#Heroic Catholic priest described as a ‘guardian angel’ in WWII is beatified #ဒုတိယကမ္ဘာစစ်က သူရဲကောင်းကက်သလစ်ဘုန်းတော်ကြီးအား သူတော်မြတ်အဖြစ်တင်မြောက်
ထိုအချိန်ကား (၁၉၄၃) ခုနှစ်၏ တစ်ခုသောဆောင်းတွင်းကာလဖြစ်သည်။ မဟာမိတ်အဖွဲ့သည် နာဇီများ တပ်အခိုင်အမာခြေကုပ်ယူထားသော အီတလီနိုင်ငံ၏မြို့ကြီး တစ်မြို့ဖြစ်သော ‘ဘိုလိုးညာ’ ကို မညှာမတာဗုံးများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး အပြီးအပိုင်မောင်းထုတ်ရန်ကြိုးစားနေချိန်ဖြစ်သည်။ နိုင်ငံကိုပြန်လည်ကယ်တင် ရေးအတွက် ကာကွယ်ရေးတာ၀န်ကိုစစ်တပ်များက ကျားကုပ်ကျားခဲကြိုးစားနေချိန်တွင် ၀ိညာဉ်များအားကာ ကွယ်ရေးတာ၀န်ကိုယူထားသော သက် (၂၈) နှစ်သာရှိသေးသည့် အီတလီလူမျိုးရဟန်းပျိုတစ်ပါးသည် စစ်ပြေးနေရ ၍ မသွေးလည်းမသွေးအား။ မသုံးလည်းမသုံးဖြစ်ဘဲပစ်ထားသော ပေါက်ချွန်းဖြင့်ကြွင်းကိုခဲရာခက်ဆစ်တူးရှာသည်။ ထိုကြွင်းကိုတူးရခြင်းမှာ သူအတွက်အလွန်တန်ဖိုးကြီးမားသော ပုလဲရတနာနှင့်တူသော အပြစ်မဲ့ပြီး၊ အကာအကွယ်မဲ့ ပြည်သူများ ဗုံးခိုနိုင်စေရန်ဖြစ်သည်။
ထိုရဟန်းပျိုကား ဖာသာရ်ဂျိုးဗားန္နီဖော်နာစီးနီ (Giovanni Fornasini) ဖြစ်သည်။ နာဇီများလက်ဦးမူရ၍ ၄င်းတို့၏တပ်များဖြန့်ကျက်ထားသည့်ကာလ၌ ပြည်သူများအတွက်ကျီးလန့်စာစားရသောဘ၀ဖြစ်နေခဲ့သည်။ ထို့ ကြောင့်ဖာသာရ်သည် ဘာသာတူများ၊ ဘာသာမတူသော်လည်း စစ်ဘေးရှောင်များရှိသည့်နေရာများသို့ သူ၏စက်ဘီး တစ်စီးဖြင့် သက်စွန့်ဆံဖျားအရောက်သွားကာ ကူညီခဲ့၊ အားပေးနှစ်သိမ့်ပေးခဲ့သည်။ နာဇီတို့သည် (၁၉၄၄၊ စက်တင် ဘာလ ၂၉ မှသည် အောက်တိုဘာလ ၅) ရက်အတွင်း Marzabotto ရွာမှအီတလီလူမျိုး (၇၇၀) ဦးကိုအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့သည်။ ထိုအခင်း၌သတ်ဖြတ်ခံရသောသူများ၏အလောင်းကိုမြှုပ်နှံမည့်သူရှိသော်လည်း ကြောက်ရွံ့ သောကြောင့် အဘယ်သူများမျှ ရဲရဲတင်းတင်းသဂြိုလ်ရန်မ၀ရဲကြပေ။ ထို့ကြောင့် ဖာသာရ်က ထိုသတ်ဖြတ်ခံရသော သူတို့၏အလောင်းအားလုံးကို ကောင်းကြီးပေးခွင့်နှင့်သဂြိုလ်ခွင့်ကို ဗိုလ်မှူးတစ်ဦးထံမှခွင့်ပြုချက်ရရှိခဲ့ပြီး သဂြိုလ် ရန်သွားခဲ့သည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုခရီးကိုပြုသွားသည့်နေ့မှစ၍ သူ၏သတင်းအစနလည်းမရခဲ့တော့ ပေ။ သူ၏အသက်မဲ့ခန္ဓာကိုမူ (၁၉၄၅) ခု ကမ္ဘာစစ်ကြီးပြီးဆုံးခါနီးမှသာပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့ဖော် ထုတ်ပြီးနောက် ခန္ဓာကိုယ်ကိုပြန်လည်စစ်ဆေးကြည့်ရာ သက်တော်မကုန်ဆုံးမီ၌ ရက်စက်စွာထုထောင်းရိုက်နက်နှိပ် စက်ထားသည့်ဒဏ်ရာများကိုတွေ့ရှိခဲ့သည်။
ဤသူရဲကောင်းဘုန်းတော်ကြီးကို ယခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့၌ သတ်မှတ်ထားခဲ့ သည့်အတိုင်း ကာဒီနယ် Marcello Semeraro မှ ဘိုလိုးညာရှိ ဆန်ပေထရိုးနီယို () ဘာစီးလီကာတွင် သူတော်မြတ်အဖြစ်တင်မြောက်ခဲ့သည်။ ကိုးဗစ်ရောဂါကာကွယ်ရေးဥပဒေကြောင့် ထိုသူတော်မြတ် တင်မြောက်သည့် ၀တ်ပြုဆုတောင်း ခြင်းအခမ်းအနားကိုမူ ခွင့်ပြုနိုင်သောဦးရေများသာပါ၀င်ပြီး၊ ရုပ် သံနှင့်လိုင်းမှသာတိုက်ရိုက်ထုတ်လွှင့် ခဲ့သည်။ ကာဒီနယ်က သူ၏မစ္ဆားအတွင်းဟောကြားသောတရား၌ ဤသူတော်မြတ်သည် သူ့သာသနာ အုပ်စုဖြစ်သည်မှ ဘာသာ ၀င်များအတွက် ကိုယ်စောင့်သိကြားဖြစ် သည်။ သူသည် ခွဲခြားဆက်ဆံခြင်းကို မလိုလားသောသူဖြစ်သောကြောင့် ထိုလူနေမူ၊ အုပ်ချုပ်မူစနစ်ကို လိုအားသူများ၏အမုန်းပွားမူကိုခံခဲ့ရ သည်။ စစ်ဘေးဒုက္ခသည်များ၊ အိုးအိမ်စွန်၍ထွက်ပြေးတိမ်းရှောင် သူများအား ဂရုစိုက်ပြုစုခဲ့သည်။ စောင့်ရှောက်ပေးခဲ့သည်။ သူသည် စစ်ရေးမည်မျှပင်တင်းမာနေစေ ကာမူ သူ၏သိုးစုနှင့်မစ္ဆားပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ စက္ကရာမင်တူးများကျင်းပပေးခြင်း၊ စိတ်ပုတီးစိပ် ခြင်းကိုမပြတ်ပြုလုပ်ခဲ့သည်။ ဆက် လက်၍သွေးထွက်သံယိုမူများမဖြစ်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ မျှနှင့်ကျိုးစားဟန့်တားခဲ့သည်။
သူမြတ်တင်မြောက်ခြင်း အခမ်းအနားအတွင်း၌ သူအသုံးပြုခဲ့သောစက်ဘီး၊ ဖန်ခွက်များနှင့်မဂ် လာရေထည့်သည့်ဗူးများကိုကြည်ညိုခံထားသည်။ ထိုမဂ်လာရေဗူးသည် သူ၏အသက်မဲ့ခန္ဓာ၌တွေ့ရှိ သောဓာတ်တော်ဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ကိုယ်တိုင်ဤ သူတော်မြတ်တင်မြောက်ခြင်း၌မဦးဆောင်နိုင်သော် လည်း သ၀တ်လွှာပေးပို့ခဲ့သည်။ ထိုသ၀တ်လွှာထဲ၌ ယနေ့သူတော်မြတ်၏ပွဲနေ့ကို အောက်တိုဘာလ (၁၃) ရက်အဖြစ်ကျင်းပရန်သတ်မှတ်ကြောင်းဖော်ပြထားသည်။
ဤသူတော်မြတ်အား (၁၉၁၅) ဘိုလိုးညှာတွင်မွေးဖွားခဲ့သည်။ ငယ်စဉ်က အတန်ထဲ၌စာအတော် အားနည်းသူအဖြစ်သိကြသည်။ သူသည် ကျောင်းထွက်ပြီးနောက် ခေတ်မှီကြီးမားသောဟိုတယ်တစ်ခု၌ ဓာတ်လှေခါးဖွင့်ပိတ်လုပ်ပေးသော၀န်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခြံသည်။ ထိုနောက်မှသာ ရဟန်းဖြစ် သင်ကျောင်းသို့၀င်ရောက်ပြီး (၁၉၄၂)၊ သက်တော် (၂၇) တွင် ထာ၀ရရဟန်းသိက္ခာထပ်ခြင်းကိုခံယူခဲ့သည်။