဒြပ်တို့ကို လက်ဝယ်ခံစားရအောင် ဘဝခရီးလမ်းကိုတိုက်ခိုက်ကျော်နင်းခဲ့ကြသည်။ သူတို့သည် ထိုအရာကိုရရှိသောအခါ အဘယ်အရာနှင့်တူလေသနည်း။ စိတ်ပညာရှင်တဦးက ဤသူများသည် စွန့်ပစ်ထားသောအပုံတခုအတွက် ခွေးနှစ်ကောင်ကိုက်ခဲ့ကြပြီးနောက် အတွင်း၌မိမိအတွက် ဘာမျှမတွေ့ရသည့် အနိုင်ရခွေးနှင့်တူသည်ဟု ပြောဆိုဘူးလေသည်။
စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်တိုကို စံစားကြရသူများသည်ပျော်မွေ့ချမ်းသာသည်ဟု တခါတရံပြောဆိုကြသော်လည်း၊ အမှန်စင်စစ် ပျော်မွေ့ကြသည်ကားမဟုတ်။ အကြောင်းမှာ တနေ့သ၌သေမင်းတမန်သည် လာလတ်၍ ၎င်းတို့အားစည်းစိမ်ဥစ္စာရာထူးဂုဏ်သိမ်တို့မှ နုတ်ယူကာ ၎င်းတို့၏ချမ်းသာပျော်မွေ့ခြင်းကို အဆိပ်ခတ် ဖျက်ဆီးမည် ဖြစ်ပေသည်။
#(ခ)အချို့သောစိတ်ဓာတ်ကြံ့ခိုင်သူများသည်၊ဤအပြင်ဘန်းအားဖြင့်သာသာယာဘွယ်ဖြစ်သော ချမ်းသာမှာ၊ ဘဝအသက်ရှင်မှု၏ ရည်ရွယ်ချက်နှင့် မထိုက်တန်ကြောင်း ကောင်းစွာသိနားလည်ကြပါ၏။ အကြောင်းမှာ ထိုအရာများသည် သေမင်း၏လက်သီးတချက်နှင့်တွေ့ကြုံရလျှင်ပင် ပျောက်လွင့်ပျက်စီးခြင်းသို့ ရောက်ရမည်ကို သိမြင်ကြ၏။ သို့ဖြစ်၍ ၎င်းတို့သည် ဘဝအသက်ရှင်နေရခြင်း၏ အဖြေအကိုအခြားနည်းဖြင့် ရှင်းလင်းရန် ရွေးချယ်ကြလေသည်။ သူတို့သည် ဘဝအသက်ရှင်မှု၏ပြသနာကို ငါတည်းဟူသော အတ္တတရား၏ပတ်ဝန်းကျင်၌ သာဖွဲ့စည်းရ၏။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အရာခပ်သိမ်း၏ ဗဟိုအချုပ်အခြာအဖြစ် ထားရှိကြ၍ အပြင်မှုများက ၎င်းတို့အပေါ် အုပ်စိုးခြင်းကိုမခံယူ၊ ၎င်းတို့ကသာ အပြင်မှုများကို စိုးမိုးလိုကြသည်။ ၎င်းပြင် ဒုက္ခများကို တောင့်တင်းစွာ တွန်းလှန်လိုကြသည်။ ဤအသည်လည်း ကျေနပ်နှစ်သက်ဘွယ်မဟုတ်သေး။ အတ္တဘော တည်းဟူသော လူကောင်ကာယရုပ်မှာ အားနည်း၍ခိုင်မြဲတည်တံ့ခြင်းမရှိ၊ ပြောင်းလဲသောသဘောရှိခြင်း၊ မကြာခဏမောဟ ဖုံလွှမ်းကာအသိအမြင်မရှိခြင်း။ အထူးသဖြင့် ဒုက္ခခံစားရချိန်တွင် ခံနိုင်ရည်မရှိ၊ ချို့ယွင်းချက် များရှိကြောင်း သိမြင်လာကြ၍၊ စိတ်ပျက်အားလျော့ခြင်းဖြစ်ကာ ဘဝတိုက်ပွဲတွင် အရှုံးပေးတတ်ကြလေသည်။ ယခုနေ့ရက်များမှာကဲ့သို့ လူသည်မိမိကိုယ်ကို ဘုရားတမျှ အထင်ရောက်ကာ တက်ကြွခက်ထန်သော အချိန်ကာလမျိုး မည်သည့်အခါကမျှမရှိခဲ့။ ယခုနေ့ရက်များလောက်မည်သည့်အခါမျှ လူ့လောကတွင် အယောင်ဆောင်မှု၊ ကိုယ်ကျင့်ပျက်ပြား သိက္ခာချို့ယွင်းမှုများကို ပြည့်ဝစေသော အခြေအနေမျိုးပေါ်ပေါက်ပေါများခြင်းမရှိဘူးခဲ့ချေ။
#(ဂ)အထက်ဘော်ပြပါဖြေရှင်းချက်အားလုံးမှားယွင်းကြသည်။ ယခင်ဘော်ပြပြီးသောအဖြေတခုသာလျှင် ကျန်ရှိလေသည်။ ဘဝအသက်ရှင်မှုကို ဘုရားသခင်ကိုသာလျှင် ဗဟိုအချုပ်အခြာပြု၍ ဖြေရှင်းခြင်းသာလျှင် မှန်ကန်သောအဖြေကိုရလေသည်။ အော်ဂုတ်စတီနူးအမည်ရှိသော ပညာရှိတပါးက “လူ့သား၊ သင်သည် သင့်ကိုယ်မှ အဘယ်ကိုမျှခွဲခွာသွားခြင်း မပြုလင့်၊ သင့်ကိုယ်တွင်းသိုသာဝင်လော့။ သင့်ကိုယ်သည် ပြောင်းလဲခြင်းသဘော၏အုပ်စိုးမှုကို ခံယူရကြောင်းရှာဖွေ၍၊ သင့်ထက်မြင့်ရာသိုသာ ရှေးရှုလျက်၊ ဘုရားသခင်ကိုသာ သင်၏ဗဟိုမဏ္ဍိုင် အဖြစ်ထားလော့။” ဟုဆိုလေသည်။ သို့ဖြစ်၍ ဘဝအသက်ရှင်နေမှု၏မှန်သော စစ်မှန်သောဖြေရှင်းချက်တွင် ကျွန်ုပ်တို့အသက်ရှင်ကြီးပွားခြင်း၊ ပြောဆိုကြံစည်ပြုမူခြင်း၊ အတ္တဘောတည်းဟူသော ကာယရုပ်နှင့်၊ ကျွန်ုပ်တို့အသုံးအဆောင်မှန်သမျှ အပြင်အရာဝတ္ထု အားလုံးတို့သည် ဘုရားသခင်ကို ဗဟိုပြုလျက်ဖွဲ့စည်းနေကြသည်ဟူသော အချက်ပါဝင်လေသည်။
#၅။မည်သည့်လမ်းကိုလိုက်မည်ကိုငယ်စဉ်ကရွေးချယ်ခြင်း။
#(က)အချို့သောလူငယ်များသည် ဘဝအသက်ရှင်မှု၏ အရေးကြီး သောပြဿနာနှင့်ရင်ဆိုင်လာလျှင်၊ ထိုပြဿနာကို အဘယ်ကြောင့် ယခုဖြေရှင်းရမည်နည်း။ အချိန်များစွာကျန်ပါသေးသည်။ ယခုကျွန်ုပ်တို့ငယ်ရွယ်သေးသဖြင့် ကျွန်ုပ်တို့ဘာသာလွတ်လွတ်လတ်လတ် ပျော်ရွှင်စွာနေလိုပါသေးသည်ဟု ဆိုတတ်ကြသည်။
အချိန်တွေများစွာကျန်သေးသည်ဟု ပြောနိုင်ပါရဲ့လား။ နောက် အနှစ် ၃၀-၄၀ အသက်ရှည်ဦးမည်ဟု အသေအချာ ဘယ်သူသိမြင်နိုင်သနည်း။ မည်သူ တစုံတယောက်မျှကန့်သတ်ပေးထားသော သက်တမ်းအတိုအရှည်ကို သေချာစွာသိနိုင်သည်မဟုတ်။ ငယ်ရွယ်စဉ်မှာပင် သက်တမ်းကုန်ဆုံးခြင်း ရောက်ကြသောသူ များစွာရှိလေသည်။ သေခြင်းတရားသည် လူတို့၏မွေးသက္ကရာဇ်ကို မေးမြန်းစီစစ်နေသည်မဟုတ်။ ပေါင်းမြက်ကို ရိတ်ဖြတ်သော တံစဉ်သည် အနုအရင့်မရွေးသကဲ့သို့၊ သေခြင်းတရားသည်လည်း နုပျိုသူနှင့်ကြီးရင့်သူများထံသို့ အတူတကွ ဆိုက်ရောက်လာတတ်သည်။ ရှေးနာရီကြီးတခုတွင် “အချိန်နာရီ အားလုံးသည် ဒဏ်ရာအနာတရ ရှိစေကြ၍၊ နောက်ဆုံးနာရီသည် သတ်ဖြတ်ပစ်လိုက်သည်။” ဟူသော စာတမ်းကလေး ရေးသားထားသည်ကိုတွေ့ရ ဘူးလေသည်။ အမှန်မလွဲ ကမ္ဘာတခုလုံးတွင်တရက်လျှင် လူပေါင်းတစ်သိန်းကျော်၊ တမိနစ်လျှင် လူပေါင်း တရာကျော်ပျမ်းမျှအားဖြင့် သေကြပျက်စီးလျက်ရှိကြသည်။(ဤစာအုပ်တွင်ရေးသောအချိန်မူရင်းကိုသာ ဖော်ပြခြင်းဖြစ်သည်။) သက်တမ်းဆိုသည် ထင်ရှားသိမြင်ရသော အရာမဟုတ်။ တိုတောင်းလှသည်ဖြစ်၍ ဤအရေးကြီးလှသော ပြဿနာကို အချိန်လွန်မှဖြေရှင်း ရှာဖွေမည်ဟု တွေးတောဆုံးဖြတ်ချက်သည် မိုက်မဲသောအမှုသာဖြစ်သည်။
#(ခ)စောစောအချိန်ကာလများတွင် မိမိဘဝကိုပျော်သလိုနေထိုင်ခြင်းဖြင့် မကောင်းသောအကျင့်ဆိုးများ တွယ်ကပ်စွဲငြိပြီးခါမှ၊ ၎င်းတို့အားလုံးကို ကုစားဖြေရှင်းတော့မည်ဟု ကြံစည်သောလူငယ်သည်လည်း မိုက်မဲသော သူသာလျှင် ဖြစ်ချေသည်။ ဥပမာအားဖြင့် လူတယောက်သည် အဖိုးတန်သော အမွေအနှစ်ကို လွှဲပြောင်းခံယူရန်အတွက် အရေးကြီးသော ခရီးတခုကိုသွားရန် ဖြစ်သော်လည်း၊ ထိုခရီးကို မသွားမူ၍ ဆန့်ကျင်သော ခရီးကိုသွားကာ၊ ပါသမျှ ကြေးငွေအားလုံး ကုန်လွန်သဖြင့်၊ အဖိုးတန် အမွေရမည့်နေရာအရပ်သို့ မသွားမရောက်နိုင်တော့ဘဲ အဆုံးအရှုံးခံလိုက်ရပါလျှင် ထိုသူကို သင်အဘယ်သို့ဆိုမည်နည်း။ အမှန်စင်စစ်လျှင် ဤသူသည် မိုက်မဲလှချေ၏။ ငယ်ရွယ်စဉ်မှာ မကောင်းသော အကျင့်ဆိုးများစွဲကပ်စေပြီးမှ ၎င်းတို့ကိုနောင်အခါမှ ကုစားပြုပြင်မည်ဟု တွေးတောကြံစည်သူလည်း ထိုသူကဲ့သို့ပင်မိုက်မဲသူဖြစ်ချေ၏။ သူ၏အကျင့်ဆိုးများကား ဖြတ်တောက်ရန်မလွယ်ကူသည့်လေးလံသော သံကြိုးများနှင့်တူ၏။ ထိုသူသည် ၎င်းတို့ကိုသူ၏ ဘဝခရီးလမ်း တလျှောက်တွင် မိမိ၏မိုက်မဲ ပေါ့လျော့ခဲ့မှုများ အတွက်ဝမ်းနည်းငိုကြွေးခြင်းဖြင့် သယ်ဆောင်သွားရမည်သာဖြစ်၏။
#(ဂ)လယ်သမားသည် တပင်တပန်းချွေးထွက်သံယိုစိုက်ပျိုးထားသော သီးနှံခင်းများသို့မကြာမကြာ သွားရောက်ကြည့်ရှု၏။ သူသည် လယ်ကွင်းများကိုကြည့်လျက် သူ၏အိမ်ထောင်စုကို သင့်တင့်လျောက်ပတ်စွာ ကျွေးမွေးနိုင်လောက်သော အသီးအနှံများရိတ်သိမ်းရမည့် အချိန်ကိုမျှော်လင့်စောင့်ဆိုင်းလျက်ရှိ၏။ ဆကီလာ (Sehiller) လင်္ကာဆရာကြီးက၊ သင့်မြေဩဇာ၌ ပျိုးထားသော ရွှေမျိုးစေ့များကို မြှော်လင့်ချက် အပြည့်နှင့်ကြည့်ပါ။ ထိုအခါ သင်သည်သင်၏မျိုးစေ့များ အပင်အညှောက်ထွက်လာသည်ကို ပျော်မွေ့ခြင်းဖြင့် စောင့်မျှော်လျက်ရှိသည်။ ထွန်ရေးကြောင်းများ တည်းဟူသော အချိန်ကာလတွင် သင်၏ကောင်းမှုတည်းဟူသော မျိုးစေ့ကိုကြဲချရန် နှောင့်နှေးနေဦးမည်လော။ အသိဉာဏ် အမြှော်အမြင်ဖြင့် ကောင်းစွာကြဲချထားသော ဤမျိုးစေ့များမှ ထာဝရအကျိုးအတွက် အသီးအပွင့်ကိုရရှိလိမ့်မည်။” ဟု စပ်ဆိုခဲ့လေသည်။
များစွာသော လူငယ်များသည် ငယ်ရွယ်စဉ်ကပင် ကောင်းသော ပုညမျိုးစေ့များကို ပေါများစွာကြဲချ စိုက်ပျိုးနိုင်ကြပါလေစေ။ လူငယ်တိုင်းငယ်ရွယ်စဉ်အခါကပင် လမ်းမှန်ကိုရွေးချယ်နိုင်ကြပါစေ။ ၎င်းတို့သည် အထူးသဖြင့် လမ်းမှန်၏အစ၌ အတားအဆီး၊ အနှောင့်အရှက်ဒုက္ခများ ကိုကျော်လွှားကြရပေမည်။ သို့ရာတွင် တဖြည်းဖြည်းလွယ်ကူလာပေအံ့။ ခရီးအစတွင် ကျယ်ဝန်းပျံ့ပျူးသော အပြစ်ဒုစရိုက်လမ်းမူကား၊ နောက်ပိုင်း၌ ကြောက်မက်ဘွယ်ရာများ၊ ဝမ်းနည်းပူဆွေးငိုကြွေးရခြင်းများနှင့် ပြည့်ဝ၍နေပေအံ့။
လူငယ်များ၏ မိတ်ဆွေကြီးဒွန်ဘောစကိုသည် လူငယ်များ၏ပညာရေးနှင့် ၎င်းတို့ကိုကယ်တင်ရေးအတွက်သူ၏ တသက်တာကို မြှုပ်နှံခဲ့လေသည်။ တခါတရံ ညအိပ်ပျော်စဉ် လူငယ်များအတွက် နည်းသစ်နည်းကောင်းများကို အိပ်မက်၌ တွေ့ရှိရတတ်သည်။ တစ်ညသ၌ သူသည်အောက်ပါအတိုင်း အိပ်မက်တခုကို မြင်မက်ဘူးလေသည်။ သူသည်လူငယ်များနှင့်အတူ စိတ်ဝင်စားဖွယ်ကောင်းသောခရီးတခုကိုသွားနေစဉ်၊ ညီညာပျံ့ပျူးသော မြက်ခင်းတခုသို့ ရောက်ရှိကြ၏။ လူငယ်ကလေးများသည်၊ တိရစ္ဆာန်အမျိုးမျိုးနှင့်ဘက်တွဲလျက် ထမ်းပိုးလျှိုထမ်းကာ ဝန်ရုန်းနေကြသည်။ ဥပမာမဖြူစင်သော လူငယ်များသည် ဝက်များနှင့်လည်းကောင်း၊ ခေါင်းမာသော လူငယ်များသည် မြည်းများနှင့်လည်းကောင်း စသည်အားဖြင့်တွဲဘက်ရုန်းဆွဲကြ၏။ မြင်တွေ့ရသောပန်းများမှာအလွန် လှပကြသော်လည်း အနံ့ဆိုးဝါးကြ၏။ ထို့အတူ အသီးများသည် စားချင်စဘွယ်ကောင်းသော်လည်း အရသာမှာမခံနိုင်အောင်ရှိ၏။ ထိုအရပ်မှ အောက်သိုဆင်းသောလမ်းသည် ကျယ်၍ပျံ့ပျူးသာယာလျက်၊ များစွာသောလူများသည် ကခုန်မြူးတူးခြင်းနှင့်၎င်းလမ်းကို လျှောက်သွားနေကြ၏။ ထိုလမ်းမှာ ငရဲသို့သွားရာလမ်းဖြစ်ကြောင်း သိမြင်သဖြင့်၊ သူသည် သူ၏လူကလေးများကိုခေါ်ပြီးလျှင် ထိုနေရာမှ အမြန်ထွက်ခွာခဲ့လေသည်။ မကြာမှီသူတို့သည် ကျဉ်းမြောင်းလှသောလမ်းမြှောင်ကလေး တခုသို့ရောက်ကြ၏။ ထိုလမ်းတွင် အခြားတဘက်ရှိတောင်သို့ကူးရန် ကြောက်မက်ဘွယ် အလွန်နက်စောက်သောချောက်ကြီး တခုကိုဖြတ်ကျော်ထားသည့် ကျဉ်းမြောင်းသော တံတားတခုရှိ၏။ လူကလေးများသည် ကြောက်ရွံ့စွာဖြင့် တယောက်ပြီးတယောက် တံတားကိုဖြတ်ကျော်ကြပြီးနောက်၊ တဘက်သို့ရောက်သောအခါ အလွန်မြင့်လှသော တောင်တတောင်ကို စတင်တက်ကြရပြန်၏။ အချို့နေရာများ၌ကြီးမားသော ကျောက်တုံးကြီးများ ကန့်လန့်ရှိနေခြင်း၊ အချို့နေရာ၌ တောင်တက်ခရီးမှာ အလွန်မတ်စောက်လွန်းခြင်း၊ အချို့နေရာများ၌ ချွန်ထက်သောဆူးများရှိသည့်ခြုံများကိုသတိနှင့် တိုးလျှိုးသွားရခြင်းစသော ဒုက္ခများကိုအစပဋ္ဌမတွင် ကွေ့ကြုံကြရ၏။
နေရာတိုင်းလောက်နီးနီး တောင်တက်ခရီးမှာ မတ်စောက်၏။ ကလေးများလည်း ကြံ့ခိုင်သောဇွဲဖြင့် တွယ်ကပ်တက်ရောက်ခဲ့ကြရာ နောက်ပိုင်းတွင်အတားအဆီး အခက်အခဲများ တဖြည့်ဖြည့်နည်းပါးလျက်၊ ခရီးမှာ ပြေပြစ်လွယ်ကူလာကြောင်းကွေ့ရလေသည်။ အတန်ကြာလျှင် သက်သာလွယ်ကူစွာဖြင့်လျှောက်သွားနိုင်သော လူသွားလမ်းကလေးတခုကို ရောက်ကြလေသည်။ အခြားသူများလည်း ထိုလမ်းဖြင့် တက်ရောက်နေသည်ကိုတွေ့ကြရ၏။ တောင်ထိပ်သို့ ရောက်ကြလျှင် ပွဲလမ်းသဘင်တို့ဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်းကို ခံကြရ၏။ ထိုအခြင်းအရာကို မြင်ရသောလူကလေးများလည်း ထိုလမ်းကို စွဲစွဲမြဲမြဲတက်ရန် စိတ်အားတက်ကြွလာကြ၏။
ဤအကြောင်းအရာသည် အိပ်မက်တခုပင်ဖြစ်သော်လည်း၊ လူငယ်များအား ငယ်ရွယ်စဉ်ကပင် ၎င်းတို့တသက်တာ ခရီးအတွက်အဘယ်လမ်းကို လိုက်ရမည့်အကြောင်းကို ရှင်းလင်းစွာဘော်ပြပေ၏။ အချို့လူများသည်အာရုံငါးပါးကို ခံစားသောဘဝမျိုးဖြင့်နေထိုင်အသက်ရှင်လိုကြ၏။ အချို့တို့မှာ ဆင်ခြင်တုံတရား ကင်းမဲ့သော တိရစ္ဆာန်ဘဝမျိုးကို နှစ်သက်ကြ၏။ ၎င်းတို့သည် အပြစ်ဒုစရိုက်တည်းဟူသောလမ်းကျယ်ကို လိုက်ကြသဖြင့် တဆင့်ထက်တဆင့် အောက်သို့နိမ့်ကျကာနောက်ဆုံး၌ တရားသောအပြစ်ဒဏ် စီရင်ရာဌာန ငရဲသို့ကျရောက်ကြလေသည်။ ရဲရင့်၍ စိတ်သဘောကောင်းရှိသူ အချို့မှာ ကောင်းမှုပါရမီတည်းဟူသော ကျဉ်းမြောင်းမတ်စောက်သည့် တောင်တက်ခရီးကိုတတ်နိုင်သမျှကြိုးစားတက်ရောက်ကြ၏။ ၎င်းတို့သည် ခရီးအစ၌ အတားအဆီး အခက်အခဲများကြောင့်၊ ပင်ပန်းနွမ်းနယ်ခြင်းရှိကြသော်လည်း တဖြည်းဖြည်း သက်သာ လွယ်ကူကာနောက်ဆုံး၌ ထာဝရအေးချမ်းသာယာသော ပျော်မွေ့ခြင်းချမ်းသာကို စံစားနိုင်သည့် သုခဘုံတောင်ထိပ်သို့ ရောက်ရှိကြလေသည်။
အချုပ်အားဖြင့်ပြောရသော် လူငယ်တိုင်း ငယ်စဉ်ကစ၍ တသက်တာ ခရီးတွင် မည်သို့သောအစီအစဉ်ဖြင့်ရွေးခြယ်သင့်ကြပါသနည်း။ လူတိုင်းတဦးစီ တဦးစီ အောက်ပါအတိုင်းထုတ်ဘော်မြွက်ဆိုသင့်ကြလေသည်။ ကျွန်ုပ်တို့သည် မကောင်းမှုကိုရှောင်ကြဉ်၍ ကောင်းမှုကိုပြုရန်နိုးဆော်လျက်ရှိသော အသိညာဉ်၏ အသံကို နားထောင်လိုက်နာရာ၌ မည်သို့သော ဒုက္ခအခက်အခဲမျိုးကို ခံစားရစေကာမူ ခံယူရန် အသင့်ရှိပါသည်။ ကျွန်ုပ်၏ အသက်ရှင်နေရမှုကို မြတ်စွာဘုရားသခင် တည်ရှိတော်မူခြင်းကိုသာ ဗဟိုပြုလျက် ကိုယ်တော်နှစ်သက် တော်မူသော ဘာသာကိုသာ မည်သို့သော ကြပ်တည်းမှုရှိစေကာမူ လိုက်နာပါမည်။ အကြောင်း မှာဘုရားသခင်တပါးတည်းသာလျှင် ကျွန်ုပ်အား အထူးသဖြင့် သုခချမ်းသာအစစ်ကိုပေးနိုင် စွမ်းရှိပါသည်။ ကျွန်ုပ်သည်ရိုးသားသဖြင့်သုခချမ်းသာ အစစ်ကိုပေးနိုင်စွမ်းရှိပါသည်။ ကျွန်ုပ်သည်ရိုးသား၍ စင်ကြယ်သော ဘဝအသက်ရှင်မှုပါရမီများဖြင့် ကြွယ်ဝစွာ တန်ဆာဆင်လျက် တနေ့ထက်တနေ့ အမြင့်သို့တက်ရန် အလိုရှိပါသည်။
ဥပဒေသကထာ။
(၁) ကြံချောင်းရှိစဉ် ကြံကြိတ်စက်ကို လှည့်ပါ။ (Indian Proverb )
(၂) နွေဥတု၏ ပရွက်ဆိတ်ကဲ့သို့ ပြုပါ။ (Arabian Proverb)
(၃) ယခုခေတ် လူငယ်များသည် ခြင်္သေ့ကဲ့သို့ ကိုယ်အင်္ဂါသန်စွမ်းကြ၍ ယုန်သူငယ်ကဲ့သို့ ကိုယ်ကျင့်တရား၌ အားနည်းကြ၏။
(၄) သင်လုပ်သမျှဘယ်အရာမဆို ရည်ရွယ်ချက်ကို သတိပြုပါ။ ( Eccli )
(၅) အိုဘုရားမြတ်စွာသခင် တပည့်တော်သည် ကိုယ်တော်အတွက်ဖန်ဆင်းခြင်း ခံရသည်ဖြစ်ပါ၏။ ကိုယ်တော်အထံတော်၌ နားနေခိုလှုံခွင့် မရသေးသမျှကာလပတ်လုံး တပည့်တော်၏ နှလုံးသည်စိုးရိမ်ပူပန်ခြင်းရှိပါ၏။ (St. Augustine )
(၆) လူသည်အသက်ကို ရင်းနှီးငွေအနေဖြင့်ရရှိ၏။ သို့ရာတွင် ၎င်းသည်ပြန်၍ပေးဆပ်ရမည့် ငွေတရပ်ဖြစ်သည်။ (Plutarch )
(၇) လူသည်စကြာဝဠာအားလုံကို အစိုးရသော်လည်း မိမိ၏ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။ (Matthew )
(၈) လောကီပစ္စည်းကိုအသုံးပြုပါ။ သို့ရာတွင် ထာဝရပစ္စည်းကို တောင့်တပါ။
(၉) လောကရှိမည်သည့်ပစ္စည်းကမျှ သင့်အားလိုအင်ဆန္ဒပြည့်ဝစေမည်မဟုတ်၊ အကြောင်းမှာ သင်သည် ၎င်းတို့ကို စံစားရန်အတွက် ဖန်ဆင်းခြင်းခံရသည် မဟုတ်ချေ။ (Kempis )
(၁၀) လူငယ်သည်ကြီးလာသောအခါ၌လည်း ငယ်စဉ်ကစတင်ခဲ့သောလမ်းကိုသာ လိုက်မည်ဖြစ်၏။ (Proverb)
(၁၁) ဒုစရိုက် မျိုးစေ့ကိုသာကြဲချသူသည် အကုသိုလ်တည်းဟူသောအသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။ (Proverb)
(၁၂) လူငယ်၏ဘဝ တသက်တာလုံးသည်မိမိအသက် ၁၆- နှစ်နှင့် အနှစ် ၂၀ အတွင်း က လက်ခံခဲ့သော အရာနှစ်ခုသုံးခုအပေါ်၌ အမှီပြုလျက်ရှိ၏။ (Baunard)
(၁၃) တောစပါးလို၊ မြို့စပါကြဲ။ ( ကိုယ်ကျိုးရလိုလျှင်၊ သူ့အကျိုးဆောင်) သုခကိုလိုလျှင် ဒုက္ခကို အရင်းတည်ရမည်။
(၁၄) လသာတုံးဗိုင်းငင်။
(၁၅) အခြေကောင်းမှ အနေကောင်းသည်၊ အောက်ခြေတင့်မှအထက်မြင့်၏။
၁။ သင်၏ဘဝအသက်ရှင်မှုပြသနာကို မည်သူဖြေရှင်းပေးမည်နည်း။ ပုံဝတ္ထုထဲမှ မင်းသားသည် သူ၏အနာဂတ်ချမ်းသာရေးကို အဘယ်သို့ဖန်တီးသနည်း။
၂။ သဲကန္တာရ၌ ပျောက်ဆုံးနေသောလူငယ်အား အဘယ်မေးခွန်းသုံးခုကိုမေးကြသနည်း။ ထိုမေးခွန်းသုံးခုကိုအဘယ်သို့ဖြေဆိုမည်နည်း။ လူတိုင်းဘုရားသခင်ထံမှလာ၍ ကိုယ်တော်အထံပြန်သွားကြရမည်ကိုထောက်လျှင် လက်တွေ့အကျိုးများကားအဘယ်နည်း။ ၎င်းတို့ကို အဘယ်သို့ပြုရမည်နည်း။
၃။ ဘဝအသက်ရှင်မှုပြသနာကို လူဘယ်နှစ်စုအဖြေမှားကြသနည်း။ ဥပမာအချို့ကိုဘော်ပြ၍ ဖြေဆိုပါ။
၄။ ဤဘဝအသက်ရှင်နေမှု၏ပြသနာကို အမျိုးမျိုးဖြေရှင်းကြပုံ အတိုချုပ်ဘော်ပြ၍၊ မည်သည့်အဖြေမှန်ကြောင်းထုတ်ပြပါ။
၅။ ဤဘဝတသက်တာခရီးအတွက်လိုက်ရမည့်လမ်းကို အဘယ်သောအခါရွေးခြယ်ဆုံးဖြတ်ရမည်နည်း။ အဘယ်ကြောင့်ဤမျှလောက်အစောအလျင်ဆုံးဖြတ်သင့်သနည်း။
၆။ ဒွန်ဘောစကို၏ အိမ်မက်သည် သင့်အားအဘယ်အရာကို သင်ပြသနည်း။ မည်သည့်အရာသည်သင်၏ တသက်တာအတွက်အစီအစဉ်ဖြစ်ရမည်နည်း။