Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၄)ပထမပိုင်း #၁။ ကိုယ့်ကိုယ်တိုင်အကြောင်း သိရန်လိုအပ်ခြင်း။

လူကလေးများစွာတို့သည် လှပသောမော်တော်ဆိုက်ကယ်များကို ဝယ်ယူစီးနင်းလိုကြပေသည်။ ၎င်းတို့သည် မရရှိသေးမှီအချိန်က ရလျှင် အပေါင်းအဖော်များနှင့် အမြန်စီးပြိုင်ရန်၊ အပျော်ခရီးထွက်ရန် စိတ်ကူးယဉ် တတ်ကြသည်။ အကယ်၍ ၎င်းတို့သည် မော်တော်ဆိုင်ကယ်မရရှိသေးမှီ၊ ၎င်းတို့အဘယ်သို့ကိုင်တွယ်ရမည် စက်တွင် အဘယ်အစိတ်အပိုင်းသည် အဓိကအရေးကြီးသည်၊ စသည်များကို ရှေးဦးစွာ နားလည် ကျွမ်းကျင်အောင် လေ့ကျင့်မှုမရှိခဲ့ပါလျှင်၊ ရရှိစီးနှင်းရသည့်အခါ လမ်းတည့်တည့်မစီးနိုင်ဘဲ၊ မြောင်းထဲသို့ထိုးကျခြင်း၊ သစ်ပင်လူစသည်တို့နှင့် တိုက်ခိုက်ဒဏ်ရာရခြင်း၊ စက်အနည်းငယ်ချို့ယွင်းသည်ကို မပြင်ဆင်တတ်သဖြင့် လမ်းခရီး၌စက်ရပ်သွားခြင်း စသည့်ဒုက္ခများကို မလွဲမရှောင်သာ တွေ့ရပေမည်။ လူအားလုံးပင် မော်တော်ဆိုင်ကယ်ထက် အတိုင်းမသိအဆများစွာ အဘိုးထိုက်သော ရတနာကို ပိုင်ဆိုင်သူများဖြစ်ကြသည်။ ၎င်းတို့သည် လူစက်ဆရာများ တီထွင်ထားသော အားလုံးထက်သာလွန်အကျိုးပြုနိုင်သည့် ကာယနှင့်ဝိဉာဉ်ကို ပိုင်ဆိုင်ကြ၏။
ကျွန်ုပ်တို့သည် ကာယနှင့် ဝိညာဉ်၏အကျိုးထူးကို ခံစားလိုလျှင် ၎င်းတို့ကို ကောင်းစွာအသုံးချတတ်ရမည်။ ထို့ကြောင့် လက်ဦးပဌမ ၎င်းတို့အကြောင်းကိုကောင်းစွာ သိရှိထားရန်လိုအပ်ပေသည်။ ၎င်းတို့အကြောင်းကောင်းစွာမသိရှိပါမူ သူတို့ ကြောင့်ကောင်းကျိုးမခံရဘဲ ကြောက်မက်ဘွယ်ဆိုးကျိုးကို ခံရမည်မှာ မလွဲဧကန်ဖြစ်သည်။ အကယ်၍ တစုံအယောက်သည် ကောင်းသောကိုယ်ကျင့်သိက္ခာကို ဆောက်တည်လိုငြားအံ့၊ သူ၏ကာယနှင့်ကိုယ်ကျင့် သိက္ခာဆိုင်ရာ ဂုဏ်သတ္တိများ၊ သူ၏ကိလေသာ အာရုံများ၊ သူ၏ပင်ကိုယ်သဘာဝများကို ကိုယ်တိုင် သိမြင်ထားရမည်။
ဒယ်လ်ဖူးအရပ်ရှိ ဇရပ်တခု၏မျက်နှစာတွင် “သင့်အကြောင်းကို သင်သိပါ“ ဟူသော စာတမ်းတခုကို ရေးထိုးထားသည်ကို တွေ့ရလေသည်။ ဤလေးနက်လှသောအသိပေးချက်ကလေးသည် ယခုခေတ်တွင် ပို၍အရေးကြီးလာပေသည်။ လူ၏ဉာဏ်ပညာအစစ်အမှန်တွင်၊ မိမိအကြောင်းကို မိမိကိုယ်တိုင်သိမြင်တတ်ခြင်းလည်း ပါဝင်လေသည်။
လူသည်ကစားခုန်စားအမျိုးမျိုး ၊ အလုပ်အကိုင်အမျိုးမျိုး၊ ကမ္ဘာအရပ်ရပ်၏ အဖြစ်အပျက်များ၊ ခက်ခဲရှုပ်ထွေးသော စက်ကရိယာအစုံစုံတို့အကြောင်းကို သိငြားသော်လည်း ကိုယ်ကိုယ်တိုင်အကြောင်းကိုကားမသိ။ ကိုယ့်ကိုယ်ကို အဘယ်သို့အုပ်ထိန်းရမည်ကို နားမလည်ခဲ့လျှင်အဘယ်အကျိုးရှိအံ့နည်း။ ကိုယ့်ကိုယ်ကို နိုင်နင်းရန်မှာ အလွန်ရှုပ်ထွေး ခက်ခဲလှသည်။ ကိုယ့်အကြောင်းကို ကိုယ်တိုင်သိမြင်နားလည်ထားသူသာလျှင် ကိုယ့်ကိုယ်ကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်သည်။ လူဆိုသည် အဘယ်ပုဂ္ဂိုလ်နည်း၊ ငါသည်အဘယ်သူနည်းဟူသော မေးခွန်းများသည် ကိုယ်နှင့်တိုက် ရိုက်သက်ဆိုင်သော မေးခွန်းများဖြစ်ကြ၏။ ဤမေးခွန်းများကို စုံလင်စွာမဖြေနိုင်ခဲ့လျှင် အသရည်နိမ့်ဘွယ်၊ ရှက်ဘွယ်ကောင်းလှလေသည်။ ငါသည်အဘယ်သူဖြစ်ကြောင်း သိရှိထားခြင်းအားဖြင့်သာလျှင် အစဉ်အမြဲ မိမိဂုဏ်သိက္ခာနှင့် ညီလျော်စွာ ကျင့်ကြံပြုလုပ်နိုင်ပေမည်။
လူဆိုသည်မှာ အထွေထွေသောအကြောင်းအရာတို့ကို ခွဲခြမ်းသိမြင်ဆင်ခြင်တတ်သော ရုပ်နာမ်နှင့်တကွ ဖြစ်သော သတ္တဝါကို လူခေါ်သည်။ ၎င်းသည်ရုပ်ဝတ္ထုနှင့် ဝိညာဉ်၏ပေါင်းကူတံတားနှင့်တူ၏။ လူသည်ဝတ္ထုချည်း လည်းမဟုတ်၊ နာမ်ဝိညာဉ်သက်သက်လည်းမဟုတ်၊ ရုပ်နာမ်နှစ်ပါး ပေါင်းစပ်ထားသောသတ္တဝါဖြစ်သည်။

ဆက်ရန်...

ဆောင်းပါးများ